Acts 4
4
1ထိုသို့ ပေတရုနှင့် ယောဟန်တို့သည် လူတို့အား ဟောပြောနေကြစဉ် ပုရောဟိတ်များ၊ ဗိမာန်တော်စောင့်အရာရှိများနှင့် ဇဒ္ဒုကဲများသည် သူတို့ထံသို့ ရောက်ရှိလာကြလေ၏။ 2သာဝကတို့က လူထုပရိတ်သတ်တို့အား ဘုရားရှင်သည် ကိုယ်တော်ယေရှုအား အသက်ပြန်ရှင်စေတော်မူသကဲ့သို့ သေသောသူများကိုလည်း အသက်ပြန်ရှင်စေတော်မူသည့်အကြောင်းတို့ကို ဟောပြောနေကြသဖြင့် ထိုသူတို့သည် လွန်စွာစိတ်အနှောင့်အယှက် ဖြစ်ကြလျက် 3သာဝကတို့အား ဖမ်းဆီးပြီးနောက် ညအချိန်သို့ ရောက်နေပြီဖြစ်သဖြင့် နောက်တစ်နေ့ထိတိုင်အောင် သူတို့အား အချုပ်ထောင်ထဲ၌ ထည့်ထားခဲ့ကြ၏။ 4သို့သော် နှုတ်ကပါတ်တရားတော်ကို ကြားနာရသူအပေါင်းတို့သည် ယုံကြည်ကြသဖြင့် လူငါးထောင်ခန့်တို့သည် ဘုရားရှင်၏ တပည့်တော်များဖြစ်သွားကြလေ၏။ 5နောက်တစ်နေ့တွင် ဂျူးလူမျိုးခေါင်းဆောင်များ၊ အကြီးအကဲများနှင့် ကျမ်းတတ်ဆရာများသည် ဂျေရုဆလင်မြို့၌ စုဝေးကြလေ၏။ 6အကြီးဆုံးပုရောဟိတ်အန္န၊ ကယာဖ၊ ယောဟန်၊ အလက်ဇန္ဒားမှစ၍ အကြီးဆုံးပုရောဟိတ်၏ အမျိုးအနွယ်ဝင်များသည်လည်း ပါဝင်ခဲ့ကြလေ၏။ 7သူတို့သည် ပေတရုနှင့် ယောဟန်တို့အား အားလုံး၏ရှေ့၌ ရပ်စေပြီးလျှင် "သင်တို့က မည်သည့်တန်ခိုး၊ မည်သူ၏အမည်နာမနှင့် ဤသို့လုပ်ဆောင်နေကြသနည်း" ဟုမေးမြန်းကြလေ၏။ 8ထိုအခါ ညဏ်အလင်းတော်နှင့်ပြည့်ဝလျက် ပေတရုကလည်း "လူထုခေါင်းဆောင်များနှင့် အကြီးအကဲတို့၊ 9ယခု အကျွန်ုပ်တို့က နာမကျန်းဖြစ်နေသည့်သူအပေါ် ကောင်းကျိုးပြုဆောင်ရွက်ပေးသည့်ကိစ္စနှင့် သူမည်ကဲ့သို့ ကျန်းမာသွားသနည်းဆိုသည်နှင့် ပတ်သက်ရ မေးမြန်းခြင်းခံနေရသည်ဆိုလျှင် 10သင်တို့အားလုံးနှင့် အစ္စရေးလူမျိုးအပေါင်းတို့ သိကြစေရန် ငါပြောပြမည်။ သင်တို့၏ရှေ့တွင်ရပ်နေသည့် ဤလူသည် ဤသို့ကျန်းမာသည့် ကိုယ်ခန္ဓာနှင့် ရပ်နေနိုင်ခြင်းသည် သင်တို့အားလုံးက လက်ဝါးကပ်တိုင်ပေါ်သို့ တင်ခဲ့ကြသော်လည်း ဘုရားရှင်က အသက်ပြန်ရှင်စေတော်မူခဲ့သည့် နာဇရက်မြို့သား ယေရှုခရစ်တော်၏ တန်ခိုးတော်ကြောင့်သာဖြစ်၏။ 11ကိုယ်တော်ယေရှုသည် 'တိုက်ဆောက်သူတို့ ပယ်ထားသည့်ကျောက်သည် အရေးကြီးဆုံးသော ထောင့်ချုပ်ကျောက်ဖြစ်လာသည်' ဟု ကျမ်းစာတွင် ညွှန်းဆိုရေးသားထားသည့် သူပင်ဖြစ်၏။ 12ကိုယ်တော်ယေရှု တစ်ပါးတည်းသာ ကယ်တင်နိုင်သည့် အရှင်ဖြစ်၏။ ဘုရားရှင်က ငါတို့အား ကယ်တင်ရန်အတွက် ကိုယ်တော်ကမှလွဲ၍ ဤကမ္ဘာပေါ်တွင် မည်သူ့ကိုမျှ ခန့်အပ်မထားပေ" ဟုသူတို့အား ပြောဆိုလေ၏။ 13ထိုသူတို့သည် ပေတရုနှင့် ယောဟန်တို့သည် ပညာမတတ်သော သာမန်လူများဖြစ်ကြသည်ကို သိကြပြီး ဤကဲ့သို့ သူတို့၏ရဲရင့်ပြတ်သားပုံကို မြင်ရသောအခါ အံ့ဩကြကုန်၏။ သူတို့နှစ်ဦးစလုံးသည် ကိုယ်တော်ယေရှုနှင့် အတူရှိခဲ့ကြကြောင်းကိုလည်း မှတ်မိကြလေ၏။ 14ထို့ပြင် ပြန်လည်ကျန်းမာသွားသောသူသည်လည်း ပေတရု၊ ယောဟန်တို့နှင့်အတူရပ်နေသည်ကို မြင်နေရသဖြင့် မည်သို့မျှဆန့်ကျင်ပြောဆို၍မရနိုင်တော့ပေ။ 15ထိုအခါ သူတို့သည် ပေတရုနှင့်ယောဟန်အား တရားလွှတ်တော်ခန်းမအပြင်သို့ ထွက်သွားရန် အမိန့်ပေးပြီးလျှင် အချင်းချင်းတိုင်ပင်ဆွေနွေးလျက် 16သူတို့က "ဤလူတို့အား မည်သို့လုပ်ရပါမည်နည်း။ သူတို့သည် ဤကဲ့သို့သော ထူးဆန်းအံ့ဖွယ်ရာအမှုကိစ္စကို လုပ်ဆောင်ခဲ့ကြသည် ဆိုသည်ကို ဂျေရုဆလင်တစ်မြို့ရှိလူတို့သည် သိနေကြပြီဖြစ်သည့်အတွက် ငါတို့သည်လည်း ငြင်းဆန်၍ မရနိုင်တော့ပေ။ 17သို့သော် ဤအကြောင်းအား လူတို့ထံ ပို၍ပျံ့နှံ့မသွားစေရန်အတွက် ယေရှု၏အမည်နာမကို အမှီပြုပြီး နောက်ထပ်မည်သူ့ကိုမျှ မဟောပြောရန် သူတို့ကို ခြိမ်းခြောက်ကြစို့" ဟုပြောဆိုကြလေ၏။ 18ထို့နောက် သူတို့သည် သာဝကတို့ကို တဖန်ခေါ်၍ ယေရှု၏အမည်နာမကို အမှီပြု၍ ဟောပြောခြင်းကိုဖြစ်စေ၊ သွန်သင်ခြင်းကိုဖြစ်စေ လုံးဝမပြုလုပ်ရန် အမိန့်ပေးကြလေ၏။ 19သို့သော် ပေတရုနှင့်ယောဟန်တို့က "ဘုရားရှင်ရဲ့စကားတော်ထက် သင်တို့၏ စကားကို ပို၍နားထောင်ခြင်းသည် ဘုရားရှင်၏ရှေ့တော်တွင် မှန်၊ မမှန်ဆိုသည်ကို သင်တို့ကိုယ်တိုင်ပင် ဆုံးဖြတ်ကြလော့။ 