Acts 3
3
1တစ်နေ့တွင် ပေတရုနှင့်ယောဟန်တို့သည် ဝတ်ပြုဆုတောင်းချိန်ဖြစ်သည့် မွန်းလွဲသုံးနာရီတွင် ဗိမာန်တော်သို့ သွားကြလေ၏။ 2ထိုအချိန်တွင် မွေးကတည်းကပင် ခြေမသန်စွမ်းသော အမျိုးသားတစ်ဦးအား လူတစ်ချို့က သယ်ဆောင်လာကြလေ၏။ ဗိမာန်တော်ထဲသို့ ဝင်လာကြသော သူများထံမှ ပေးကမ်းစွန့်ကြဲခြင်းကို တောင်းခံရန်အတွက် လူတို့သည် တင့်တယ်ဟုခေါ်သော ဗိမာန်တော်ဝင်းတံခါးအနီးတွင် ထိုသူအား နေ့တိုင်းချထားလေ့ရှိကြ၏။ 3ထိုသူသည် ပေတရုနှင့်ယောဟန်တို့ ဗိမာန်တော်ထဲသို့ ဝင်လာကြသည်ကို မြင်သောအခါ ပေးကမ်းစွန့်ကြဲရန် တောင်းခံလေ၏။ 4ထိုအခါ ပေတရုသည် ယောဟန်နှင့်အတူ ထိုသူအား စိုက်ကြည့်၍ "ငါတို့ကိုကြည့်လော့" ဟုဆိုလေ၏။ 5ထိုသူသည်လည်း သူတို့ထံမှ တစ်ခုခုရလိမ့်မည်ဟုမျှော်လင့်၍ သူတို့ကို မော့ကြည့်လေ၏။ 6သို့သော်လည်း ပေတရုက "ငါ့ထံတွင် ရွှေ၊ ငွေများ မရှိပေ။ သို့သော် ငါ့ထံတွင်ရှိသည့်အရာအား သင့်ကိုပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်တော်၏ တန်ခိုးတော်အားဖြင့် ထ၍လမ်းလျှောက်လော့" ဟု ဆိုကာ 7ထိုသူ၏ညာလက်ကို ကိုင်၍ဆွဲထူလိုက်ရာ ထိုသူ၏ခြေထောက်နှင့် ခြေကျင်းဝတ်တို့သည် ချက်ချင်းပင် သန်မာလာလေ၏။ 8ထိုသူသည် ခုန်ထ၍ လမ်းလျှောက်လေ၏။ ထို့နောက် လမ်းလျှောက်၍ ခုန်ပေါက်လျက် ဘုရားရှင်၏ ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကာ ယောဟန်၊ ပေတရုတို့နှင့်အတူ ဗိမာန်တော်ထဲသို့ ဝင်သွားလေ၏။ 9လူအပေါင်းတို့သည်လည်း ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်း၍ လမ်းလျှောက်နေသော ထိုသူကိုမြင်လျှင် 10ဤသူသည် ဗိမာန်တော်၏ တင့်တယ်တံခါးတွင် ထိုင်၍ တောင်းစားနေသောသူဖြစ်ကြောင်း မှတ်မိကြသဖြင့် ထိုသူ၏အဖြစ်အပျက်အတွက် အလွန်ပင် အံ့ဩသွားကြလေသည်။ 11ရှောလမုန်မုခ်ဆောင်၌ ထိုသူသည် ပေတရုနှင့်ယောဟန်တို့ကို ဆွဲကိုင်ထားလျက်ရှိစဉ် လူအပေါင်းတို့သည်လည်း အလွန်အံ့ဩ၍ သူတို့ထံသို့ ပြေးလာကြ၏။ 12ပေတရုသည် လူအများကို မြင်သောအခါ "အစ္စရေးလူမျိုးတို့၊ သင်တို့သည် အမှုအရာအား အဘယ်ကြောင့် အံ့ဩနေကြသနည်း။ ထို့အပြင် ဤလူအား ငါတို့၏တန်ခိုးအစွမ်း၊ အကျင့်သီလများကြောင့် လမ်းလျှောက်နိုင်စေသကဲ့သို့ အဘယ်ကြောင့် ငါတို့ကိုအား စိုက်ကြည့်နေကြသနည်း။ 13ငါတို့၏ဘိုးဘေး အာဗြဟံ၏ဘုရား၊ ဣဇာက်နှင့် ယာကုပ်တို့၏ ဘုရားသည် သူ၏အမှုတော်ကိုဆောင်ရွက်သော ကိုယ်တော်ယေရှု၏ ဘုန်းတော်ကို ထင်ရှားစေတော်မူပြီဖြစ်၏။ သင်တို့မူကား သူ့အားဖမ်းဆီးအပ်နှံပြီး ပိလတ်ဘုရင်ခံက သူ့ကိုလွှတ်ပေးရန်အတွက် ဆုံးဖြတ်သည်ကိုပင် သင်တို့က ငြင်းပယ်ခဲ့ကြ၏။ 14သင်တို့သည် ဖြောင့်မတ်စင်ကြယ်သည့် အရှင်အား ငြင်းပယ်ခဲ့ကြပြီး လူသတ်သမားအား လွှတ်ပေးရန်သာ တောင်းဆိုခဲ့ကြပြီး 15ထာဝရအသက်ရှင်ခြင်းကိုပေးမည့် အရှင်အား ကွပ်မျက်ခဲ့ကြ၏။ သို့သော် ဘုရားရှင်သည် ထိုအရှင်အား အသက်ပြန်ရှင်စေတော်မူခဲ့သည် ဆိုသည့်အချက်အတွက် ငါတို့သည် မျက်မြင်သက်သေများပင် ဖြစ်ကြ၏။ 16ကိုယ်တော်ယေရှုအား ကျွန်ုပ်တို့ ယုံကြည်ကြပြီး ကိုယ်တော်၏ တန်ခိုးတော်ကြောင့်သာ သင်တို့သိကြသည့် ဤလူသည် ယခုသင်တို့မြင်သည့်အတိုင်း ပြန်လည်၍ ကျန်းမာသန်စွမ်းခဲ့ပြီဖြစ်။ 17ညီအစ်ကိုတို့၊ သင်တို့သည် သင်တို့၏အကြီးအကဲများကဲ့သို့ မသိနားမလည်ခဲ့သည့်အတွက် ဤသို့ပြုမူခဲ့ကြသည်ကို ငါသည်သိ၏။ 18ဘုရားရှင်က မေရှိယသည် ဒုက္ခဝေဒနာ ခံစားရမည်ဆိုသည်အား အရိယာသူတော်စင်များမှတဆင့် ကြိုတင်၍ ဟောပြောထားခဲ့သည့် အရာတို့အား ဤသို့ပြည့်စုံစေခဲ့ပြီဖြစ်၏။ 19ထို့ကြောင့် သင်တို့၏ အပြစ်ဒုစရိုက်များ ပယ်ဖျက်ခြင်း ခံရရန်အတွက် နောင်တရကြပြီး ဘုရားရှင်ဘက်သို့ လှည့်ကြလော့။ 20ဘုရားရှင်သည် သင်တို့အား လန်းဆန်းသည့်အားမာန်များ ပေးအပ်မည့်အချိန်သည် ရောက်လာလိမ့်မည်ဖြစ်၏။ သင်တို့အတွက် ကြိုတင်ခန့်အပ်ထားတော်မူသေ မေရှိယဟုခေါ်သည့် ကိုယ်တော်ယေရှုအား စေလွှတ်တော်မူလိမ့်မည်။ 21ရှေးယခင်ကတည်းက သူ၏အရိယာသူတော်စင်များမှတဆင့် ဘုရားရှင်က ကတိတော် ပြုထားသည့်အတိုင်း အရာအားလုံးတို့အား မူလအတိုင်း ပြန်ဖြစ်စေမည့် အချိန်ထိတိုင်အောင် ကိုယ်တော်ယေရှုသည် ရွှေမြို့တော်တွင် ရှိနေမည်ဖြစ်၏။ 22မောရှေသည်လည်း 'သင်တို့၏ အရှင်သခင်ဖြစ်သော ဘုရားရှင်သည် သင်၏လူမျိုးစုထဲမှ ငါကဲ့သို့ အရိယာသူတော်စင်တစ်ပါးကို သင်တို့အတွက် ပေါ်ထွန်းစေတော်မူမည်။ သူပြောသမျှတို့အား သင်တို့နားထောင်ရမည်။ 23ထိုအရိယာသူတော်စင်၏စကားအား နားမထောင်သော လူအပေါင်းတို့မှာမူ လူမျိုးတော်ထဲမှ အပြီးပိုင်ဖယ်ရှား၍ ဖျက်ဆီးခြင်းခံရလိမ့်မည်' ဟဟောပြောထား၏။ 24ရှမွေလမှစ၍ သူ၏နောက်တွင် ခေတ်အဆက်ဆက်ပေါ်ထွန်းခဲ့သည့် အရိယာသူတော်စင်များသည်လည်း ဤနေ့ရက်ကာလ အကြောင်းကို ညွှန်ပြဟောပြောခဲ့ပြီးဖြစ်၏။ 25သင်တို့သည် အရိယာသူတော်စင်များ၏ သားမြေးများ ဖြစ်ရုံသာမက ဘုရားရှင်သည် အာဗြဟံအား 'သင်၏အမျိုးအနွယ်အားဖြင့် ကမ္ဘာမြေကြီးပေါ်ရှိ လူအပေါင်းတို့သည် မင်္ဂလာရှိကြလိမ့်မည်' ဟမိန့်တော်မူထားသည့်အတိုင်း သင်တို့သည် ဘိုးဘေးများနှင့် ဘုရားရှင်ကတိတော်တို့ အမွေခံများပင်ဖြစ်၏။ 26သင်တို့အားလုံးအား အပြစ်ဒုစရိုက်အပေါင်းမှ ရှောင်လွှဲစေပြီး ကောင်းချီးမင်္ဂလာများပေးရန် ဘုရားရှင်သည် သူ၏အမှုတော်ကို ဆောင်ရွက်သူအား ပေါ်ထွန်းစေပြီး သင်တို့ထံသို့ ဦးစွာစေလွှတ်တော်မူ၏" ဟုလူအပေါင်းတို့အား ဟောပြောလေ၏။
ទើបបានជ្រើសរើសហើយ៖
Acts 3: TPV-RV
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.