YouVersion Logo
Search Icon

ယောဟန် 12

12
ဗေသနိရွာ၌ ဘိသိက်ခံခြင်း
1ပသခါပွဲမစမီ ခြောက်ရက်အလိုတွင် ကိုယ်တော်ယေရှုသည် သေရာမှ အသက်ပြန်ရှင်စေတော်မူခဲ့သော လာဇရုရှိရာ ဗေသနိရွာသို့ ကြွတော်မူ၏။ 2လူတို့သည် ကိုယ်တော်အတွက် ညစာကိုပြင်ဆင်ပေးကြပြီး မာသသည်လည်း ဧည့်ဝတ်ပြုနေလေ၏။ ကိုယ်တော်ယေရှုနှင့်အတူ စားပွဲတွင်ထိုင်နေကြသူများထဲတွင် လာဇရုသည်လည်း အပါအဝင်ဖြစ်၏။ 3ထိုအချိန်၌ မာရိသည် အလွန်တန်ဖိုးကြီးသော နာဒုဖြင့်ပြုလုပ်ထားသည့် ဆီမွှေးတစ်ပုလင်းကိုယူ၍ ကိုယ်တော်ယေရှု၏ ခြေတော်အား သွန်းလောင်းကာ ဆံပင်ဖြင့်သုတ်လေ၏။ ထိုဆီမွှေးရနံ့သည်လည်း တစ်အိမ်လုံးကို ပြန့်နှံ့သွားလေ၏။
4သို့သော် တပည့်တော်တို့ထဲတွင် တစ်ပါးဖြစ်သည့် ကိုယ်တော်အား သစ္စာဖေါက်မည့်သူ ယုဒဣရှကာရုတ်သည် 5“အဘယ်ကြောင့် ဤဆီမွှေးကို ‌ဒေနာရိဒင်္ဂါးပြားသုံးရာဖြင့်ရောင်းချ၍ ဆင်းရဲသားတို့ကို မပေးကမ်းခဲ့သနည်း” ဟုဆိုလေ၏။ 6ထိုကဲ့သို့ဆိုခြင်းမှာ သူသည် ဆင်းရဲသားတို့အား အမှန်တကယ်ကူညီလို၍မဟုတ်ပေ။ သူသည် သူခိုးဖြစ်ပြီး ငွေအိတ်ကိုတာဝန်ယူထိန်းသိမ်းရင်း အလှူငွေများကို နှိုက်ယူလေ့ရှိသောကြောင့်ဖြစ်၏။
7ထိုအခါ ကိုယ်တော်သည် “သူမကို မတားဆီးနှင့်။ သူမသည် ငါ့ကိုသင်္ဂြိုဟ်မည့်နေ့အတွက် ဤဆီမွှေးကို သိမ်းထားခဲ့ခြင်းဖြစ်၏။ 8အကြောင်းမူကား ဆင်းရဲသားတို့သည်ကား သင်တို့၌အစဉ်ရှိကြ၏။ ငါမူကား သင်တို့၌အစဉ်ရှိသည်မဟုတ်” ဟု မိန့်တော်မူ၏။
လာဇရုကို သတ်ရန်ကြံစည်ကြခြင်း
9များစွာသောဂျူးလူမျိုးတို့သည် ဗေသနိရွာ၌ ကိုယ်တော်ရှိတော်မူကြောင်းကို ကြားသိသဖြင့် ကိုယ်တော်ကြောင့်သာမက သေရာမှ ကိုယ်တော် ပြန်ရှင်စေတော်မူသော လာဇရုကိုလည်း တွေ့မြင်ရန် ရောက်လာကြ၏။ 10ထို့ကြောင့် ပုရောဟိတ်အကြီးအကဲတို့သည် လာဇရုကိုလည်း သတ်ရန် တိုင်ပင်ကြံစည်ကြ၏။ 11အဘယ်ကြောင့်ဆိုသော် များစွာသောဂျူးလူမျိုးတို့သည် လာဇရုအကြောင်းကြောင့် သူတို့အားစွန့်ခွာကာ ကိုယ်တော်ယေရှုအား ယုံကြည်လာကြခြင်းကြောင့်ဖြစ်၏။
