Psalms 84

84
1အနန္တတန်ခိုးတော်နှင့်ပြည့်စုံတော်မူသော ဘုရားရှင်​၊ အရှင်​ကိန်းဝပ်​တော်မူ​ရာ​အရပ်ဌာနေ​သည် နှစ်သက်ဖွယ်​ကောင်း​လှ​ပါ​၏​။ 2ကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ဘုရားရှင်​၏​တံတိုင်း​တော်​များ​ကို လွမ်းဆွတ်​၍ မူးမေ့​မတတ်​ဖြစ်​ပါ​၏​။ ကျွန်ုပ်​၏​စိတ်နှလုံး​နှင့် ကျွန်ုပ်​၏​ကိုယ်ခန္ဓာ​သည် အသက်ရှင်​သော​ဘုရားရှင်​ထံ ရွှင်လန်း​စွာ​သီချင်းဆို​ပါ​၏​။ 3အို အနန္တတန်ခိုးတော်နှင့် ပြည့်စုံတော်မူသော ဘုရားရှင်​၊ ကျွန်ုပ်​၏​ရှင်ဘုရင်​၊ ကျွန်ုပ်​၏​ဘုရားရှင်​၊ အရှင်​၏​ပူဇော်ရာပလ္လင်​အနီး​တွင် စာကလေးပင်လျှင် နေစရာ​အရပ်​ကို​လည်းကောင်း​၊ ပျံလွှားငှက်​ပင်လျှင် မိမိ​သားငယ်​မွေး​ရန် မိမိ​အသိုက်​ကို​လည်းကောင်း တွေ့ရှိ​ကြ​ပါ​၏​။ 4ကိုယ်တော်​၏​အိမ်​တော်​၌ နေထိုင်​သော​သူ​တို့​သည် ကောင်းချီးမင်္ဂလာ​ခံစားကြရ၏​။ သူ​တို့​သည် အရှင်ကို အစဉ်မပြတ်​ချီးမွမ်း​လျက်​နေ​ကြ​ပါ​လိမ့်မည်​။ 5အရှင်​၌ ခွန်အားခံယူ​သော​သူတို့​၊ ဇိအုန်တောင်​သို့​သွား​ရာ​လမ်း​ကို နှလုံး​သွင်း​တတ်ကြပါ၏​။ 6သူ​တို့​သည် ဗာကာ​ချိုင့်ဝှမ်း​ကို ဖြတ်သွား​ကြ​ရ​သော်လည်း ထိုချိုင့်ဝှမ်း​ကို စမ်းရေ​ထွက်​ရာ​အရပ်​ဖြစ်စေ​၏​။ မိုးဦး​သည်​လည်း ထို​နေရာ​ကို ကောင်းချီးမင်္ဂလာ​များ​နှင့် ဖုံးလွှမ်း​ပေး​ပါ​၏​။ 7သူ​တို့​သည် ခွန်အားတိုးသည်ထက်တိုးလာ​လျက်​၊ သွား​ကြ​လျက် ဇိအုန်​၌​ရှိ​တော်မူ​သော​ဘုရားရှင်​ကို ဖူးမြင်​ရ​ကြ​ပါ​လိမ့်မည်​။ 8အနန္တတန်ခိုးတော်နှင့်ပြည့်စုံတော်မူသော အရှင်​ဖြစ်တော်မူသည့် ဘုရားရှင်​၊ ကျွန်ုပ်​၏​ဆုတောင်းချက်​ကို ကြားနာ​တော်မူ​ပါ​။ အို ယာကုပ်​၏​ဘုရားရှင်​၊ နားထောင်​တော်မူ​ပါ​။ 9အို ဘုရားရှင်​၊ ကျွန်ုပ်​တို့​၏​ဒိုင်းလွှား​ကို​ကြည့်ရှု​တော်မူ​ပါ​။ အရှင်ဘိသိက်ပေး​ထား​သော​သူ​၏​မျက်နှာ​ကို ထောက်ရှု​တော်မူ​ပါ​။ 10အရှင်၏​တံတိုင်း​တော်​များ​အတွင်း​၌ တစ်ရက်​နေ​ရ​ခြင်း​သည် အခြား​သော​အရပ်​၌ ရက်​တစ်ထောင်​နေ​ရ​ခြင်း​ထက် ပို၍​ကောင်း​ပါ​၏​။ ဆိုးယုတ်​သော​သူ​၏​တဲ​တွင်​နေ​ရ​ခြင်း​ထက် ကျွန်ုပ်​ဘုရားရှင်​၏​အိမ်​တော်​၌ တံခါးစောင့်​ဖြစ်​ရ​ခြင်း​ကို ကျွန်ုပ်​ပို၍​နှစ်သက်​ပါ​၏​။ 11အကြောင်းမူကား အရှင်ဖြစ်တော်မူသည့် ဘုရားရှင်​သည် နေ​လည်း​ဖြစ်​တော်မူ​၏​။ ဒိုင်းလွှား​လည်း​ဖြစ်​တော်မူ​၏​။ ဘုရားရှင်သည် ကျေးဇူး​တော်​နှင့်​ဘုန်းကျက်သရေ​တော်​ကို ပေး​တော်မူ​၏​။ အပြစ်တင်စရာမရှိ​အောင် အသက်ရှင်​လျှောက်လှမ်း​သော​သူ​တို့​အား ကောင်းမြတ်​သော​အရာ​ကို မပေး​ဘဲ​နေ​တော်မူ​မည်​မ​ဟုတ်​။ 12အနန္တတန်ခိုးတော်နှင့်ပြည့်စုံတော်မူသော ဘုရားရှင်​၊ အရှင်​ကို ယုံကြည်ကိုးစား​သော​သူ​သည် ကောင်းချီးမင်္ဂလာရှိပေ​၏​။

ទើបបានជ្រើសរើសហើយ៖

Psalms 84: TPV-RV

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល