ယောဟန် 11
11
လာဇရုသေဆုံးခြင်း
1တစ်နေ့သ၌ မာရိနှင့် သူမ၏အစ်မဖြစ်သူ မာသတို့နေထိုင်ရာ ဗေသနိရွာ၌ လာဇရုဆိုသူတစ်ဦးသည် နာမကျန်းဖြစ်နေ၏။ 2ထိုမာရိကား နောက်ပိုင်းတွင် ကိုယ်တော်ကို ဆီမွှေးဖြင့် လိမ်းကျံ၍ ခြေတော်ကို မိမိဆံပင်ဖြင့် သုတ်ပေးသောသူဖြစ်ပြီး ယခု နာမကျန်းဖြစ်နေသည့် လာဇရုနှင့်လည်း မောင်နှမဖြစ်လေ၏။ 3ထို့ကြောင့် ညီအစ်မတို့သည် ကိုယ်တော်ထံသို့ လူတို့ကိုစေလွှတ်၍ “ကိုယ်တော်၊ ကိုယ်တော်ချစ်ခင်တော်မူသောသူသည် နာမကျန်းဖြစ်နေပါ၏” ဟုလျှောက်တင်စေလေ၏။
4ကိုယ်တော်သည် ဤသတင်းကိုကြားရလျှင် “ယခုနာမကျန်းဖြစ်ခြင်းသည် သေခြင်းသို့ရောက်စေရန်အတွက်မဟုတ်ဘဲ ဘုရားရှင်၏ဘုန်းတန်ခိုးတော်ကို ထင်ရှားစေရန်ဖြစ်၏။ ထိုအခြင်းအရာအားဖြင့် ဘုရားရှင်၏သားတော်သည်လည်း ဘုန်းတော်ထင်ရှားခြင်းရှိပေလိမ့်မည်” ဟု မိန့်တော်မူ၏။ 5ကိုယ်တော်ယေရှုသည် မာသတို့ညီအမနှစ်ဦးနှင့် လာဇရုတို့ကို ချစ်ခင်တော်မူ၏။ 6သို့ဖြစ်၍ ကိုယ်တော်သည် လာဇရုနာမကျန်းဖြစ်သည်ကို ကြားတော်မူသောအခါ မိမိနေသောအရပ်၌ နှစ်ရက်ကြာ ထပ်၍နေတော်မူပြီးလျှင် 7တပည့်တော်တို့အား “ယုဒပြည်သို့ တဖန်သွားကြစို့” ဟု မိန့်တော်မူ၏။
8ထိုအခါ တပည့်တော်တို့သည် “ကိုယ်တော်၊ ယခုအချိန်၌ ဂျူးလူမျိုးတို့သည် ကိုယ်တော်ကို ခဲနှင့်ပေါက်သတ်ရန် ရှာကြံနေကြပါလျက်နှင့် ထိုအရပ်သို့ နောက်တစ်ဖန်ကြွတော်မူမည်လော” ဟုဆိုကြ၏။
9ထိုအခါ ကိုယ်တော်သည် “နေ့အချိန်၌ တစ်ဆယ့်နှစ်နာရီရှိသည်မဟုတ်လော။ မည်သူမဆို နေ့အချိန်၌သွားလာလျှင် ဤလောက၌အလင်းရောင်ရှိနေသည့်အတွက် ခလုတ်မတိုက်မိတတ်။ 10သို့သော် ညအချိန်၌သွားလာလျှင် အလင်းရောင်မရှိသည့်အတွက် ခလုတ်တိုက်မိတတ်၏” ဟုပြန်လည်မိန့်ဆိုတော်မူ၏။
11ကိုယ်တော်သည် ထိုသို့မိန့်တော်မူပြီးနောက် တပည့်တော်တို့အား “ငါတို့၏မိတ်ဆွေလာဇရုသည် အိပ်ပျော်လေပြီ။ သို့သော် သူ့ကို နှိုးစေရန် ငါသွားမည်” ဟု မိန့်တော်မူ၏။
12ထိုအခါ တပည့်တော်တို့သည် “ကိုယ်တော်၊ သူသည် အိပ်ပျော်ပြီဆိုလျှင် သက်သာလာပါလိမ့်မည်” ဟုလျှောက်တင်ကြ၏။ 13အမှန်စင်စစ် ကိုယ်တော်သည် လာဇရုသေဆုံးကြောင်းကို ရည်ညွှန်းပြောဆိုသော်လည်း တပည့်တော်တို့က အနားယူအိပ်စက်ခြင်းကိုပြောဆိုနေသည်ဟု ထင်မှတ်နေကြခြင်းဖြစ်၏။