ဂျေရုဆလင်မြို့သို့ ဝင်တော်မူခြင်း
12နောက်တစ်နေ့တွင် ပွဲတော်သို့လာကြသော များစွာသောလူထုပရိသတ်တို့သည် ထိုနေရာသို့ ကိုယ်တော်ယေရှုကြွလာတော်မူမည်ကို ကြားသိကြသဖြင့် 13စွန်ပလွံပင်မှ အခက်များကို ကိုင်လျက် ကိုယ်တော်ကို ကြိုဆိုရန် ထွက်သွားကြကာ
“ဟောရှဏ္ဏ၊
ဘုရားရှင်၏ဘုန်းတော်အားဖြင့် ကြွလာတော်မူသော အရှင်သည် မင်္ဂလာရှိပါပေ၏။
အစ္စရေးလူမျိုးတို့၏ရှင်ဘုရင်သည် မင်္ဂလာရှိပါပေ၏” ဟုကြွေးကြော်ကြလေ၏။
14ကိုယ်တော်ယေရှုသည် မြည်းငယ်တစ်ကောင်ကိုတွေ့၍ စီးတော်မူ၏။ ဤသည်မှာ ကျမ်းစာ၌
15“ဇိအုန်မြို့သူမြို့သားတို့၊ မကြောက်ကြနှင့်။
သင်တို့၏ရှင်ဘုရင်သည် မြည်းငယ်ကိုစီး၍
ကြွချီတော်မူသည်ကို ကြည့်ကြလော့”
ဟုရေးသားထားသည့်အတိုင်းပင်ဖြစ်၏။
16ဤအရာတို့ကို တပည့်တော်တို့သည် အစကနားမလည်ကြသော်လည်း ကိုယ်တော်ယေရှု ဘုန်းကျက်သရေဖြင့်ထင်ရှားခြင်းရှိသောအချိန်တွင်မှ ဤအရာတို့သည် ကိုယ်တော်အား ရည်ညွှန်း၍ ရေးသားထားခဲ့သည်ကိုလည်းကောင်း၊ လူတို့သည်လည်း ကိုယ်တော်အပေါ် ထိုအတိုင်းပင်ပြုမူခဲ့ကြသည်ကိုလည်းကောင်း အောက်မေ့အမှတ်ရကြလေ၏။
17ယခုတွင် လာဇရုအား သင်္ချိုင်းဂူထဲမှ ကိုယ်တော်ကခေါ်ထုတ်၍ အသက်ပြန်ရှင်စေစဉ်က ကိုယ်တော်နှင့်အတူ ရှိခဲ့ကြသည့် လူထုပရိသတ်တို့သည် ထိုအကြောင်းကို သက်သေခံထွက်ဆိုကြ၏။ 18လူထု​ပရိသတ်အပေါင်း​တို့​သည် ကိုယ်တော်​အား ခရီးဦးကြိုရခြင်း​မှာ ထိုကဲ့သို့​သောအံ့ဖွယ်​နိမိတ်​လက္ခဏာ​ကို ကိုယ်တော်​ပြု​တော်မူ​ကြောင်း ကြားသိ​ခဲ့​ကြ​သောကြောင့်​ပင်​ဖြစ်​၏။ 19ထို့ကြောင့် ဖာရိရှဲတို့သည် “သင်တို့တွေ့မြင်ကြသလော။ သင်တို့လုပ်ရပ်များ အကျိုးရလဒ်မရှိ။ တစ်ကမ္ဘာလုံးသူ့နောက်သို့ လိုက်သွားကြပြီ” ဟုအချင်းချင်းပြောဆိုကြကုန်၏။
ဂရိအမျိုးသားတို့ ယေရှုကို ရှာခြင်း
20ပွဲတော်၌ ဝတ်ပြုကိုးကွယ်ရန် လာကြသောသူတို့တွင် ဂရိလူမျိုးအချို့ပါ၏။ 21သူတို့သည် ဂါလိလဲပြည်၊ ဗက်ဇဲဒမြို့သားဖြစ်သော ဖိလိပ္ပုထံလာ၍ “အကျွန်ုပ်တို့သည် ကိုယ်တော်ယေရှုအား တွေ့မြင်လိုပါသည်” ဟုတောင်းဆိုကြ၏။ 22ဖိလိပ္ပုသည်လည်း သွား၍ အန္ဒြေကို ပြောပြပြီးလျှင် အန္ဒြေနှင့်ဖိလိပ္ပုတို့သည် ကိုယ်တော်ယေရှုထံသို့လာ၍ လျှောက်တင်ကြလေသည်။
23ထိုအခါ ကိုယ်တော်​သည် “လူ့သားတော်​ကို ဘုန်း​အသရေတော်ထင်ရှား​စေမည့်အချိန်ကျလာပြီ။ 24သင်တို့အား ငါအမှန်ဆိုသည်ကား စပါးစေ့တစ်စေ့သည် မြေ၌ကျပြီးနောက် အပင်မပေါက်လျှင် တစ်စေ့တည်းသာရှိလိမ့်မည်။ သို့သော် အပင်ပေါက်လျှင်မူကား အသီးအနှံပေါင်းများစွာကို ဖြစ်ထွန်းစေတတ်၏။ 25မိမိအသက်အား တွယ်တာသောသူသည် ထိုအသက်ကို ဆုံးရှုံးရလိမ့်မည်။ ဤလောက၌ မိမိအသက်အား ပဓာနမထားသောသူတို့သည်ကား ထိုအသက်တာကို နိစ္စထာဝရ ရရှိကြလိမ့်မည်။ 26မည်သူမဆို ငါ၏အမှုအား ထမ်းရွက်မည်ဆိုလျှင် ထိုသူသည် ငါ့နောက်သို့လိုက်ရမည်။ ထိုအခါ ငါရှိရာအရပ်၌ ငါ၏အမှုတော်ကို ထမ်းရွက်သူလည်း ရှိပေလိမ့်မည်။ ငါ၏အမှုအား ထမ်းရွက်သောသူကို အဖဘုရားသည် ချီးမြှောက်တော်မူလိမ့်မည်။
27ယခု ငါသည် စိတ်နှလုံးပူပန်ခြင်းရှိ၏။ ငါမည်သို့ဆိုရအံ့နည်း။ ‘အို အဖ၊ ဤအချိန်နာရီမှ အကျွန်ုပ်အား ကယ်တင်တော်မူပါ’ ဟူ၍ တောင်းလျှောက်ရမည်လော။ သို့သော်လည်း ငါလာရခြင်းသည် ဤအချိန်နာရီအတွက်သာဖြစ်၏။ 28အို အဖ၊ အဖဘုရား၏ဘုန်းတော်ထင်ရှားစေတော်မူပါ” ဟုဆုတောင်းလေ၏။
ထိုအခါ ကောင်းကင်မှ အသံတော်သည်လည်း “ငါသည် ဘုန်းတော်ထင်ရှားစေခဲ့ပြီ။ နောက်တစ်ဖန်လည်း ထင်ရှားစေဦးမည်” ဟူ၍ ထွက်ပေါ်လာလေ၏။ 29ထိုအနီးတွင်ရပ်နေ၍ ထိုအသံအားကြားကြသော လူထုပရိသတ်အချို့သည် “မိုးချုန်းသည်” ဟုဆိုကြ၏။ အခြားသောသူတို့ကမူ “နတ်ဒေဝါသည် သူ့ကိုစကားပြောခြင်းဖြစ်သည်” ဟုဆိုကြလေ၏။
30ကိုယ်တော်ယေရှုသည် “ဤအသံတော်သည် ငါ့အတွက်မဟုတ်၊ သင်တို့အကျိုးအတွက်လာခြင်းဖြစ်၏။ 31ယခုသည် ဤလောက၌ တရားစီရင်ခြင်းကာလဖြစ်၏။ ဤလောကကို အုပ်ချုပ်သူသည်လည်း နှင်ထုတ်ခံရလိမ့်မည်။ 32ငါသည်လည်း မြေကြီးတွင် မြှောက်ထားခြင်းကိုခံရသည့်အခါ လူအပေါင်းတို့ကို ငါ့ထံသို့ ဆွဲခေါ်တော်မူမည်” ဟု မိန့်တော်မူ၏။ 33ထိုသို့မိန့်တော်မူခြင်းမှာ ကိုယ်တော်သည် သူမည်ကဲ့သို့သော သေခြင်းဖြင့် အသေခံမည်ကို ညွှန်ပြပြောဆိုနေခြင်းဖြစ်၏။
34ထိုအခါ လူထုပရိတ်သတ်တို့သည် ကိုယ်တော်အား “မေရှိယသည် အစဉ်ထာဝရတည်ရှိတော်မူသည်ဟု ပညတ်ကျမ်း၌ဖော်ပြထား၏။ သို့ဖြစ်လျှင် သင်သည် အဘယ်ကြောင့် ‘လူ့သားတော်သည် မြှောက်ထားခြင်းခံရမည်’ ဟုဆိုသနည်း။ ဤလူ့သားတော်ဆိုသည်ကား အဘယ်သူနည်း” ဟုမေးမြန်းကြ၏။
35ကိုယ်တော်သည်လည်း သူတို့အား “အလင်းသည် သင်တို့အကြား၌ အချိန်ခဏတာမျှရှိနေလိမ့်ဦးမည်။ သင်တို့အား အမှောင်ထုမလွှမ်းမိုးစေရန် သင်တို့၌ အလင်းရှိစဉ်အချိန်၌ သွားလာကြလော့။ မှောင်မိုက်၌ သွားလာသောသူသည် မိမိမည်သည့်အရပ်သို့သွားသည်ကို မသိ။ 36သင်တို့သည် အလင်း၏သားသမီးများဖြစ်ကြရန် သင်တို့တွင် အလင်းရှိခိုက် အလင်းအား ယုံကြည်ကြလော့” ဟု မိန့်တော်မူ၏။ ကိုယ်တော်သည် ဤအရာတို့ကို ဟောပြောတော်မူပြီးနောက် သူတို့ထံမှ ထွက်ခွာ၍ တိမ်းရှောင်တော်မူလေ၏။
လူတို့၏မယုံကြည်ခြင်း
37ကိုယ်တော်ယေရှုသည် ဤမျှလောက်များပြားသည့် အံ့ဖွယ်နိမိတ်လက္ခဏာတို့ကို သူတို့၏ရှေ့မှောက်၌ ပြုတော်မူသော်ခဲ့လည်း သူတို့သည် ကိုယ်တော်အား ယုံကြည်ခြင်းမရှိကြသေးပေ။ 38ဤသည်မှာ
“အို အဖဘုရားရှင်၊ အကျွန်ုပ်တို့၏သတင်းစကားကို မည်သူယုံကြည်ပါသနည်း။
အဖဘုရားရှင်၏ဘုန်းတန်ခိုးတော်ကို မည်သူ့ထံသို့ ထင်ရှားပြသမည်နည်း”
ဟူသော အရိယာသူတော်စင်ဟေရှာယ ဟောပြောသောစကားသည် ပြည့်စုံခြင်းသို့ ရောက်ရှိမည့်အကြောင်းပင်ဖြစ်သည်။
39ထို့ပြင် လူများမယုံကြည်သောအကြောင်းကား အရိယာသူတော်စင်ဟေရှာယက အခြားသောကျမ်းပိုဒ်၌
40“သူတို့သည် မျက်စိဖြင့်မြင်၍
စိတ်နှလုံးဖြင့် နားလည်ကာ ပြောင်းလဲကြသဖြင့်
ငါသည် သူတို့အား ကျန်းမာစေရမည့်အဖြစ်မျိုးမရှိစေရန်
ဘုရားရှင်သည် သူတို့၏မျက်စိကို ကွယ်စေတော်မူ၍
သူတို့၏စိတ်နှလုံးအား မာကျောစေတော်မူ၏”