20အကျွန်ုပ်တို့မူကား ကိုယ်တိုင်ကြားရ၊ မြင်ရသည့်အရာများအား မဟောမပြောဘဲ မနေနိုင်ပေ" ဟုသူတို့အား ပြန်လည်ပြောဆိုကြလေ၏။ 21လူအပေါင်းတို့သည် ဖြစ်ပျက်ခဲ့သမျှသော အရာတို့အတွက် ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်းလျက်ရှိနေကြသဖြင့် သာဝကတို့ကို အပြစ်ဒဏ်ပေးနိုင်မည့် နည်းလမ်းအား ရှာမတွေ့သောကြောင့် သူတို့ကို ထပ်မံခြိမ်းခြောက်ပြီးလျှင် လွှတ်ပေးလိုက်ကြလေ၏။ 22ဤအံ့ဖွယ်နိမိတ်လက္ခဏာအားဖြင့် ပြန်လည်ကျန်းမာလာသောသူသည် အသက်လေးဆယ်ကျော် ရှိပြီဖြစ်၏။ 23ပေတရုနှင့်ယောဟန်တို့သည် လွတ်မြောက်လာကြသောအခါ သူတို့သည် မိမိတို့၏ အပေါင်းအဖော်များရှိရာသို့ ပြန်သွားကြပြီးလျှင် ပုရောဟိတ်အကြီးအကဲများနှင့် လူထုအကြီးအကဲများက မိမိတို့အား ပြောသမျှအရာတို့အား ပြန်လည်၍ပြောပြခဲ့ကြ၏။ 24ထိုသူတို့သည်လည်း ကြားကြသောအခါ အသံကိုမြှင့်၍ ဘုရားရှင်ထံ တညီတညွတ်တည်း ဤသို့ဆုတောင်းကြလေ၏။ "အနန္တတန်ခိုးရှင် အရှင်ဘုရား၊ အရှင်ဘုရားသည် မိုးကောင်းကင်၊ ကမ္ဘာမြေကြီး၊ သမုဒ္ဒရာနှင့် ရှိသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသောအရှင်ဖြစ်ပါ၏။ 25အရှင်ဘုရား၏ အမှုတော်ကိုဆောင်ရွက်သည့် အကျွန်ုပ်တို့၏ ဘိုးဘေးဒါဝိဒ်၏နှုတ်မှ ဉာဏ်အလင်းတော်အားဖြင့် အရှင်ဘုရားမိန့်တော်မူသည်မှာ ‘တိုင်းတပါးသားတို့သည် အဘယ်ကြောင့် စိတ်ဆိုးဒေါသဖြစ်နေကြသနည်း။ လူတို့သည် အဘယ်ကြောင့် အချည်းနှီးသောအရာများကို ကြံစည်ကြသနည်း။ 26ကမ္ဘာမြေကြီးပေါ်ရှိ ရှင်ဘုရင်တို့သည် အုပ်ချုပ်သူတို့နှင့်စုဝေးကာ ဘုရားရှင်နှင့် သူ၏မေရှိယကို ဆန့်ကျင်ကြ၏' ဟူ၍ဖြစ်ပါသည်။ 27အမှန်ပင် ဟေရုဒ်နှင့် ပုန္တိပိလတ်တို့သည် တိုင်းတပါးသားများ၊ အစ္စရေးလူမျိုးများနှင့်ပူးပေါင်းကာ အရှင်ဘုရား ဘိသိက်ပေးတော်မူသော အရှင်ဘုရား၏ မြင့်မြတ်သောအမှုတော်ဆောင် ကိုယ်တော်ယေရှုအား ဆန့်ကျင်လျက် ဤမြို့တွင် စုဝေးကြလေ၏။ 28သူတို့သည် အရှင်ဘုရား၏ လက်တော်နှင့် အကြံအစည်တော်အတိုင်း