14ထို့ကြောင့် ကိုယ်တော်က သူတို့အား “လာဇရုသည် သေသွားခဲ့ပြီ။ 15သို့သော် ငါသည် ထိုအရပ်၌ ရှိမနေခဲ့ခြင်းကို ဝမ်းမြောက်၏။ ဤသည်ကား သင်တို့သည် ငါ့အပေါ်၌ ယုံကြည်လာစေရန်အခွင့်အရေးပင်ဖြစ်၏။ ယခု သူ့ထံသို့ ငါတို့သွားကြစို့” ဟု မိန့်တော်မူ၏။
16ထိုအခါ ဒိဒုမုဟုလည်းခေါ်ကြသော သောမသည် “ကိုယ်တော်နှင့်အတူ အသေခံရန် ငါတို့လည်း လိုက်သွားကြစို့” ဟုအခြားတပည့်တော်တို့အား ပြောဆိုလေ၏။
လာဇရုကို အသက်ပြန်ရှင်စေခြင်း
17ထို့နောက် ဗေသနိရွာသို့ ကိုယ်တော်ရောက်ရှိသည့်အချိန်တွင် လာဇရုအား ဂူသွင်းသင်္ဂြိုဟ်ပြီးသည်မှာ လေးရက်ပင် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်းကို တွေ့ရှိတော်မူ၏။ 18ဗေသနိရွာသည် ဂျေရုဆလင်မြို့နှင့် နှစ်မိုင်ခန့်သာဝေးသောကြောင့် 19များစွာသောဂျူးလူမျိုးတို့သည် မာသနှင့်မာရိတို့ကို သေဆုံးသွားပြီဖြစ်သည့် သူတို့၏မောင်ဖြစ်သူအတွက် နှစ်သိမ့်ပေးရန် သူတို့ထံသို့ ရောက်နေကြ၏။ 20ထို့နောက် မာသသည် ကိုယ်တော်ယေရှု ကြွရောက်လာကြောင်းကို ကြားသိသဖြင့် အပြင်ကိုထွက်၍ ကိုယ်တော်အား ဆီးကြိုလေ၏။ မာရိကမူ အိမ်၌ ကျန်ရစ်လေ၏။
21မာသသည် ကိုယ်တော်ယေရှုအား “ကိုယ်တော်၊ ဤနေရာ၌ ကိုယ်တော်ရှိတော်မူခဲ့လျှင် အကျွန်ုပ်၏မောင် သေဆုံးခဲ့မည်မဟုတ်ပါ။ 22သို့သော် ယခုအချိန်မှာပင် ဘုရားရှင်ထံ ကိုယ်တော်တောင်းလျှောက်သမျှသောအရာတို့အား ဘုရားရှင်သည် ကိုယ်တော်အား ပေးတော်မူမည်ဖြစ်ကြောင်းကို အကျွန်ုပ်သိပါ၏” ဟု လျှောက်တင်လေ၏။
23ကိုယ်တော်သည် သူမအား “သင်၏မောင်သည် အသက်ပြန်ရှင်ပါလိမ့်မည်” ဟု မိန့်တော်မူ၏။
24မာသသည်လည်း “နောက်ဆုံးသောနေ့တည်းဟူသော ပြန်လည်ရှင်သန်ရာကာလ၌ သူသည် သေရာမှ ပြန်လည်ရှင်သန်မည်ကို အကျွန်ုပ်သိပါ၏” ဟုလျှောက်လေသည်။
25ကိုယ်တော်သည် “ငါသည် ပြန်လည်ရှင်သန်ခြင်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့အား ယုံကြည်သောသူသည် သေလွန်သော်လည်း အသက်ရှင်လိမ့်မည်။ 26အသက်ရှင်နေလျက် ငါ့အားယုံကြည်သောသူတိုင်းသည် ဘယ်သောအခါမျှ သေဆုံးရမည်မဟုတ်။ ဤသည်ကို သင်ယုံကြည်ပါသလော” ဟု မိန့်တော်မူ၏။
