Acts 9
9
1ထိုအချိန်တွင် ရှောလုသည် ကိုယ်တော်ယေရှု၏တပည့်တော်တို့အား အစဉ်အမြဲ ခြိမ်းခြောက်လျက်ရှိပြီး သတ်ဖြတ်ရန်အတွက် စိတ်ဆန္ဒပြင်းပြနေသောကြောင့် သူသည် အကြီးဆုံးပုရောဟိတ်ထံသို့ သွား၍ 2ကိုယ်တော်ယေရှု၏ တရားလမ်းစဉ်နောက်သို့ လိုက်သောသူ မည်သူမဆိုတို့အား ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ဖမ်းဆီး၍ ဂျေရုဆလင်မြို့သို့ ခေါ်ဆောင်လာခွင့်ရရန်အတွက် ဒမတ်စကပ်မြို့ရှိ ဂျူးလူမျိုး ဓမ္မာရုံတာဝန်ခံများထံသို့ စာကိုပေးပို့ရန် တောင်းခံလေ၏။ 3ရှောလုသည် ဒမတ်စကပ်မြို့အနီးသို့ ရောက်လာသောအခါ ကောင်းကင်မှ အလင်းရောင်တစ်ခုသည် ရုတ်တရက် သူ၏ပတ်ပတ်လည်၌ ထွန်းလင်းတောက်ပလာလေသည်။ 4သူသည် မြေပေါ်သို့လဲကျသွား၍ "ရှောလု၊ ရှောလု၊ အဘယ်ကြောင့် ငါ့အားညှဉ်းပန်းနှိပ်စက် နေပါသနည်း" ဟုပြောဆိုသည့် အသံတော်တစ်ခုအား ကြားရလေ၏။ 5ရှောလုက "အရှင်၊ အရှင်သည် မည်သူဖြစ်သနည်း" ဟုမေးမြန်းသောအခါ "ငါသည် သင်ညှဉ်းပန်းနှိပ်စက်နေသည့် ယေရှုပင်ဖြစ်ပေ၏။ 6သင်သည် အခုပင်ထ၍ မြို့ထဲသို့သွားလော့။ သင်မည်သည်ကို လုပ်ဆောင်ရမည်ဆိုသည်ကို ပြောကြားပါလိမ့်မည်" ဟုမိန့်တော်မူ၏။ 7ရှောလုနှင့်အတူ ခရီးသွားကြသောသူတို့သည် အသံကိုကြားရသော်လည်း မည်သူ့ကိုမျှ မတွေ့ရသောကြောင့် ဆွံ့အလျက် ရပ်နေကြလေ၏။ 8ရှောလုသည်လည်း မြေကြီးမှထ၍ သူ၏မျက်စိအား ဖွင့်ကြည့်သော်လည်း မျက်စိကွယ်သွားသဖြင့် သူ၏အပေါင်းအဖေါ်များက သူ၏လက်ကိုဆွဲကာ ဒမတ်စကပ်မြို့သို့ ခေါ်ဆောင်သွားကြလေ၏။ 9သူသည် သုံးရက်တိုင်တိုင် မျက်စိကွယ်၍ မည်သည့်အရာကိုမျှ စားသောက်ခြင်းမရှိဘဲနေလေ၏။ 10ဒမတ်စကပ်မြို့၌ အာနနိအမည်ရှိသော တပည့်တော်တစ်ဦးရှိ၍ ကိုယ်တော်သည် အာနနိအား ရူပါရုံ၌ "အာနနိ" ဟုခေါ်လျှင် "အကျွန်ုပ်ရှိပါသည် အရှင်" ဟုပြန်လည်လျှောက်တင်လေ၏။ 11ကိုယ်တော်ယေရှုကလည်း "သင်သည် ယခုပင်ထ၍ ဖြောင့်တန်းသည့်လမ်းဟုခေါ်သည့် လမ်းကြားသို့သွားလော့။ တာရှုမြို့သား ရှောလုဆိုသူအား ယုဒ၏အိမ်တွင် ရှာလော့။ 12သူ၏ရူပါရုံထဲတွင် အာနနိဟုခေါ်သည့်သူသည် သူ့ထံသို့ကိုလာဤ သူ၏မျက်စိပြန်ကောင်းစေရန်အတွက် သူ့အပေါ်တွင် လက်တင်သည်ကို သူသည်မြင်ခဲ့ပြီး ဆုတောင်းနေ၏" ဟု မိန့်တော်မူလေ၏။ 13အာနနိကလည်း "ကိုယ်တော်၊ ထိုလူသည် ဂျေရုဆလင်မြို့တွင် ကိုယ်တော့်၏လူများအပေါ် မကောင်းမှုများ မည်မျှအထိ လုပ်ဆောင်ခဲ့သည် ဆိုသည်အား အခြားလူများထံမှ ကျွန်ုပ်ကြားသိရပါ၏။ 14သူသည် ပုရောဟိတ်အကြီးအကဲများထံမှ အခွင့်အာဏာနှင့် ကိုယ်တော့်အမည်နာမ၌ ဝတ်ပြုကိုးကွယ်ကြသူတို့အား ဖမ်းဆီးရန်အတွက် ထိုနေရာသို့ ရောက်လာခြင်းဖြစ်ပါ၏" ဟုပြန်လည်လျှောက်တင်လေ၏။ 15ကိုယ်တော်ကလည်း သူ့အား "သွားလော့။ သူသည် ငါ၏အမှုတော်အား ထမ်းဆောင်ရန်နှင့် ငါ၏အမည်နာမအား တိုင်းတပါးသားများ၊ ရှင်ဘုရင်များနှင့် အစ္စရေးလူမျိုးများ သိကြစေရန်အတွက် ရွေးချယ်ခြင်းခံထားရသည့်သူဖြစ်၏။ 16သူသည် ငါ၏အတွက်ကြောင့် ဒုက္ခဆင်းရဲဝေဒနာများ မည်မျှခံစားရမည်ဆိုသည်ကို သူ့အား ငါသည်ပြသမည်ဖြစ်၏" ဟုမိန့်တော်မူလေ၏။ 17ထို့ကြောင့် အာနနိသည် ထွက်ခွာသွားပြီး ယုဒ၏အိမ်သို့ ဝင်လေသည်။ အာနနိသည် ရှောလု၏အပေါ်၌ လက်ကိုတင်ပြီးနောက် သူက "ညီအစ်ကို ရှောလု၊ ဒမတ်စကပ်မြို့သို့ သွားသည့်လမ်းတွင် သင့်အား ကိုယ်ထင်ပြတော်မူခဲ့သည့် ကိုယ်တော်ယေရှုသည် သင်၏မျက်စိကိုပြန်မြင်စေပြီး ဉာဏ်အလင်းတော်နှင့် ပြည့်ဝခြင်းရှိစေရန် ငါ့အား စေလွှတ်လိုက်ခြင်း ဖြစ်၏" ဟုပြောဆိုလေသည်။ 18ထိုခဏချင်းတွင်ပင် ရှောလု၏ မျက်လုံးမှ ငါးအကြေးခွံကဲ့သို့သော အရာများသည် ကွာကျလာပြီး သူသည် မျက်စိပြန်မြင်နိုင်ခဲ့လေသည်။ ထိုအခါ ရှောလုသည် မတ်တပ်ထရပ်လိုက်ပြီးနောက် ရေနှစ်မင်္ဂလာခံယူလေသည်။ 19သူသည် အစားအစာတစ်ခုခုစားပြီးသည်နှင့် ခွန်အားများပြန်လည်ပြည့်ဝလာလေသည်။ ထို့နောက် ရှောလုသည် ဒမတ်စကပ်မြို့၌ တပည့်တော်တို့နှင့်အတူ ရက်အတော်ကြာနေထိုင်ခဲ့ပြီး 20သူက ကိုယ်တော်ယေရှုသည် ဘုရားရှင်၏သားတော်ဖြစ်ကြောင်း ဓမ္မာရုံများ၌ ချက်ချင်းပင် စတင်၍ဟောပြောလေ၏။ 21ကြားရသူအပေါင်းတို့က "ဤလူသည် ဂျေရုဆလင်မြို့၌ ကိုယ်တော်ယေရှုအား ကိုးကွယ်ကြသည့်သူတို့အား သတ်ဖြတ်ခဲ့သည် မဟုတ်လော။ ဤအရပ်ရှိ လူတို့ကိုလည်း ထိုကဲ့သို့ပင် ဖမ်းဆီးပြီး ပုရောဟိတ်အကြီးအကဲများထံ ပြန်ပို့ရန် ရည်ရွယ်ချက်နှင့် ဤအရပ်သို့ လာခဲ့ခြင်းပင် မဟုတ်လော" ဟုအံ့ဩစွာနှင့် မေးမြန်းကြလေသည်။ 22သို့သော် ရှောလုသည် ပို၍ပင်တန်ခိုးအာဏာ ကြီးထွားလာပြီး ကိုယ်တော်ယေရှုသည် ကယ်တင်ရှင်မေရှိယဖြစ်ကြောင်း သက်သေပြခြင်းဖြင့် ဒမတ်စကပ်မြို့၌နေထိုင်သော ဂျူးလူမျိုးများကို အံ့ဩတွေဝေစေခဲ့၏။ 23ရက်များစွာကြာပြီးနောက် ဂျူးလူမျိုးများသည်စုဝေး၍ ရှောလုအားသတ်ရန် ကြံစည်ကြသော်လည်း 24ရှောလုသည် သူတို့၏အကြံအစည်ကို သိလေ၏။ ထိုသူတို့သည် ရှောလုအား သတ်ရန်အတွက် မြို့တံခါးဝများ၌ နေ့ညမပြတ် စောင့်ကြည့်လျက်နေခဲ့ကြလေသည်။ 25သို့သော် တစ်ညတွင် ရှောလု၏ နောက်လိုက်များသည် သူ့အားခေါ်ဆောင်သွားပြီး ခြင်းတောင်းထဲထည့်၍ မြို့ရိုးနံရံအပေါက်မှတဆင့် အောက်သို့လျှောချကြလေ၏။ 26ထို့နောက် ရှောလုသည် ဂျေရုဆလင်မြို့သို့ရောက်သောအခါ တပည့်တော်တို့နှင့် ပူးပေါင်းရန် ကြိုးစားခဲ့လေ၏။ သို့သော် လူတိုင်းသည် သူ့အား ကြောက်ရွံ့ခဲ့ကြပြီး သူသည် တပည့်တော်တစ်ဦး ဖြစ်သည်ကို ယုံကြည်ခြင်း မရှိခဲ့ကြပေ။ 27သို့သော် ဗာနဗသည် သူ့အားတပည့်တော်များထံသို့ ခေါ်ဆောင်သွား၍ လမ်းတွင် ရှောလုသည် ကိုယ်တော်ယေရှုကိုမြင်ခဲ့ပြီး ကိုယ်တော်နှင့်စကားပြောခဲ့ပုံ၊ ကိုယ်တော်၏နာမတော်ကိုအမှီပြု၍ ဒမတ်စကပ်မြို့၌ ရဲရင့်စွာပြောဆိုခဲ့ပုံတို့ကို သူတို့အားပြောပြလေ၏။ 28ထို့နောက် ရှောလုသည် တပည့်တော်တို့နှင့်အတူ ဂျေရုဆလင်မြို့အနှံ့သို့ သွားရောက်ခဲ့ပြီး ကိုယ်တော်ယေရှု၏ တန်ခိုးတော်နှင့် အခွင့်အာဏာတို့ဖြင့် ရဲရင့်စွာ ဟောပြောခဲ့လေသည်။ 29သူသည် ဂရိစကားကိုပြောသောဂျူးလူမျိုးများနှင့် ငြင်းခုန်ပြောဆိုသဖြင့် ထိုသူတို့သည် ရှောလုကိုသတ်ရန် ကြိုးစားကြလေ၏။ 30ထိုအကြောင်းကို ယုံကြည်သူတို့ ကြားသိကြသောအခါ သူ့အား ဆီဇာရီးယားမြို့သို့ ခေါ်ဆောင်၍ တာရှုမြို့သို့စေလွှတ်လိုက်ကြ၏။ 31ထိုအခါ ယုဒပြည်၊ ဂါလိလဲပြည်၊ ရှမာရိမြို့တို့၌ အသင်းတော်သည် ငြိမ်းချမ်းခြင်းရှိ၍၊ ကိုယ်တော်ယေရှုအား ကြောက်ရွံ့ရိုသေကြခြင်းနှင့် ဉာဏ်အလင်းတော်၏ ကူညီစောင့်ရှောက်မှု၌ အသက်ရှင်နေထိုင်လာကြသော လူအရေအတွက်သည် တိုးပွားလာလေသည်။ 32ပေတရုသည်လည်း တိုင်းပြည်အနှံ့သို့လှည့်လည်ရာ လုဒ္ဒမြို့၌နေထိုင်သော ဘုရားရှင်၏လူမျိုးတော်များထံသို့ ရောက်ရှိလာလေ၏။ 33ထိုနေရာတွင် လေဖြတ်၍ ရှစ်နှစ်ပတ်လုံး အိပ်ရာပေါ်၌လဲနေသည့် အဲနေအမည်ရှိသောလူတစ်ဦးအား တွေ့ရလေ၏။ 34ထိုအခါ ပေတရုက "အဲနေ၊ ယေရှုခရစ်တော်သည် သင့်အား ကျန်းမာစေတော်မူပြီဖြစ်၏။ ထ၍ သင်၏အိပ်ယာကို ကိုယ်သိမ်းပါလော့" ဟုဆိုလျှင် ထိုသူသည် ချက်ချင်းထလေ၏။ 35ထို့ကြောင့် လုဒမြို့နှင့် ရှာရုန်မြို့၌ နေထိုင်ကြသူအပေါင်းတို့သည် အဲနေကိုမြင်၍ ဘုရားရှင်ထံတော်သို့ လှည့်လာကြလေ၏။ 36ယုပ္ပေမြို့တွင် နေထိုင်သော တဗိသအမည်ရှိ တပည့်တော်မတစ်ဦးသည်လည်းရှိပြီး ဂရိဘာသာစကားဖြင့် သူမ၏အမည်မှာ ‘ဒေါ်ကာ’ ဟူ၍ဖြစ်သည်။ သူမသည် ဆင်းရဲသားများနှင့် လူအများကို အမြဲပေးကမ်းကူညီလျက်ရှိသူဖြစ်၏။ 37ထိုနေ့ရက်များတွင် သူမသည် ဖျားနာ၍သေဆုံးသွားသဖြင့် လူတို့သည် သူမ၏ရုပ်အလောင်းအား ရေချိုးပေးပြီးလျှင် အပေါ်ထပ်အခန်း၌ ထားရှိကြလေ၏။ 38လုဒမြို့သည် ယုပ္ပေမြို့အနီးတွင်ရှိသည်ဖြစ်၍ ထိုမြို့တွင်ပေတရုရှိနေကြောင်းကို တပည့်တော်တို့သည် ကြားသိရသဖြင့် လူနှစ်ယောက်အား သူ့ထံသို့စေလွှတ်၍ "နှောင့်နှေးခြင်းမရှိဘဲ အမြန်လာခဲ့ပါလော့" ဟု လျှောက်တင်စေလေ၏။ 39ပေတရုသည်လည်း ထ၍ သူတို့နှင့်အတူလိုက်ပါသွားလေ၏။ ပေတရုရောက်လာသောအခါ လူတို့သည် သူ့အား အပေါ်ထပ်အခန်းသို့ ခေါ်ဆောင်သွားကြ၏။ မုဆိုးမအပေါင်းတို့သည် ငိုကြွေးလျက် သူတို့နှင့်အတူရှိစဉ်က ဒေါ်ကာချုပ်ခဲ့သည့် အင်္ကျီနှင့်ဝတ်ရုံများကို ပြသကြလေသည်။ 40ပေတရုသည် ထိုသူအပေါင်းတို့ကို အခန်းထဲမှထွက်စေပြီး ဒူးထောက်ကာ ဆုတောင်းလေ၏။ ထို့နောက် ရုပ်အလောင်းရှိရာဘက်သို့လှည့်၍ "တဗိသ၊ ထလော့" ဟုဆိုလျှင် သူမသည် မျက်စိကိုဖွင့်၍ ပေတရုကို မြင်သောအခါ ထ၍ထိုင်လေ၏။ 41ပေတရုသည် သူမအား လက်ကမ်းပေး၍ ဆွဲထူပြီးလျှင် ယုံကြည်သူအပေါင်းနှင့် မုဆိုးမများကိုခေါ်၍ အသက်ရှင်နေသော တဗိသအား ပြသလေ၏။ 42ထိုသတင်းသည် ယုပ္ပေမြို့အနှံ့ ပျံ့နှံ့သွားသဖြင့် လူအများတို့သည် ကိုယ်တော်အား ယုံကြည်လာကြလေ၏။ 43ပေတရုသည် ယုပ္ပေမြို့တွင် သားရေနယ်သမားဖြစ်သည့် ရှိမုန်၏အိမ်၌ ရက်ပေါင်းများစွာ တည်းခိုနေလေ၏။
ទើបបានជ្រើសរើសហើយ៖
Acts 9: TPV-RV
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.