YouVersion Logo
Search Icon

ယောဟန် 10

10
သိုးထိန်းပုံဥပမာ
1ထို့နောက် ကိုယ်တော်ယေရှုသည် “သင်တို့အား ငါအမှန်ဆိုသည်ကား သိုးခြံထဲသို့ တံခါးပေါက်မှမဝင်ဘဲ အခြားနည်းဖြင့် ကျော်ဝင်သောသူသည် သူခိုး၊ ဓားပြဖြစ်၏။ 2တံခါးပေါက်မှဝင်သောသူမူကား သိုးတို့၏သိုးထိန်းဖြစ်၏။ 3တံခါးစောင့်သည် သူ့အား တံခါးဖွင့်ပေးတတ်၏။ သိုးတို့သည်လည်း သူ၏အသံကို နားထောင်တတ်ကြ၏။ သူသည် မိမိ၏သိုးတို့ကို အမည်ဖြင့်ခေါ်၍ အပြင်သို့ ခေါ်ထုတ်သွားတတ်၏။ 4သိုးထိန်းသည် သိုးရှိသမျှကို ခေါ်ထုတ်ပြီးသောအခါ သိုးတို့၏အရှေ့မှ ဦးဆောင်သွားတတ်၏။ သိုးတို့သည်လည်း သူ၏အသံကို သိသဖြင့် သူ့နောက်သို့လိုက်သွားတတ်ကြ၏။ 5သို့သော် သိုးတို့သည် မည်သည့်အခါမျှ သူစိမ်းနောက်သို့ မလိုက်တတ်ကြ။ အဘယ်ကြောင့်ဆိုသော် သိုးတို့သည် သူစိမ်း၏အသံကိုမသိကြသဖြင့် နောက်သို့မလိုက်ကြသည့်အပြင် သူစိမ်းတို့ထံမှလည်း အဝေးသို့ထွက်ပြေးတတ်ကြ၏” ဟု မိန့်တော်မူ၏။ 6ကိုယ်တော်ယေရှုသည် လူတို့အား ဤပုံဥပမာကို မိန့်တော်မူသော်လည်း ကိုယ်တော်၏ဆိုလိုရင်းကို သူတို့နားမလည်ကြ။
ကောင်းသောသိုးထိန်း
7ထို့ကြောင့် တဖန် ကိုယ်တော်ယေရှုသည် “သင်တို့အား ငါအမှန်ဆိုသည်ကား ငါသည် သိုးတို့ဝင်သောတံခါးပေါက်ဖြစ်၏။ 8ငါ့ထက်အလျင်ဦးစွာရောက်လာသူတို့သည် သူခိုးများ၊ ဓားပြများဖြစ်ကြ၏။ ထိုသူတို့၏စကားသံကို သိုးတို့သည် နားမထောင်ခဲ့ကြ။ 9ငါသည် တံခါးပေါက်​ဖြစ်​၏။ မည်သူမဆို ငါ့အားဖြင့်ဝင်လျှင် ကယ်တင်ခြင်းရလိမ့်မည်။ ထိုသူသည် တံခါးပေါက်မှဝင်ထွက်ကာ ကျက်စားရာကိုတွေ့ရလိမ့်မည်။ 10သူခိုးသည် ခိုးယူ၊ သတ်ဖြတ်၊ ဖျက်ဆီးဖို့ရန်သာ လာတတ်၏။ ငါသည်ကား သိုးတို့အား အသက်ကို ရရှိစေရန်သာမက ထိုအသက်ကို ပြည့်ဝစွာရရှိစေရန်လာ၏။
11ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးတို့အဖို့ငှာ မိမိအသက်ကိုပင် စွန့်တတ်၏။ 12သိုးထိန်းမဟုတ်၊ သိုးတို့၏ပိုင်ရှင်လည်းမဟုတ်သော လူငှားမူကား ဝံပုလွေလာသည်ကိုမြင်လျှင် သိုးတို့ကို ပစ်ထားကာ ထွက်ပြေးတတ်၏။ ထိုအခါ ဝံပုလွေသည် သိုးတို့ကို တိုက်ခိုက်သဖြင့် သိုးများတစ်ကွဲတစ်ပြားဖြစ်စေ၏။ 13အကြောင်းမူကား လူငှားသည် လူငှားဖြစ်သည့်အလျောက် သိုးတို့၏အရေးကိစ္စကို ဂရုမစိုက်သောကြောင့် ထွက်ပြေးခြင်းဖြစ်၏။
14ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ငါသည် ငါ့သိုးတို့ကို သိ၍ ငါ့သိုးတို့သည်လည်း ငါ့ကို သိကြ၏။ 15ထိုသို့ပင် ငါ၏ဖခမည်းတော်သည် ငါ့ကိုသိတော်မူသကဲ့သို့ ငါသည်လည်း ငါ၏ဖခမည်းတော်ကို သိ၏။ ထို့ပြင် ငါသည် ငါ၏သိုးတို့အတွက် မိမိအသက်ကိုပင် စွန့်၏။ 16ငါ၌ ဤသိုးခြံမှမဟုတ်သော အခြားသိုးများလည်း ရှိသေး၏။ ထိုသိုးတို့ကိုလည်း ငါခေါ်ဆောင်ရမည်။ သူတို့သည်လည်း ငါ့အသံကို နားထောင်ကြသဖြင့် သိုးများအားလုံးသည် တစ်အုပ်တည်းဖြစ်၍ သိုးထိန်းသည်လည်း တစ်ဦးတည်းဖြစ်လိမ့်မည်။ 17ငါသည် အသက်ကို ပြန်လည်ရယူရန်အတွက် ငါ့အသက်အား စွန့်သဖြင့် အဖဘုရားရှင်သည် ငါ့ကိုချစ်မြတ်နိုးတော်မူ၏။ 18မည်သူကမျှ ငါ့အသက်အား ငါ့ထံမှနှုတ်ယူသည်မဟုတ်။ ငါ့ဆန္ဒအလျောက် ငါ့အသက်ကို ငါစွန့်၏။ ငါ၌ မိမိအသက်ကို စွန့်ပိုင်ခွင့်ရှိ၍ ၎င်းကို ပြန်လည်ရယူပိုင်ခွင့်ရှိ၏။ ဤသည်မှာ ငါ၏ဖခမည်းတော်ထံမှရရှိသော အမိန့်တော်ဖြစ်၏” ဟု မိန့်တော်မူ၏။
19ဤစကားတော်တို့ကြောင့် ဂျူးလူမျိုးတို့အကြားတွင် သဘောထားကွဲလွဲမှုများ ရှိကြပြန်လေ၏။ 20ထိုသူတို့ထဲတွင် အများစုက “သူသည် မကောင်းဆိုးဝါးပူးကပ်သဖြင့် ရူးသွပ်နေသောသူဖြစ်သည်။ အဘယ်ကြောင့် သူ့စကားကို နားထောင်နေကြသနည်း” ဟုဆိုကြ၏။
21အခြားသောသူတို့ကမူ “ဤစကားတို့သည် မကောင်းဆိုးဝါးပူးကပ်သူ၏စကားမျိုးမဟုတ်။ ထို့ပြင် မကောင်းဆိုးဝါးသည် မျက်မမြင်ကို မျက်စိမြင်စေနိုင်သလော” ဟူ၍ဆိုကြ၏။
ယေရှုကို ငြင်းပယ်ခြင်း
22ထို့နောက် အချိန်သည်ကား ဆောင်းကာလတစ်ခုဖြစ်၍ ဂျေရုဆလင်မြို့၌ ဂျူးလူမျိုးတို့၏ ဗိမာန်တော်သန့်စင်ခြင်းအထိမ်းအမှတ်ပွဲတော်ရှိ၏။ 23ကိုယ်တော်ယေရှုသည် ဗိမာန်တော်ဝင်းအတွင်းရှိ ရှောလမုန်မုခ်ဆောင်တွင် လမ်းလျှောက်ကြွတော်မူစဉ် 24ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုဝိုင်းရံလျက် စုရုံးလာကြပြီး “သင်သည် အကျွန်ုပ်တို့၏စိတ်ကို မည်မျှကြာသည်အထိ ဒွိဟဖြစ်စေမည်နည်း။ သင်သည် မေရှိယမှန်လျှင် အကျွန်ုပ်တို့ကို အတိအလင်းပြောပါလော့” ဟုဆိုကြလေသည်။
25ကိုယ်တော်ကလည်း သူတို့အား “သင်တို့ကိုငါပြောခဲ့သော်လည်း သင်တို့မယုံကြည်ကြ။ ငါ၏အဖဘုရားရှင်၏အခွင့်အာဏာဖြင့် ငါပြုနေသောအမှုများသည် ငါ့အကြောင်းကို သက်သေခံလျက်ရှိ၏။ 26သို့သော် သင်တို့သည် ငါ့ကိုမယုံကြည်ကြ။ မယုံကြည်ကြခြင်းမှာလည်း သင်တို့သည် ငါ၏သိုးများမဟုတ်ကြသောကြောင့်ဖြစ်၏။ 27ငါ့သိုးတို့သည် ငါ့အသံကို နားထောင်ကြ၏။ ငါသည်လည်း သူတို့ကိုသိ၍ သူတို့သည် ငါ့နောက်သို့လိုက်ကြ၏။ 28ငါသည် သူတို့အား နိစ္စထာဝရအသက်ကို ပေး၍ သူတို့သည် ဘယ်သောအခါမျှ မပျက်စီးရ။ မည်သူမျှ သူတို့ကို ငါ့ထံမှ လုယူ၍မရနိုင်။ 29သူတို့အား ငါ့ထံသို့ ပေးအပ်တော်မူသည့် ငါ၏ဖခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက် ကြီးမြတ်တော်မူသည်ဖြစ်၍ မည်သူမျှ သူတို့ကို ဖခမည်းတော်၏လက်တော်မှ မလုယူနိုင်။ 30ငါနှင့် ခမည်းတော်သည် တစ်လုံးတစ်ဝတည်းဖြစ်၏” ဟုပြန်လည်မိန့်တော်မူ၏။