27မာသသည်လည်း “ကိုယ်တော်သည် ဤလောကသို့ ကြွတော်မူသည့် ဘုရားရှင်၏သားတော် ကယ်တင်ရှင်မေရှိယဖြစ်သည်ကို အကျွန်ုပ်ယုံကြည်ပါ၏” ဟုလျှောက်ထားလေသည်။
ယေရှုမျက်ရည်ကျတော်မူခြင်း
28ထိုသို့လျှောက်ထားပြီးနောက် သူမသည် ပြန်သွား၍ ညီမဖြစ်သူမာရိကိုခေါ်ကာ “ကိုယ်တော်ရောက်နေပြီး သင့်ကိုခေါ်တော်မူ၏” ဟုတိတ်တဆိတ်ပြောလေ၏။ 29မာရိသည် ထိုစကားကိုကြားသောအခါ အလျင်အမြန်ထ၍ ကိုယ်တော့်ထံသို့ သွားလေသည်။ 30ကိုယ်တော်ယေရှုသည်လည်း ရွာထဲသို့မဝင်သေးဘဲ သူ့အား မာသဆီးကြိုခဲ့သည့်အရပ်၌ပင် ရှိနေတော်မူ၏။ 31အိမ်၌ မာရိနှင့်အတူရှိနေပြီး သူမအားနှစ်သိမ့်ပေးနေသော ဂျူးလူမျိုးတို့သည် မာရိအလျင်အမြန်ထ၍ ထွက်သွားသည်ကို မြင်ကြသောအခါ သူမသည်ငိုကြွေးရန် သင်္ချိုင်းဂူသို့သွားသည်ဟု ထင်ကြ၍ သူမ၏ နောက်သို့လိုက်သွားကြ၏။
32မာရိသည် ကိုယ်တော်ရှိရာသို့ရောက်၍ ကိုယ်တော်ကို မြင်သောအခါ ခြေတော်ရင်း၌ ဒူးထောက်လျက် ကိုယ်တော့်အား “ကိုယ်တော်၊ ဤနေရာ၌ ကိုယ်တော်ရှိတော်မူခဲ့လျှင် အကျွန်ုပ်၏မောင် သေဆုံးခဲ့မည်မဟုတ်ပါ” ဟုလျှောက်တင်၏။
33ကိုယ်တော်ယေရှုသည် မာရိငိုကြွေးနေသည်ကိုလည်းကောင်း၊ လိုက်လာသောဂျူးလူမျိုးတို့သည်လည်း ငိုကြွေးနေကြသည်ကိုလည်းကောင်း မြင်တော်မူလျှင် အလွန်ပင် စိတ်ထိခိုက်၍
34“သူ့အား အဘယ်၌ သင်္ဂြိုဟ်ကြသနည်း” ဟုမေးတော်မူ၏။
သူတို့သည်လည်း “ကိုယ်တော်၊ ကြွ၍ ကြည့်ရှုတော်မူပါ” ဟုလျှောက်ကြ၏။
35ကိုယ်တော်သည် မျက်ရည်ကျတော်မူ၏။
36ထိုအခါ လူအများတို့သည် “ကြည့်ကြလော့။ သူသည် လာဇရုကို အလွန်ပင်ချစ်ခင်ပါသည်တကား” ဟုဆိုကြလေ၏။
37သို့သော် သူတို့ထဲမှအချို့သည် “ဤသူသည် မျက်မမြင်ကို မြင်စေနိုင်သကဲ့သို့ လာဇရုကိုလည်း သေရာမှ ကယ်တင်ရန် မတတ်နိုင်သလော” ဟုပြောဆိုကြလေသည်။
လာဇရုကို ပြန်ရှင်စေခြင်း
38ထို့နောက် ကိုယ်တော်သည် တစ်ဖန် စိတ်ထိခိုက်တော်မူ၍ သင်္ချိုင်းဂူသို့ သွားတော်မူ၏။ ထိုနေရာသည် လိုဏ်ဂူဖြစ်ပြီး အဝင်ဝကို ကျောက်တုံးဖြင့်ပိတ်ထားလေ၏။ 39ကိုယ်တော်ယေရှုသည် “ကျောက်တုံးကို ဖယ်ရှားကြလော့” ဟုမိန့်တော်မူရာ
သေဆုံးသောသူ၏အစ်မဖြစ်သူ မာသသည် “ကိုယ်တော်၊ သူသေဆုံးခဲ့သည်မှာ လေးရက်မျှရှိပြီဖြစ်၍ ယခုဆိုလျှင် အနံ့ထွက်နေပါလိမ့်မည်” ဟုလျှောက်တင်လေ၏။
40ကိုယ်တော်ယေရှုကလည်း သူမအား “သင်ယုံကြည်လျှင် ဘုရားရှင်၏ဘုန်းတန်ခိုးတော်ကို မြင်ရလိမ့်မည်ဟု သင့်အား ငါဆိုခဲ့ပြီမဟုတ်လော” ဟု မိန့်တော်မူ၏။
41ထို့ကြောင့် သူတို့သည်လည်း ကျောက်တုံးကို ဖယ်ရှားကြလေ၏။ ထို့နောက် ကိုယ်တော်ယေရှုသည် ကောင်းကင်သို့မျှော်ကြည့်ကာ “အို အဖဘုရား၊ အကျွန်ုပ်တောင်းလျှောက်သည်ကို နားထောင်တော်မူသောကြောင့် အဖဘုရားရှင်အားကျေးဇူးတင်ပါ၏။ 42အဖဘုရားသည် အကျွန်ုပ်၏ဆုတောင်းသံကို အစဉ်နားထောင်တော်မူကြောင်းကိုလည်း အကျွန်ုပ်သိပါ၏။ သို့ရာတွင် ယခုဤသို့ဆုတောင်းလျှောက်ခြင်းမှာ ဝိုင်းရံလျက်ရှိသော လူထုပရိသတ်အတွက်ဖြစ်ပြီး အကျွန်ုပ်အား အဖဘုရားရှင်စေလွှတ်တော်မူကြောင်းကို လူတို့ယုံကြည်ကြစေရန်အတွက် ဖြစ်ပါ၏” ဟုဆုတောင်းတော်မူ၏။
43ထိုသို့ဆုတောင်းတော်မူပြီးနောက် ကျယ်လောင်သောအသံဖြင့် “လာဇရု၊ ထွက်လာလော့” ဟုဟစ်ခေါ်တော်မူ၏။ 44ထိုအခါ သေလွန်သောသူသည် ခြေနှင့်လက်တို့ကို အဝတ်ဖြင့် ပတ်စည်းလျက် မျက်နှာကိုလည်း အဝတ်ဖြင့် စည်းထားသည့်အတိုင်းပင် သင်္ဂျိုင်းဂူထဲမှ ထွက်လာလေ၏။
ကိုယ်တော်ယေရှုသည် လူတို့အား “သူ့ကိုဖြေပေး၍ သွားခွင့်ပေးကြလော့” ဟု မိန့်တော်မူ၏။
ယေရှုကို သတ်ရန်ကြံစည်ကြခြင်း
45ထိုအခါ မာရိထံသို့လာ၍ ကိုယ်တော်ယေရှုပြုတော်မူသော အရာတို့အား တွေ့မြင်ခဲ့ရသည့် များစွာသောဂျူးလူမျိုးတို့သည် ကိုယ်တော်အား ယုံကြည်ခဲ့ကြလေသည်။ 46သို့သော် သူတို့ထဲမှ အချို့တို့သည် ဖာရိရှဲတို့ထံသို့သွား၍ ကိုယ်တော်ယေရှုပြုတော်မူသောအရာတို့ကို ပြောကြားကြ၏။ 47ထိုအခါ ပုရောဟိတ်အကြီးအကဲများနှင့်ဖာရိရှဲတို့သည် တရားလွှတ်တော်အဖွဲ့ကို စုဝေးစေပြီးလျှင် “ဤသူသည် များစွာသောအံ့ဖွယ်နိမိတ်လက္ခဏာတို့ကို ပြုနေသည်ဖြစ်၍ ငါတို့မည်သို့ပြုကြမည်နည်း။ 48ထိုသူအား ဤအတိုင်းလွှတ်ထားလျှင် လူအားလုံးတို့သည် သူ့ကို ယုံကြည်ကြလိမ့်မည်။ ထိုသို့ဖြစ်လျှင် ရောမလူမျိုးတို့သည်လာ၍ ငါတို့၏အရပ်ဌာနနှင့်တကွ ငါတို့၏လူမျိုးကိုပါ သိမ်းယူကြလိမ့်မည်” ဟူ၍ပြောဆိုကြလေ၏။