ဖြစ်လာရမည်ဟု ဆုံးဖြတ်ထားတော်မူသောအရာတို့ကို ပြုလုပ်ကြရန် စုဝေးကြခြင်းဖြစ်ပါသည်။ 29အရှင်ဘုရား၊ ယခုထိုသူတို့၏ ခြိမ်းခြောက်မှုများကို မှတ်ယူပါလော့။ အရှင်ဘုရား၏ တပည့်တော်များကိုလည်း နှုတ်ကပါတ်တရားတော်အား ရဲဝံ့စွာဖြင့် ဟောပြောနိုင်သည့် အခွင့်ကို ပေးသနားတော်မူပါ။ 30အရှင်ဘုရား၏တန်ခိုးတော်အား ဖြန့်ကျက်၍ အကျွန်ုပ်တို့သည် အရှင်ဘုရား၏ အမှုတော်ဆောင် ကိုယ်တော်ယေရှု၏ အမည်နာမအားဖြင့် လူတို့ကိုကျန်းမာစေပြီး အံ့ဖွယ်နိမိတ်လက္ခဏာများကိုလည်း ဆောင်ရွက်နိုင်သောအခွင့်ကို ပေးသနားတော်မူပါ" ဟူ၍ဖြစ်၏။ 31သူတို့သည် ထိုသို့ဆုတောင်းပြီးနောက် သူတို့စုဝေးနေသောနေရာသည် တုန်လှုပ်၍ ထိုသူအပေါင်းတို့သည် ဉာဏ်အလင်းတော်နှင့် ပြည့်ဝလျက် ဘုရားရှင်၏နှုတ်ကပတ်တော်တရားတို့ကို ရဲဝံ့စွာ ဟောပြောကြလေ၏။ 32ယုံကြည်သူအပေါင်းတို့သည် တစ်စိတ်တစ်ဝမ်းတည်းရှိကြပြီး မည်သူတစ်ဦးတစ်ယောက်ကမျှ မိမိဥစ္စာပစ္စည်းများကို မိမိပိုင်ဆိုင်သည်ဟု မဆိုကြဘဲ ရှိသမျှသောအရာတို့ကို အားလုံးတူညီစွာပိုင်ဆိုင်သောအရာအဖြစ်ထားကြလေ၏။ 33သာဝကတို့သည် ကိုယ်တော်ယေရှု အသက်ပြန်ရှင်တော်မူခြင်း အကြောင်းကို ကြီးစွာသောတန်ခိုးဖြင့် ဆက်လက်၍ သက်သေထွက်ဆိုကြကာ ဘုရားရှင်သည် သူတို့အား ကြီးစွာသော ကောင်းချီးမင်္ဂလာများ ပေးသနားတော်မူလေ၏။ 34သူတို့အထဲတွင် ဆင်းရဲချို့တဲ့သူဟူ၍ မရှိပေ။ အကြောင်းမူကား သူတို့ထဲမှ မြေကို သို့မဟုတ် အိမ်ကိုပိုင်ဆိုင်ကြသူများသည် ထိုအရာတို့အား ရောင်းချ၍ရသောငွေများကို 35သာဝကတို့ထံ ယူဆောင်လာကြ၍ လိုအပ်နေသောသူတို့အား ဝေငှစေလေ၏။ 36ထိုနည်းတူ သာဝကတို့က လူအများကို သတ္တိရှိစေသူဟု အဓိပ္ပါယ်ရှိသည့် 'ဗာနဗ' ဟု ခေါ်သော ဆိုက်ပရပ်ကျွန်းသား လေဝိအနွယ်ဝင် ယောသပ်သည်လည်း 37မိမိပိုင်ဆိုင်သောလယ်မြေကို ရောင်းချပြီးလျှင် ရသောငွေများကို သာဝကတို့ထံ ယူဆောင်လာလေ၏။
ទើបបានជ្រើសរើសហើយ៖
Acts 4: TPV-RV
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.