31ထိုအခါ ဂျူးလူမျိုးတို့သည် ကိုယ်တော်အား ခဲနှင့်ပေါက်ရန်အတွက် ကျောက်ခဲများကို တဖန် ကောက်ယူကြပြန်၏။ 32သို့သော် ကိုယ်တော်သည် “ငါသည် ခမည်းတော်ထံမှ ကောင်းမွန်သောအမှုကိစ္စများကို သင်တို့အား ပြသခဲ့ပြီးဖြစ်၏။ ထိုအထဲမှ မည်သည့်အမှုကိစ္စဖြင့် ငါ့အား ခဲနှင့်ပေါက်သတ်ကြမည်နည်း” ဟုမေးတော်မူလျှင်
33ဂျူးလူမျိုးတို့က ကိုယ်တော်အား “ကောင်းမွန်သောအမှုကိစ္စကို ပြုသည့်အတွက်ကြောင့် သင့်ကိုခဲနှင့်ပေါက်သတ်ကြမည်မဟုတ်။ သင်သည် လူဖြစ်လျက်နှင့် သင့်ကိုယ်သင် ဘုရားဖြစ်သည်ဟုဆိုကာ ဘုရားရှင်ကိုစော်ကားသောကြောင့်ဖြစ်သည်” ဟု ပြောဆိုကြလေသည်။
34ကိုယ်တော်သည်လည်း “သင်တို့၏ပညတ်ကျမ်း၌ ‘ငါ​ဆို​သည်​ကား သင်​တို့​သည် “ဘုရား​များ​” ဖြစ်​ကြ​၏’ ဟူ၍ ရေးသားထားသည်မဟုတ်လော။ 35ကျမ်းစာသည် အစဉ်ထာဝရမှန်ကန်သည်ကို ငါတို့သိကြ၏။ ဘုရားရှင်၏နှုတ်ကပတ်တော်ကို ရရှိသူတို့အား ဘုရားရှင်သည် ‘ဘုရားများ’ ဟုခေါ်ခဲ့၏။ 36ငါသည်ကား အဖဘုရားရှင်သည် ငါ့အားရွေးချယ်တော်မူ၍ စေလွှတ်တော်မူသောသူဖြစ်သည်။ ထို့ကြောင့် ‘ငါသည် ဘုရားရှင်၏သားတော်ဖြစ်သည်’ ဟုဆိုသောအခါ ဘုရားရှင်အား စော်ကားသည်ဟု သင်တို့ဆိုကြသလော။ 37ငါသည် ငါ့ခမည်းတော်၏အမှုတော်များကို မဆောင်ရွက်လျှင် ငါ့ကို မယုံကြည်ကြနှင့်။ 38သို့သော်လည်း ငါသည် ဆောင်ရွက်နေသည်ဖြစ်၍ ငါ့အားမယုံကြည်လျှင်ပင် ထိုအမှုတော်တို့ကို ယုံကြည်ကြလော့။ ထိုသို့ယုံလျှင် အဖဘုရားသည် ငါ၌ရှိတော်မူလျက် ငါသည်ခမည်းတော်၌ရှိကြောင်းကို သင်တို့သိရှိ၍ နားလည်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။ 39ထိုအခါ လူတို့သည်လည်း ကိုယ်တော့်အား ဖမ်းဆီးရန် ထပ်မံကြိုးစားကြပြန်လျှင် ကိုယ်တော်သည် သူတို့လက်မှ လွတ်မြောက်၍ ကြွသွားတော်မူ၏။
40ထို့နောက် ကိုယ်တော်သည် အဝေးသို့ ပြန်လည်ထွက်ခွာသွားခဲ့ပြီး ယခင်က ယောဟန်ရေနှစ်မင်္ဂလာပေးရာအရပ်ဖြစ်သော ဂျော်ဒန်မြစ်တစ်ဖက်ကမ်းသို့ ကြွတော်မူ၍ ထိုအရပ်၌ နေတော်မူ၏။ 41လူအများတို့သည်လည်း ကိုယ်တော့်ထံသို့ လာကြ၍ “ယောဟန်သည် မည်သည့်နိမိတ်လက္ခဏာကိုမျှ မပြုခဲ့သော်လည်း ဤသူနှင့်ပတ်သက်၍ သူပြောဆိုခဲ့သမျှအားလုံးသည် မှန်ပေ၏” ဟုဆိုကြ၏။ 42ဤသို့ဖြင့် ထိုအရပ်၌ လူများစွာတို့သည် ကိုယ်တော်အား ယုံကြည်ကြ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in