ယောဟန် 18
18
ယေရှုကိုဖမ်းဆီးခြင်း
1ကိုယ်တော်သည် ထိုသို့ဆုတောင်းတော်မူပြီးနောက် တပည့်တော်တို့နှင့်အတူ ကေဒြုန်ချောင်းတစ်ဖက်သို့ ကြွတော်မူ၏။ ထိုအရပ်၌ ဥယျာဉ်တစ်ခုရှိ၍ ကိုယ်တော်သည် တပည့်တော်တို့နှင့်အတူ ထိုဥယျာဉ်ထဲသို့ ဝင်တော်မူ၏။
2ကိုယ်တော်သည် ထိုအရပ်သို့ တပည့်တော်များနှင့်အတူ မကြာမခဏသွားလေ့ရှိသောကြောင့် ကိုယ်တော်ကို သစ္စာဖောက်မည့်သူ ယုဒသည်လည်း ထိုအရပ်ကိုသိထားလေ၏။ 3သို့ဖြစ်၍ ယုဒသည် တပ်သားတစ်ဖွဲ့ကိုလည်းကောင်း၊ ပုရောဟိတ်အကြီးအကဲများနှင့်ဖာရိရှဲတို့သည် စေလွှတ်သည့် အချို့သောအရာရှိများကိုလည်းကောင်း ခေါ်ဆောင်၍ မီးအိမ်များ၊ မီးတုတ်များနှင့် လက်နက်များကိုင်ဆောင်၍ ထိုအရပ်သို့ လာကြ၏။
4ထိုအခါ မိမိ၌ဖြစ်လာမည့်အရာအားလုံးကို သိနှင့်တော်မူသည့် ကိုယ်တော်ယေရှုသည် အရှေ့သို့ထွက်၍ ထိုသူတို့အား “သင်တို့သည် မည်သူ့ကိုရှာကြသနည်း” ဟုမေးတော်မူလျှင်
5သူတို့သည်လည်း “နာဇရက်မြို့သား ယေရှုကိုရှာသည်” ဟုဖြေလေသဖြင့်
ကိုယ်တော်သည် “ငါသည် ထိုသူဖြစ်၏” ဟု မိန့်တော်မူ၏။ ကိုယ်တော်ကို သစ္စာဖောက်သည့် ယုဒသည်လည်း ထိုတပ်သားများနှင့်အတူ ရပ်လျက်ရှိနေ၏။ 6ထိုသို့ ကိုယ်တော်သည် သူတို့အား “ငါသည် ထိုသူဖြစ်၏” ဟုမိန့်တော်မူသည်နှင့် ထိုသူတို့သည် နောက်သို့ဆုတ်၍ မြေပေါ်သို့ လဲကျကုန်၏။
7ထို့ကြောင့် ကိုယ်တော်က ထပ်မံ၍ သူတို့အား “သင်တို့သည် မည်သူ့ကိုရှာကြသနည်း” ဟုမေးတော်မူလျှင်
သူတို့က “နာဇရက်မြို့သား ယေရှုကို ရှာ၏” ဟုဆိုကြပြန်၏။
8ကိုယ်တော်သည် “ထိုသူသည် ငါဖြစ်သည်ဟု ပြောပြီမဟုတ်လော။ သို့ဖြစ်လျှင် သင်တို့သည် ငါ့ကိုရှာသည်ဖြစ်၍ အခြားသူများကို သွားခွင့်ပေးလော့” ဟုပြန်၍မိန့်တော်မူ၏။ 9ထိုသို့မိန့်တော်မူခြင်းဖြင့် “အကျွန်ုပ်ထံ၌ အဖဘုရားပေးအပ်တော်မူသောသူတို့ထဲမှ မည်သူ့ကိုမျှ အကျွန်ုပ်မဆုံးရှုံးခဲ့ပါ” ဆိုသည့်ကိုယ်တော်မိန့်ဆိုသောစကားမှာ မှန်ကန်ပြည့်စုံလေ၏။
10ထိုစဉ် ရှိမုန်ပေတရုသည် သူ့တွင်ပါလာသည့် ဓါးကိုဆွဲထုတ်၍ အကြီးဆုံးပုရောဟိတ်၏အစေခံတစ်ဦးကို ခုတ်သဖြင့် ထိုသူ၏ညာဘက်နားရွက် ပြတ်သွားလေ၏။ ထိုအစေခံ၏အမည်ကား မာလခု ဖြစ်၏။
11ကိုယ်တော်သည် ပေတရုအား “သင်၏ဓါးကို ပြန်သိမ်းလော့။ ငါ့အား ခမည်းတော်ပေးတော်မူသည့် ဤဒုက္ခဆင်းရဲခွက်ကို ငါသောက်ရမည်” ဟု မိန့်တော်မူ၏။
ယေရှုကို အန္နတ်ထံသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း
12ထိုအခါ ရောမတပ်သားများ၊ အရာရှိများနှင့် ဂျူးလူမျိုးအစောင့်တပ်သားများသည် ကိုယ်တော်ယေရှုကို ဖမ်းဆီးချုပ်နှောင်ကြကာ 13ကိုယ်တော်အား ထိုနှစ်ကာလ၏အကြီးဆုံးပုရောဟိတ်ဖြစ်သည့် ကယာဖ၏ယောက္ခမဖြစ်သူ အန္နတ်ထံသို့ ဦးစွာခေါ်ဆောင်သွားကြလေ၏။ 14ထိုကယာဖသည် လူအများတို့ကိုယ်စား လူတစ်ဦးက အသေခံခြင်းသည် ပို၍ကောင်းပေသည်ဟု ဂျူးလူမျိုးအကြီးအကဲတို့အား အကြံပေးခဲ့သူဖြစ်၏။
ပေတရု ပထမအကြိမ်ငြင်းပယ်ခြင်း
15ထို့နောက် ရှိမုန်ပေတရုနှင့် အခြားတပည့်တော်တစ်ဦးတို့သည် ကိုယ်တော်ယေရှု၏နောက်သို့ လိုက်သွားကြ၏။ ထိုအခြားတပည့်တော်သည် အကြီးဆုံးပုရောဟိတ်ကြီးအား ကောင်းစွာသိကျွမ်းသူဖြစ်သဖြင့် ကိုယ်တော်ယေရှုနှင့်အတူ အကြီးဆုံးပုရောဟိတ်၏အိမ်ဝင်းထဲသို့ လိုက်၍ဝင်လေ၏။ 16ပေတရုမူကား ခြံတံခါးအပြင်ဘက်၌ရပ်နေ၏။ ထိုအခါ ပုရောဟိတ်မင်းကြီးနှင့်သိကျွမ်းသော တပည့်တော်သည် တံခါးဝသို့ပြန်သွားပြီး တံခါးစောင့်အမျိုးသမီးနှင့် စကားပြောပြီးလျှင် ပေတရုအား ခြံအတွင်းသို့ခေါ်ဆောင်လေ၏။
17ထိုအခါ တံခါးစောင့်ဖြစ်သည့် အစေခံအမျိုးသမီးက ပေတရုအား “သင်သည် ထိုသူ၏တပည့်များထဲမှ တစ်ဦးဖြစ်သည်မဟုတ်လော” ဟုဆိုလျှင်
ပေတရုက “မဟုတ်ပါ” ဟုဆိုလေ၏။
18ထိုကာလသည် ချမ်းအေးလှသဖြင့် အစေခံများနှင့် အရာရှိများတို့သည် မီးဖို၍ ထိုအနီးတွင် ရပ်လျက် မီးလှုံနေကြ၏။ ပေတရုသည်လည်း သူတို့နှင့်အတူရပ်၍ မီးလှုံနေ၏။
ယေရှုကို အန္နတ်စစ်ဆေးခြင်း
19ထိုအချိန်၌ အကြီးဆုံးပုရောဟိတ်အန္နတ်သည် ကိုယ်တော်ယေရှုအား တပည့်တော်တို့နှင့်ပတ်သက်၍လည်းကောင်း ကိုယ်တော်၏သွန်သင်ချက်များနှင့်ပတ်သက်၍လည်းကောင်း မေးမြန်းစစ်ဆေး၏။
20ကိုယ်တော်ယေရှုသည် သူ့အား “ငါသည် လောက၌ထင်ရှားစွာဟောပြောခဲ့၏။ ဂျူးလူမျိုးအပေါင်းစုဝေးရာ ဓမ္မာရုံများနှင့် ဗိမာန်တော်၌ အစဉ်အမြဲသွန်သင်ခဲ့၏။ မည်သည့်အရာကိုမျှ လျှို့ဝှက်စွာမဟောပြောခဲ့ပေ။ 21သင်သည် အဘယ်ကြောင့် ငါ့ကိုမေးမြန်းသနည်း။ လူတို့အား ငါမည်သို့ဟောပြောခဲ့သည်ကို ကြားနာသောသူတို့ထံ မေးမြန်းလော့။ ငါပြောဆိုခဲ့သည်တို့ကို ထိုသူတို့သိကြ၏” ဟုပြန်၍မိန့်တော်မူ၏။
22ကိုယ်တော်ထိုသို့မိန့်တော်မူသောအခါ အနီး၌ရပ်လျက်ရှိသော အစောင့်တပ်သားတစ်ဦးသည် “အကြီးဆုံးပုရောဟိတ်ကို ဤသို့ပြန်ပြောရသလော” ဟုဆိုကာ ကိုယ်တော်အား ရိုက်ပုတ်လေ၏။
23ကိုယ်တော်က “ငါပြောသောအရာမမှန်ရင် မမှန်သည့်အကြောင်းကို ထောက်ပြလော့။ မှန်သည်ဆိုလျှင် အဘယ်ကြောင့် ငါ့ကိုရိုက်သနည်း” ဟုထိုသူအား မိန့်တော်မူ၏။ 24ထို့နောက် အန္နတ်သည် ကိုယ်တော်ယေရှုအား ချုပ်နှောင်ထားသည့်အတိုင်းပင် အကြီးဆုံးပုရောဟိတ်ကယာဖထံသို့ ပို့ဆောင်စေလွှတ်လိုက်လေသည်။
ပေတရု ဒုတိယအကြိမ်နှင့်တတိယအကြိမ်ငြင်းပယ်ခြင်း
25ထိုအချိန်၌ ရှိမုန်ပေတရုသည်လည်း ရပ်လျက် မီးလှုံနေဆဲပင်ဖြစ်၏။ ထိုအခါ လူတို့က သူ့အား “သင်သည်လည်း ထိုသူ၏တပည့်များထဲမှတစ်ဦးမဟုတ်လော” ဟုမေးကြပြန်ရာ
ပေတရုသည် “မဟုတ်ပါ” ဟုငြင်းဆိုလေ၏။
26ထို့နောက် ပေတရုသည် နားရွက်ကို လှီးဖြတ်ခဲ့သောသူ၏ဆွေမျိုးဖြစ်သူ အကြီးဆုံးပုရောဟိတ်၏အစေခံတစ်ဦးကလည်း “ငါသည် သင့်ကို ယေရှုနှင့်အတူ ဥယျာဉ်ထဲ၌ မြင်ခဲ့ရသည်မဟုတ်လော” ဟုဆိုလေ၏။ 27ထိုအခါ ပေတရုသည် တဖန်ငြင်းဆိုပြန်သည်နှင့် ချက်ချင်းပင် ကြက်တွန်လေ၏။
ယေရှုကို ပိလတ်ထံခေါ်ဆောင်သွားခြင်း
28ထို့နောက် နံနက်စောစောတွင် သူတို့သည် ကိုယ်တော်အား ကယာဖထံမှ ဘုရင်ခံ၏ရုံးတော်သို့ ခေါ်ဆောင်သွားကြ၏။ သူတို့သည် ပသခါပွဲတော်ကိုစားနိုင်ရန်အတွက် မစင်ကြယ်သောအမှုကိုပြုခြင်းမှ ရှောင်ကျဉ်လို၍ ရုံးတော်ထဲသို့မဝင်ဘဲနေကြ၏။ 29ထို့ကြောင့် ဘုရင်ခံပိလတ်သည် သူတို့ရှိရာအပြင်သို့ ထွက်လာ၍ “သင်တို့သည် ဤသူအပေါ်၌ မည်သည့်စွပ်စွဲချက်ကို တင်ကြသနည်း” ဟုမေးလေ၏။
30သူတို့သည်လည်း “ဤသူသည်အပြစ်ကျူးလွန်သူ မဟုတ်လျှင် ကျွန်ုပ်တို့သည် သင့်ထံသို့အပ်နှံမည်မဟုတ်” ဟုပြန်လည်လျှောက်တင်ကြ၏။
31ထိုအခါ ပိလတ်သည် “သင်တို့ကိုယ်တိုင် သူ့ကိုခေါ် သွား၍ သင်တို့၏ပညတ်တရားအတိုင်း စီရင်ကြလော့” ဟုဆို၏။
ဂျူးလူမျိုးတို့ကလည်း “အကျွန်ုပ်တို့၌ မည်သူ့ကိုမျှ ကွပ်မျက်ပိုင်ခွင့်မရှိပါ” ဟုလျှောက်ကြ၏။ 32ဤသို့ဖြင့် ကိုယ်တော်ယေရှုက မိမိမည်ကဲ့သို့သေဆုံးရမည့်အကြောင်းကို ကြိုတင်မိန့်ဆိုခဲ့သည်မှာ ပြည့်စုံမှန်ကန်လေ၏။
33ထိုအခါ ပိလတ်သည် ရုံးတော်ထဲသို့ပြန်ဝင်၍ ကိုယ်တော်ယေရှုအား ခေါ် ဆောင်လာပြီးလျှင် “သင်သည် ဂျူးလူမျိုးတို့၏ဘုရင်လော” ဟုမေးသဖြင့်
34ကိုယ်တော်က “သင်သည် မိမိဆန္ဒအလျောက် ဤသို့မေးသလော၊ သို့မဟုတ် အခြားသူတို့သည် သင့်အား ငါ့အကြောင်းကို ပြောကြ၍လော” ဟုပြန်၍မေးတော်မူ၏။
35ထိုအခါ ပိလတ်သည် “ငါသည် ဂျူးလူမျိုးဖြစ်သည်ဟု သင်ထင်သလော။ ယခုမူကား သင့်လူမျိုးနှင့် ပုရောဟိတ်အကြီးအကဲတို့သည် သင့်ကို ငါ့ထံသို့ အပ်နှံကြပြီ။ သင်သည် မည်သို့သောအမှုအရာကို ပြုမိသနည်း” ဟုမေးလေ၏။
36ကိုယ်တော်သည်လည်း “ငါ့နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်။ ငါ့နိုင်ငံသည် ဤလောကနှင့်စပ်ဆိုင်ခဲ့လျှင် ငါသည် ဂျူးလူမျိုးတို့လက်သို့ အပ်နှံခြင်းမခံရရန် ငါ့လူတို့သည် တိုက်ခိုက်ခဲ့ကြပေလိမ့်မည်။ သို့သော် ယခုမူကား ငါ့နိုင်ငံသည် ဤနေရာမှဖြစ်တည်သည်မဟုတ်” ဟု မိန့်တော်မူ၏။
37ထိုအခါ ပိလတ်သည် “သို့ဖြစ်လျှင် သင်သည် ဘုရင်တစ်ပါးလော” ဟုဆိုလျှင် ကိုယ်တော်သည် “သင်ဆိုသည့်အတိုင်း ငါသည် ဘုရင်တစ်ပါးဖြစ်၏။ ငါသည် သမ္မာတရားဘက်၌ သက်သေခံခြင်းငှာ မွေးဖွားခြင်းကိုခံ၍ ဤလောကသို့ ကြွလာ၏။ သမ္မာတရားနှင့်စပ်ဆိုင်သောသူတိုင်းသည် ငါ့စကားကို နားထောင်ကြ၏” ဟု မိန့်တော်မူ၏။ 38ပိလတ်ကလည်း “သမ္မာတရားကား အဘယ်နည်း” ဟုဆိုပြီးလျှင် ဂျူးလူမျိုးတို့ရှိရာသို့ တဖန်ထွက်သွား၍ “ထိုသူ၌ မည်သည့်ပြစ်မှုကိုမျှ ငါမတွေ့။
39သို့ရာတွင် ပသခါပွဲတော်အချိန်၌ အပြစ်သားတစ်ဦးကို သင်တို့အတွက် ငါလွှတ်ပေးရသည့်ထုံးစံရှိသည်ဖြစ်၍ ဂျူးလူမျိုးတို့၏ဘုရင်ကို သင်တို့အတွက် လွှတ်ပေးစေလိုသလော” ဟုသူတို့အားမေးလေ၏။
40ထိုအခါ သူတို့သည် “သူ့ကိုလွှတ်မယ့်အစား ဗာရဗ္ဗကို လွှတ်ပေးပါ“ ဟုပြန်၍အော်ဟစ်လျှောက်ထားကြလေသည်။ ဗာရဗ္ဗကား ဓားပြတစ်ဦးဖြစ်လေ၏။
ទើបបានជ្រើសរើសហើយ៖
ယောဟန် 18: TPV-RV
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.