49သို့ရာတွင် သူတို့ထဲမှတစ်ဦးဖြစ်ပြီး ထိုနှစ်ကာလ၌ အကြီးဆုံးပုရောဟိတ်ဖြစ်သော ကယာဖသည် “သင်တို့သည် မည်သည့်အရာကိုမျှ မသိကြ။ 50တစ်မျိုးသားလုံးပျက်စီးသည်ထက် လူတစ်ဦးသည် လူထုကိုယ်စား အသေခံခြင်းသည် သင်တို့အတွက် သာ၍ကောင်းသည်ကိုလည်း သင်တို့မစဉ်းစားမဆင်ခြင်နိုင်ကြပါတကား” ဟုဆိုလေသည်။
51သို့သော် ကယာဖသည် ဤစကားအား သူ၏ဆန္ဒအလျှောက် ပြောခဲ့ခြင်းမဟုတ်ပေ။ သူသည် ထိုနှစ်ကာလ၌ အကြီးဆုံးပုရောဟိတ်ဖြစ်သောကြောင့် ကိုယ်တော်ယေရှုသည် ဂျူးလူမျိုးတို့အတွက် အသေခံတော်မူမည်ဖြစ်ကြောင်းနှင့် 52သူသည် ထိုလူမျိုးများအတွက်သာမက တကွဲတပြားဖြစ်နေကြသည့် ဘုရားရှင်၏သားသမီးများကို တစ်စုတစ်ဝေးတည်းဖြစ်စေရန်အတွက်ပါ အသေခံတော်မူမည်ဖြစ်ကြောင်း ကြိုတင်၍ နိမိတ်ဖတ်ဟောပြောခြင်းဖြစ်၏။ 53ထို့ကြောင့် သူတို့သည် ထိုနေ့မှစ၍ ကိုယ်တော်၏အသက်ကို သတ်ခြင်းငှါ တိုင်ပင်ကြံစည်ကြလေ၏။
54သို့ဖြစ်၍ ကိုယ်တော်သည် ဂျူးလူမျိုးများအကြားတွင် ထင်ထင်ရှားရှားသွားလာခြင်းမပြုတော့ဘဲ ထိုအရပ်မှထွက်ခွာ၍ တောကန္တာရအရပ်နှင့်နီးသော ဧဖရိမ်ဟုခေါ်သောမြို့သို့ ကြွတော်မူပြီးလျှင် တပည့်တော်များနှင့်အတူ ထိုမြို့၌နေတော်မူ၏။
55ဂျူးလူမျိုးတို့၏ပသခါပွဲအချိန် နီးကပ်လာသောအခါ များစွာသောလူတို့သည် မိမိတို့ကိုယ်ကို သန့်စင်ခြင်းအမှုပြုရန် တောအရပ်မှ ဂျေရုဆလင်မြို့သို့ လာရောက်ကြလေ၏။ 56သူတို့သည် ကိုယ်တော်ယေရှုကို ရှာဖွေကြပြီး ဗိမာန်တော်ဝန်းအတွင်းရပ်လျက် “သင်တို့မည်သို့ထင်ကြသနည်း။ သူသည် ဤပွဲတော်သို့ လုံးဝမလာဘဲနေမည်လော” ဟုအချင်းချင်းပြောဆိုကြ၏။ 57ထို့ပြင် ပုရောဟိတ်အကြီးအကဲတို့နှင့်ဖာရိရှဲတို့သည်လည်း ကိုယ်တော်ယေရှုအား ဖမ်းဆီးနိုင်ရန်အတွက် မည်သူမဆို ကိုယ်တော်ယေရှုရှိသောနေရာကိုသိလျှင် သတင်းပေးရမည်ဟု အမိန့်ထုတ်ထားကြလေ၏။
Currently Selected:
ယောဟန် 11: TPV-RV
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.