ယောဟန် 16

16
1တဖန် ကိုယ်တော်က “သင်တို့၏ယုံကြည်မှု မပျက်ပြားစေခြင်းငှာ ဤစကားကို သင်တို့အား ငါပြောထား၏။ 2လူတို့သည် သင်တို့အား ဓမ္မာရုံမှ ထုတ်ပယ်ကြလိမ့်မည်။ ထိုမျှမက သင်တို့ကိုသတ်သောသူတို့သည် မိမိတို့သည် ဘုရားရှင်ကို ပူဇော်နေခြင်းသာဖြစ်ကြောင်း ထင်မှန်ကြသည့်အချိန်ကာလရောက်လာတော့မည်။ 3သူတို့သည် ခမည်းတော်အားလည်းကောင်း၊ ငါ့ကိုလည်းကောင်းမသိသောကြောင့် ထိုသို့ပြုကြခြင်းဖြစ်၏။ 4ထိုအချိန်ကာလရောက်လာသောအခါ ငါသည်ဤသို့ပြောခဲ့ကြောင်း သင်တို့အမှတ်ရစေရန် ဤအကြောင်းအရာများကို သင်တို့အား ယခုငါပြောထား၏။ အစအဦး၌ မပြောခဲ့ခြင်းမှာ ငါသည် သင်တို့နှင့်အတူ ရှိနေသောကြောင့်ဖြစ်၏။
ဉာဏ်အလင်းတော်၏လုပ်ဆောင်ချက်
5ယခုမူကား ငါ့ကိုစေလွှတ်တော်မူသော အရှင်ထံသို့ ငါသွားတော့မည်ဖြစ်သော်လည်း သင်တို့ထဲမှ မည်သူကမျှ ‘ကိုယ်တော်သည် မည်သည့်အရပ်သို့ သွားမည်နည်း’ ဟုငါ့အား မမေးကြ။ 6သင်တို့သည်ကား ငါပြောသောအကြောင်းအရာတို့ကြောင့် သင်တို့စိတ်နှလုံးသည် ဝမ်းနည်းပူဆွေးခြင်းနှင့်ပြည့်လျက်ရှိကြ၏။ 7သို့သော် သင်တို့အား ငါအမှန်ဆိုသည်ကား ငါသွားရခြင်းသည် သင်တို့အတွက် အကျိုးရှိ၏။ အကြောင်းမူကား ငါမသွားလျှင် ကူညီမည့်သူသည် သင်တို့ထံလာမည်မဟုတ်။ ငါသွားလျှင်မူကား ထိုအရှင်ကို သင်တို့ထံ ငါစေလွှတ်မည်။ 8ထိုအရှင်ရောက်လာသောအခါ လောကသားတို့အား အပြစ်အကြောင်း၊ ဖြောင့်မတ်ခြင်းအကြောင်းနှင့် တရားစီရင်ခြင်းအကြောင်းတို့အား ဖော်ပြလိမ့်မည်။ 9လောကသားတို့သည် ငါ့ကို မယုံကြည်ကြသောကြောင့် အပြစ်အကြောင်းကိုလည်းကောင်း၊ 10ငါသည် ခမည်းတော်ထံသို့သွား၍ သင်တို့သည် ငါ့အားတွေ့မြင်ရတော့မည်မဟုတ်သောကြောင့် ဖြောင့်မတ်ခြင်းအကြောင်းကိုလည်းကောင်း၊ 11ဤလောကကို အုပ်စိုးသူသည် တရားစီရင်ခံရပြီဖြစ်သောကြောင့် တရားစီရင်ခြင်းအကြောင်းကိုလည်းကောင်း ဖော်ပြမည်။
12သင်တို့အား ငါပြောစရာများစွာရှိနေသေးသော်လည်း သင်တို့နာယူနိုင်သည်ထက်ပိုနေပြီဖြစ်၍ ယခုငါပြောတော့မည်မဟုတ်။ 13သို့သော် စစ်မှန်သောဘုရားရှင်အား ထင်ရှားစေသည့် ဉာဏ်အလင်းတော်ရောက်လာသောအခါ သင်တို့အား သမ္မာတရားအလုံးစုံသို့ လမ်းပြပို့ဆောင်ပေးတော်မူလိမ့်မည်။ အကြောင်းမူကား ထိုဉာဏ်အလင်းတော်သည် မိမိဆန္ဒအလျောက် မြွက်ဆိုတော်မမူဘဲ ကြားရသမျှတို့ကိုသာ မြွက်ဆိုတော်မူ၍ နောင်ဖြစ်လာမည့်အရာတို့ကို သင်တို့အား ဖော်ပြတော်မူလိမ့်မည်။ 14ထိုအရှင်သည် ငါနှင့်ဆိုင်သောအရာအားယူ၍ သင်တို့အား ဖော်ပြမည်ဖြစ်သောကြောင့် ငါ၏ဘုန်းတော်ကို ထင်ရှားစေလိမ့်မည်။ 15ခမည်းတော်၌ရှိသောအရာအားလုံးတို့သည် ငါနှင့်ဆိုင်သောအရာဖြစ်၏။ ထို့ကြောင့် ဉာဏ်အလင်းတော်သည် ငါနှင့်ဆိုင်သောအရာကိုယူ၍ သင်တို့အား ဖော်ပြမည်ဟု ငါဆိုခဲ့၏။
ဝမ်းနည်းခြင်းနှင့် ဝမ်းမြောက်ခြင်း
16အချိန်ခဏကြာလျှင် သင်တို့သည် ငါ့အား မြင်ရကြတော့မည်မဟုတ်။ သို့ရာတွင် နောက်ထပ်ခဏကြာလျှင် ငါ့ကိုပြန်တွေ့မြင်ရကြလိမ့်မည်” ဟု မိန့်တော်မူ၏။
17ထိုအခါ တပည့်တော်အချို့တို့သည် “‘အချိန်ခဏကြာလျှင် သင်တို့သည် ငါ့ကို မြင်ရကြတော့မည်မဟုတ်။ သို့ရာတွင် နောက်ထပ်ခဏကြာလျှင် ငါ့ကိုပြန်တွေ့မြင်ရကြလိမ့်မည်’ ဟူ၍လည်းကောင်း၊ ‘ငါသည် ခမည်းတော်ထံသို့ သွားတော့မည်’ ဟူ၍လည်းကောင်း ငါတို့အား မိန့်တော်မူသောစကားတို့မှာ မည်သို့ဆိုလိုသနည်း” ဟုအချင်းချင်းပြောဆိုကြ၏။ 18တစ်ဖန် သူ​တို့​သည် “‘ခဏကြာလျှင်’ ဟူ၍ ကိုယ်တော်မိန့်ဆိုသည်မှာ မည်သည်ကို ဆိုလိုသနည်း။ ငါတို့သည် မည်သို့မျှ နားမလည်ကြ” ဟုပြောဆိုကြ၏။
19ကိုယ်တော်ယေရှု​သည် မိမိ​အား တပည့်​တော်​တို့​မေးလျှောက်​လို​ကြ​သည်​ကို သိမြင်​တော်မူ​၍ “‘အချိန်ခဏကြာလျှင် သင်တို့သည် ငါ့ကို မြင်ရကြတော့မည်မဟုတ်။ သို့ရာတွင် နောက်ထပ်ခဏကြာလျှင် ငါ့ကိုပြန်တွေ့မြင်ရကြလိမ့်မည်’ ဟု ငါဆိုသည်နှင့်ပတ်သက်၍ အချင်းချင်းမေးမြန်းပြောဆိုနေကြသလော။ 20သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့သည် ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ဤလောကသားတို့မူကား ဝမ်းမြောက်ရွှင်လန်းကြလိမ့်မည်။ သင်တို့သည် ဝမ်းနည်းကြသော်လည်း သင်တို့၏ဝမ်းနည်းခြင်းသည် ဝမ်းမြောက်ခြင်းဖြစ်သွားလိမ့်မည်။ 21အမျိုးသမီးတစ်ဦးသည် မီးဖွားရန်အချိန်ကျသောအခါ နာကျင်ခြင်းရှိ၏။ သို့ရာတွင် မီးဖွားပြီးသည့်အချိန်တွင်မူကား ဤလောကတွင် လူတစ်ဦးကို မွေးဖွားသည့်အတွက် ကြည်နူးဝမ်းမြောက်ခြင်းရှိသဖြင့် နာကျင်ခံစားခဲ့ရသည့်ဝေဒနာတို့ကို မေ့လျော့တတ်၏။ 22ထို့အတူ သင်တို့သည် ယခုဝမ်းနည်းခြင်းရှိကြသော်လည်း ငါသည် သင်တို့နှင့် တဖန်ပြန်တွေ့မည်ဖြစ်သောကြောင့် သင်တို့၏စိတ်နှလုံးသည် ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကို မည်သူမျှ သင်တို့ထံမှ မဖယ်ရှားနိုင်။ 23ထိုနေ့၌ သင်တို့သည် မည်သည့်အရာကိုမျှ ငါ့အားမေးမြန်းကြမည်မဟုတ်။ သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့သည် တစ်စုံတစ်ခုကို ငါ၏နာမ၌‌ ခမည်းတော်ထံတောင်းလျှောက်ကြလျှင် ခမည်းတော်သည် ပေးတော်မူလိမ့်မည်။ 24သင်တို့သည် ယခုတိုင်အောင် ငါ့နာမ၌ မည်သည့်အရာကိုမျှ တောင်းခံခြင်းမရှိကြသေး။ သင်တို့၏ဝမ်းမြောက်ခြင်းပြည့်စုံစေရန် တောင်းလျှောက်ကြလော့။ တောင်းလျှင်ရကြလိမ့်မည်။
လောကကို အောင်တော်မူခြင်း
25ဤအရာများကို ပုံဥပမာအားဖြင့် သင်တို့အား ငါဟောပြောခဲ့သော်လည်း ပုံဥပမာအားဖြင့် မဟောပြောတော့ဘဲ ခမည်းတော်၏အကြောင်းကို သင်တို့အား အတိအလင်းငါဖော်ပြမည့်အချိန်ကာလ ရောက်လာတော့မည်။ 26ထိုနေ့တွင် သင်တို့သည် ငါ၏နာမ၌ တောင်းလျှောက်ကြလိမ့်မည်။ သို့ရာတွင် သင်တို့အတွက် ငါသည် ခမည်းတော်ထံ၌ တောင်းခံပေးမည်ဟုမဆိုလိုပေ။ 27အကြောင်းမူကား သင်တို့သည် ငါ့ကိုချစ်ခင်၍ ငါသည် ဘုရားရှင်ထံမှ ကြွလာသည်ကို ယုံကြည်ကြသောကြောင့် ခမည်းတော်ကိုယ်တော်တိုင် သင်တို့ကို ချစ်ခင်တော်မူ၏။ 28ငါသည် ခမည်းတော်ထံမှ ကြွလာ၍ ဤလောကသို့ ရောက်ခဲ့၏။ တဖန် ဤလောကမှ ထွက်ခွာ၍ ခမည်းတော်ထံသို့ သွားတော့မည်” ဟု မိန့်တော်မူ၏။
29ထိုအခါ တပည့်တော်တို့သည် “ယခုကိုယ်တော်သည် ပုံဥပမာအားဖြင့်မဟုတ်ဘဲ ပွင့်လင်းစွာမိန့်ဆိုတော်မူလေပြီ။ 30ကိုယ်တော်သည် အရာခပ်သိမ်းကို သိမြင်တော်မူသဖြင့် မည်သူမျှ ကိုယ်တော်ကို မေးလျှောက်စရာမလိုအပ်ကြောင်းကို ယခုအကျွန်ုပ်တို့ သိကြပါပြီ။ ဤအကြောင်းကိုထောက်၍ ကိုယ်တော်သည် ဘုရားရှင်ထံတော်မှ ကြွလာတော်မူသည်ကို အကျွန်ုပ်တို့ယုံကြည်ကြပါ၏” ဟုလျှောက်တင်ကြ၏။
31ကိုယ်တော်သည်လည်း “ယခု သင်တို့ယုံကြည်ကြသလော။ 32သင်တို့သည် တစ်ကွဲတစ်ပြားစီဖြစ်လျက် မိမိတို့အိမ်သို့ အသီးသီးပြန်သွားကြကာ ငါ့ကို တစ်ကိုယ်တည်းပစ်ထားကြမည့်အချိန်ရောက်လာမည်ဖြစ်ရာ ယခုပင်ရောက်လာလေပြီ။ သို့ရာတွင် ခမည်းတော်သည် ငါနှင့်အတူရှိတော်မူသောကြောင့် ငါသည်တစ်ကိုယ်တည်းမဟုတ်။
33သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်းချမ်းခြင်းရှိစေခြင်းငှာ ဤအကြောင်းကို ငါဟောပြော၏။ သင်တို့သည် ဤလောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် ဤလောကကို အောင်တော်မူပြီ” ဟု မိန့်တော်မူ၏။

ទើបបានជ្រើសរើសហើយ៖

ယောဟန် 16: TPV-RV

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល