ယောဟန် 19
19
1ထို့နောက် ဘုရင်ခံပိလတ်သည် ကိုယ်တော်ယေရှုအား ခေါ်ထုတ်ကာ ဒဏ်ခတ်ရိုက်နှက်စေ၏။ 2စစ်သားတို့သည်လည်း ဆူးခက်ဆူးကိုင်းများကို သရဖူကဲ့သို့ရစ်ခွေကာ ကိုယ်တော်၏ဦးခေါင်းပေါ်၌ ဆောင်းစေ၍ ခရမ်းရောင်ဝတ်ရုံကို ခြုံစေပြီးလျှင် 3ကိုယ်တော်ထံသို့ ချဉ်းကပ်လျက် “ဂျူးလူမျိုးတို့၏ဘုရင်၊ မင်္ဂလာရှိစေသတည်း” ဟုလှောင်ပြောင်ပြောဆိုကြပြီး ကိုယ်တော်အား ရိုက်နှက်ကြလေ၏။
4ထို့နောက် ပိလတ်သည်လည်း တစ်ဖန်အပြင်သို့ပြန်ထွက်လာ၍ “နားထောင်ကြလော့၊ ဤသူ၌မည်သည့်ပြစ်မှုကိုမျှ ငါမတွေ့ကြောင်း သင်တို့သိစေဖို့ သူ့ကို သင်တို့ရှိရာသို့ ခေါ်လာမည်” ဟုဆိုလေ၏။ 5ကိုယ်တော်ယေရှုသည်လည်း ဆူးခက်များဖြင့်ပြုလုပ်ထားသော သရဖူနှင့် ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်လျက် အပြင်သို့ထွက်လာ၏။ ပိလတ်ကလည်း “ကြည့်လော့၊ ဤသူပင်တည်း” ဟုဆိုလေ၏။
6ထိုအခါ ပုရောဟိတ်အကြီးအကဲတို့နှင့် အစောင့်တပ်သားတို့သည် ကိုယ်တော်ကိုမြင်သည်နှင့် “ဤသူကို လက်ဝါးကပ်တိုင်ပေါ်တင်၍ သတ်လိုက်ပါ။ လက်ဝါးကပ်တိုင်ပေါ်တင်၍ သတ်လိုက်ပါ” ဟုအော်ဟစ်ကြ၏။
ပိလတ်ကလည်း “ငါသည် ဤသူ့ထံ၌ မည်သည့်ပြစ်မှုမျှ မတွေ့သဖြင့် သူ့ကို သင်တို့ကိုယ်တိုင်သာ ခေါ်ဆောင်၍ စီရင်ကြလော့” ဟုဆိုလေ၏။
7ထိုအခါ ဂျူးလူမျိုးအကြီးအကဲတို့က “အကျွန်ုပ်တို့၌ ပညတ်တရားရှိပါ၏။ ဤသူသည် မိမိကိုယ်ကို ဘုရားရှင်၏သားတော်ဖြစ်သည်ဟု ဆိုသောကြောင့် ထိုပညတ်တရားအရ သေထိုက်ပါ၏” ဟုပြန်လည်လျှောက်တင်ကြ၏။
8ဘုရင်ခံပိလတ်သည်လည်း ထိုစကားကိုကြားရသောအခါ ယခင်ကထက် ပို၍ကြောက်ရွံ့လာသဖြင့် 9သူသည် ရုံးတော်ထဲသို့ ပြန်ဝင်ကာ ကိုယ်တော်ယေရှုအား “သင်သည် မည်သည့်အရပ်မှလာသနည်း” ဟုမေးလေ၏။ သို့သော် ကိုယ်တော်က မည်သို့မျှ ပြန်လည်ဖြေကြားခြင်းမရှိပေ။ 10ထို့ကြောင့် ပိလတ်က “သင်သည် ငါ့ကိုစကားမပြောဘဲနေသလော။ ငါ၌ သင့်ကိုလွှတ်ပေးနိုင်သောအာဏာရှိပြီး လက်ဝါးကပ်တိုင်ပေါ်၌ တင်နိုင်သောအာဏာလည်း ရှိသည်ကို သင်မသိသလော” ဟုဆို၏။
11ထိုအခါ ကိုယ်တော်က “အထက်အရပ်မှ အခွင့်ပေးထားခြင်းမရှိလျှင် သင်သည် ငါ့အပေါ် မည်သို့မျှမပြုနိုင်ရာ။ ထို့ကြောင့် ငါ့ကို သင့်လက်သို့ အပ်နှံသောသူသည် သာ၍ကြီးသောအပြစ်ရှိသည်” ဟု မိန့်တော်မူ၏။