ဟုထပ်မံ၍ ဟောပြောခဲ့သောကြောင့်ဖြစ်၏။ 41အရိယာသူတော်စင်ဟေရှာယသည် ကိုယ်တော်ယေရှု၏ဘုန်းကျက်သရေတော်အား မြင်ခဲ့ရသောကြောင့် ဤသို့ပြောဆိုလျက် ကိုယ်တော်၏အကြောင်းကို ဟောပြောခဲ့ခြင်းဖြစ်လေသည်။
42မည်သို့ပင်ဖြစ်စေ ဂျူးလူမျိုးအကြီးအကဲများထံတွင်လည်း ကိုယ်တော့်အား ယုံကြည်သူများစွာရှိကြ၏။ သို့သော် သူတို့သည် ဓမ္မာရုံမှ ထုတ်ပယ်ခြင်းခံရမည်ကို ကြောက်သောကြောင့် ဖာရိရှဲများထံ၌ သူတို့ယုံကြည်သည့်အကြောင်းကို ဝန်ခံခြင်းမရှိကြပေ။ 43သူတို့သည် ဘုရားရှင်၏ချီးမြှောက်ခြင်းထက် လူတို့၏ချီးမြှောက်ခြင်းကို သာ၍နှစ်သက်ကြ၏။
ကိုယ်တော်ယေရှုကြွလာခြင်းအကြောင်း
44တဖန် ကိုယ်တော်သည် “ငါ့အားယုံကြည်သောသူသည် ငါ့ကိုသာ ယုံကြည်သည်မဟုတ်၊ ငါ့အားစေလွှတ်တော်မူသောသူကို ယုံကြည်၏။ 45ငါ့အား ကြည့်မြင်သောသူသည် ငါ့ကိုစေလွှတ်တော်မူသောသူကို ကြည့်မြင်၏။ 46ငါ့အား ယုံကြည်သမျှသောသူတို့သည် အမှောင်ထု၌ မနေစေခြင်းငှာ ငါသည်အလင်းဖြစ်လျက် ဤလောကသို့ကြွလာပြီ။
47တစ်စုံတစ်ဦးသည် ငါ့စကားတို့ကိုကြားလျက် မစောင့်ထိန်းလျှင်လည်း ငါသည် ထိုသူအား ပြစ်ဒဏ်မစီရင်။ အကြောင်းမူကား ဤလောကကို ပြစ်ဒဏ်စီရင်ရန် ငါလာသည်မဟုတ်။ ဤလောကကို ကယ်တင်ရန် ငါလာ၏။ 48ငါ့အားငြင်းပယ်၍ ငါ့စကားကို လက်မခံသောသူအား ပြစ်ဒဏ်စီရင်သောသူရှိ၏။ ငါဟောပြောခဲ့သည့် ငါ့စကားတို့သည် နောက်ဆုံးသောနေ့၌ ထိုသူကို ပြစ်ဒဏ်စီရင်လိမ့်မည်။ 49အကြောင်းမူကား ငါသည် မိမိဆန္ဒအလျောက် ဟောပြောသည်မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောအဖဘုရားရှင်ကိုယ်တော်တိုင် ငါမည်သို့မြွက်ဆို၍ မည်သို့ဟောပြောရမည်အား ငါ့အားအမိန့်ပေးတော်မူ၏။ 50အဖဘုရားရှင်၏အမိန့်တော်သည် နိစ္စထာဝရအသက်ဖြစ်ကြောင်းကို ငါသိ၏။ ထို့ကြောင့် ငါဟောပြောသောအရာတို့အား အဖဘုရားရှင်သည် ငါ့အား မိန့်တော်မူသည့်အတိုင်း ငါဟောပြော၏” ဟုကြွေးကြော်တော်မူ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in