12ထိုအခါမှစ၍ ပိလတ်သည် ကိုယ်တော်ကို လွှတ်ပေးရန်ကြိုးစားသော်လည်း ဂျူးလူမျိုးအကြီးအကဲတို့က “ဤသူ့ကို လွှတ်လျှင် အသင်သည် ဧကရာဇ်၏ဘက်တော်သားမဟုတ်။ မိမိကိုယ်ကို ရှင်ဘုရင်ဖြစ်သည်ဟု ဆိုသောသူသည် ဧကရာဇ်ကို ဆန့်ကျင်သူပင်ဖြစ်သည်” ဟုဟစ်အော်ပြောဆိုကြလေ၏။
13ပိလတ်သည်လည်း ထိုစကားကို ကြားသောအခါ ကိုယ်တော်ယေရှုကို အပြင်သို့ခေါ်ဆောင်လာကာ ဟေဘရူးဘာသာစကားအားဖြင့် ဂဗ္ဗသအမည်ရှိသည့် ကျောက်ခင်းထားသည့်စင်မြင့်ဟု အဓိပ္ပါယ်ရသောနေရာရှိ တရားသူကြီးထိုင်သောထိုင်ခုံ၌ ထိုင်လေသည်။ 14ထိုနေ့သည် ပသခါပွဲတော်အတွက် ပြင်ဆင်ရာနေ့ဖြစ်ပြီး အချိန်ကား မွန်းတည့်ချိန်ဖြစ်၏။
ပိလတ်ကလည်း ဂျူးလူမျိုးတို့အား “သင်တို့၏ရှင်ဘုရင်ကို ကြည့်လော့” ဟုဆိုလျှင်
15သူတို့က “သူ့ကိုသတ်ပါ။ သူ့ကိုသတ်ပါ။ လက်ဝါးကပ်တိုင်ပေါ်မှာတင်လိုက်ပါ” ဟုဟစ်အော်ကြလေ၏။
ပိလတ်ကလည်း “သင်တို့၏ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်ပေါ်တွင် တင်ရမည်လော” ဟုတဖန်မေးသော်
ပုရောဟိတ်အကြီးအကဲတို့သည် “အကျွန်ုပ်တို့၌ ဧကရာဇ်မှတစ်ပါး အခြားရှင်ဘုရင်မရှိ” ဟုဆိုကြလေ၏။
လက်ဝါးကပ်တိုင်ပေါ်တင်ခြင်း
16ထိုအခါ ပိလတ်သည်လည်း ကိုယ်တော်ယေရှုအား လက်ဝါးကပ်တိုင်ပေါ်၌ တင်စေရန် သူတို့လက်သို့ အပ်လေသဖြင့် သူတို့သည် ကိုယ်တော်ကို ခေါ်ဆောင်သွားကြ၏။ 17ကိုယ်တော်သည် လက်ဝါးကပ်တိုင်ကို ကိုယ်တိုင်ထမ်းလျက် ဦးခေါင်းခွံအရပ်ဟုခေါ်သောနေရာသို့ ထွက်ခွာတော်မူ၏။ ထိုအရပ်ကို ဟေဘရူးဘာသာစကားဖြင့် ဂေါလဂေါသဟုခေါ်သည်။ 18သူတို့သည် ထိုအရပ်၌ ကိုယ်တော်ကို အခြားသောသူနှစ်ဦးနှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌ တင်ကြလေ၏။ ထိုသူနှစ်ဦးသည် ကိုယ်တော်၏တစ်ဖက်တစ်ချက်စီ၌ ရှိ၍ ကိုယ်တော်သည် အလယ်၌ရှိလေ၏။
19ပိလတ်သည်
“ဂျူးလူမျိုးတို့၏ရှင်ဘုရင်၊ နာဇရက်မြို့သားယေရှု”
ဟုရေးသားထားသောကမ္ပည်းကို ကိုယ်တော်၏လက်ဝါးကပ်တိုင်ပေါ်၌ တပ်ထားလေ၏။ 20ကိုယ်တော်ယေရှုကို လက်ဝါးကပ်တိုင်ပေါ်၌ တင်ကြသောအရပ်သည် မြို့နှင့်နီးသည့်အပြင် စာကိုလည်း ဟေဘရူးဘာသာ၊ လက်တင်ဘာသာနှင့် ဂရိဘာသာတို့ဖြင့် ရေးထားသည်ဖြစ်၍ များစွာသောဂျူးလူမျိုးတို့သည် ထိုကမ္ပည်းကိုဖတ်ကြ၏။ 21ထို့ကြောင့် ဂျူးပုရောဟိတ်အကြီးအကဲများက ပိလတ်အား “‘ဂျူးလူမျိုးတို့၏ရှင်ဘုရင်’ ဟုရေးသားခြင်းမပြုပါနှင့်။ ဤသူသည် ဂျူးလူမျိုးတို့၏ဘုရင်ဖြစ်သည်ဟု မိမိကိုယ်ကို ပြောဆိုနေခြင်းသာဖြစ်သည်” ဟုဆိုကြလေ၏။
22ပိလတ်ကလည်း “ငါရေးပြီးသည့်အတိုင်းသာထားလော့” ဟုဆို၏။
23တပ်သားတို့သည် ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်တင်သည့်အခါ၌ ကိုယ်တော်၏အဝတ်အစားတို့ကို လေးပိုင်းပိုင်း၍ တစ်ယောက်တစ်ပိုင်းစီယူကြ၏။ အတွင်းအဝတ်တော်ကိုလည်း ယူကြရာ ၎င်းသည် ချုပ်ရိုးမရှိဘဲ အထက်စွန်းမှ တစ်ထည်လုံးကို တစ်ဆက်တည်းရက်လုပ်ထားသည့်အဝတ်ဖြစ်သောကြောင့်
24“ဤအဝတ်ကို မဆုတ်ဘဲ မည်သူရသင့်သည်ဆိုသည်ကို မဲနှိုက်ကြစို့” ဟုအချင်းချင်းပြောဆိုကြ၏။
ဤသည်မှာ
“သူတို့သည် ငါ၏ဝတ်ရုံတို့ကို ခွဲယူကြပြီး
အဝတ်အစားအတွက် မဲနှိုက်ကြ၏”
ဟုဆိုသည့် ကျမ်းစာပါစာပိုဒ်သည် ပြည့်စုံခြင်းသို့ရောက်စေ၍ တပ်သားတို့သည် ထိုနည်းအတိုင်းပြုကြ၏။
25ထိုအချိန်၌ ကိုယ်တော်၏လက်ဝါးကပ်တိုင်အနီးတွင် ကိုယ်တော်၏မယ်တော်၊ မယ်တော်၏ညီမ၊ ကလောဖ၏ဇနီးဖြစ်သူ မာရိနှင့် မာဂဒလမြို့သူ မာရိတို့သည်လည်း ရပ်နေကြ၏။ 26ကိုယ်တော်သည် သူ၏မယ်တော်နှင့် သူချစ်ခင်မြတ်နိုးတော်မူသောသူ၏တပည့်တော်ကို မြင်တော်မူလျှင် မယ်တော်အား “အမျိုးသမီး၊ သူသည် သင်၏သားပေတည်း” ဟုမိန့်တော်မူပြီးလျှင် 27တပည့်တော်အားလည်း “သူမသည် အသင်၏မိခင်ပေတည်း” ဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုတပည့်တော်သည် သူမအား မိမိ၏အိမ်၌နေထိုင်ရန် ခေါ်ဆောင်ထားလေ၏။
အသက်ကို ဇီဝိတဒါနပြုခြင်း
28ထို့နောက် အရာအားလုံးသည် ပြီးဆုံး၍ ကျမ်းစာပါသည်တို့ ပြည့်စုံစေတော့မည်ကို သိသဖြင့် ကိုယ်တော်သည် “ငါရေငတ်သည်” ဟု မိန့်တော်မူ၏။ 29ထိုနေရာ၌ ဝိုင်ချဉ်အပြည့်ရှိသော အိုးတစ်လုံးကို ထားသည်ဖြစ်၍ လူတို့သည် ရေမြှုပ်ကို ဝိုင်ချဉ်၌စိမ်ကာ ၎င်းကို ကျူရိုးတံအဖျားတွင်တပ်လျက် ကိုယ်တော်၏နှုတ်ခမ်းတော်နားသို့ ကပ်ပေးကြ၏။ 30ကိုယ်တော်သည် ထိုသို့ဝိုင်ချဉ်ကို သောက်သုံးပြီးနောက် “ငါ၏အမှုကိစ္စပြီးမြောက်လေပြီ” ဟုမိန့်တော်မူပြီးနောက် ဦးခေါင်းတော်အား ငိုက်စိုက်ကျလျက် အသက်တော်အား ဇီဝိတဒါနပြုတော်မူ၏။
နံဘေးတော်ကို လှံဖြင့်ထိုးခြင်း
31ထိုနေ့သည် ပြင်ဆင်ရာနေ့ဖြစ်ပြီး နောက်တစ်နေ့သည် ကြီးမြတ်သောဥပုသ်နေ့ဖြစ်သောကြောင့် ဂျူးလူမျိုးအကြီးအကဲတို့သည် ထိုဥပုသ်နေ့တွင် လက်ဝါးကပ်တိုင်ပေါ်၌ အလောင်းများကို မရှိစေလိုကြသဖြင့် လက်ဝါးကပ်တိုင်ပေါ်၌ တင်ထားခံရသောသူများ၏ခြေကို ချိုးပြီး အလောင်းများကို ယူသွားခွင့်ပေးရန် ပိလတ်ထံ တောင်းဆိုကြ၏။ 32ထို့ကြောင့် တပ်သားတို့သည် လာ၍ ကိုယ်တော်ယေရှုနှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌ တင်ထားခြင်းခံရသူ ပထမတစ်ဦး၏ခြေနှင့် နောက်တစ်ဦး၏ခြေတို့ကို ချိုးကြ၏။ 33သို့သော် တပ်သားတို့သည် ကိုယ်တော်ယေရှုထံသို့ ရောက်လျှင် ကိုယ်တော်အသက်မရှိကြောင်းကို မြင်သဖြင့် ခြေကိုမချိုးဘဲ၊ 34တပ်သားတစ်ဦးသည် ကိုယ်တော်၏နံဘေးတော်ကို လှံဖြင့်ထိုးလေ၏။ ထိုအခါ သွေးနှင့်ရေသည် ချက်ချင်းထွက်လာ၏။ 35ဤအခြင်းအရာကို မြင်သောသူသည် သက်သေခံခဲ့၍ သူ၏သက်သေခံချက်သည် မှန်ကန်၏။ သင်တို့သည်လည်း ယုံကြည်ကြရန် သူသည် မှန်ကန်စွာပြောဆိုနေကြောင်း သူကိုယ်တိုင်သိ၏။ 36ထိုသို့ဖြစ်ပျက်ခဲ့ခြင်းကြောင့် ကျမ်းစာတွင်ရေးသားထားသော “သူ၏အရိုးများ တစ်ချောင်းမျှပင် အချိုးခံရလိမ့်မည်မဟုတ်” ဟူသောကျမ်းချက်မှာ ပြည့်စုံမှန်ကန်ခဲ့လေသည်။ 37ပြီးလျှင်အခြားသောကျမ်းချက်တွင်လည်း “သူတို့သည် မိမိတို့လှံဖြင့်ထိုးဖောက်သောသူကို ရှုမြင်ကြရလိမ့်မည်” ဟုဆိုထား၏။
ယေရှုကို သင်္ဂြိုဟ်ခြင်း
38ထိုသို့ဖြစ်ပြီးသည့်နောက်တွင် ဂျူးလူမျိုးအကြီးအကဲများကို ကြောက်သောကြောင့် ကိုယ်တော်ယေရှု၏တပည့်တော်ဖြစ်သည်ကို လျှို့ဝှက်ထားသော အရိမဿဲမြို့မှယောသပ်ဆိုသောသူသည် ကိုယ်တော်ယေရှု၏အလောင်းတော်အား ယူဆောင်ခွင့်ပြုရန် ပိလတ်ထံသို့ တောင်းလျှောက်လေသည်။ ပိလတ်သည်လည်း ခွင့်ပြုလိုက်သောကြောင့် သူသည် ကိုယ်တော်၏အလောင်းတော်အား လာရောက်၍ ယူဆောင်လေ၏။ 39ယခင်က ကိုယ်တော်ယေရှုထံသို့ ညအချိန်လာဖူးသော နိကောဒင်သည်လည်း မုရန်နှင့် သစ်မွေးရောနှောထားသော အမွှေးအကြိုင်များကို ပိဿာနှစ်ဆယ်ခန့်ကို ယူဆောင်၍ လာလေ၏။ 40ထိုသူတို့သည် ကိုယ်တော်၏အလောင်းတော်ကိုယူ၍ ဂျူးလူမျိုးတို့၏သင်္ဂြိုဟ်ခြင်းဆိုင်ရာ ဓလေ့ထုံးစံအတိုင်း အလောင်းတော်ကို အမွှေးအကြိုင်များနှင့်အတူ ပိတ်ထည်များဖြင့် ပတ်စည်းကြ၏။ 41လက်ဝါးကပ်တိုင်ပေါ်၌ တင်ခြင်းခံရသောအရပ်တွင် ဥယျာဉ်တစ်ခုရှိပြီး ထိုဥယျာဉ်တွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မသင်္ဂြိုဟ်ဖူးသေးသော သင်္ချိုင်းဂူအသစ်တစ်ခုရှိ၏။ 42ထိုနေ့သည် ဂျူးလူမျိုးတို့၏ပြင်ဆင်ရာနေ့ဖြစ်ပြီး ထိုသင်္ချိုင်းဂူသည်လည်း အနီးအနားတွင်ရှိသောကြောင့် သူတို့သည် ကိုယ်တော်ယေရှုအား ထိုသင်္ချိုင်းဂူ၌သင်္ဂြိုဟ်ကြလေသည်။
ទើបបានជ្រើសរើសហើយ៖
ယောဟန် 19: TPV-RV
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.