Acts 16

16
1ပေါလုသည် ဒေရဗေမြို့မှတစ်ဆင့်တိမောသေအမည်ရှိတပည့်တော်နေထိုင်သည့် လုတ္တရမြို့သို့ ရောက်လာခဲ့၏။ တိမောသေ၏မိခင်သည် ဂျူးလူမျိုးယုံကြည်သူဖြစ်သော်လည်း သူ၏ဖခင်သည် ဂရိလူမျိုးဖြစ်၏။ 2တိမောသေသည် လုတ္တရနှင့် ဣကောနိမြို့ရှိ ယုံကြည်သူများအကြားတွင် ဂုဏ်သတင်းကောင်းမွန်သူဖြစ်၏။ 3ပေါလုသည် တိမောသေကို သူနှင့်အတူလိုက်စေလိုသောကြောင့် သူ့အား အရေဖျားလှီးမင်္ဂလာ ပြုလုပ်ပေးတော်မူ၏။ အဘယ်ကြောင့်ဆိုသော် တိမောသေ၏ဖခင်သည် ဂရိလူမျိုးဖြစ်သည်ကို ထိုနေရာတွင် နေထိုင်ကြသော ဂျူးလူမျိုးများအားလုံးသိကြသောကြောင့် သူသည် ထိုသို့ပြုလုပ်ခဲ့ခြင်းဖြစ်၏။ 4ထို့နောက် သူတို့သည် မြို့များကိုဖြတ်သွားလျက် ဂျေရုဆလင်မြို့၌ရှိသော သာဝကများနှင့် အသင်းတော်ခေါင်းဆောင်များ ဆုံးဖြတ်ထားခဲ့သည့် စည်းမျဉ်းတို့ကို လူအများက လိုက်နာစောင့်ထိန်းကြစေရန် ဟောပြောကြ၏။ 5ထို့ကြောင့် အသင်းတော်များ၏ယုံကြည်ခြင်းသည် ပိုမိုခိုင်မာလာ၍ တစ်နေ့တခြား လူဦးရေသည် တိုးပွားလာ၏။ 6ထို့နောက် ပေါလုနှင့်သိလတို့သည် ဖြူဂိပြည်နှင့် ဂလာတိပြည်တို့ကို ဖြတ်သွားကြသောအခါ အာရှပြည်တွင် နှုတ်ကပတ်တော်တရားကို ဟောပြောခြင်းမပြုရန် ဉာဏ်အလင်းသည် တားမြစ်တော်မူသဖြင့် 7မုသိပြည်နယ်စပ်သို့ ရောက်လာကြသောအခါ ဗိသုနိပြည်သို့သွားရန် ကြိုးစားကြရာ၌လည်း ဝိညာဉ်တော်က အခွင့်ပေးတော်မူခြင်းမရှိခဲ့ပေ။ 8ထို့ကြောင့် သူတို့သည် မုသိပြည်ကိုဖြတ်၍ တရောမြို့သို့ သွားကြလေ၏။ 9ညအခါတွင် ပေါလုသည် ရူပါရုံ၌ မာကေဒေါနိပြည်သားတစ်ဦးသည် ရပ်လျက် သူ့အား "မာကေဒေါနိပြည်သို့ ကူးလာပြီး ကျွန်တော်တို့အား ကူညီပေးပါလော့" ဟုတောင်းပန်ပြောဆိုသည်ကို မြင်လေ၏။ 10ပေါလုသည် ထိုအမြင်အာရုံအားမြင်ပြီးနောက် ဘုရားရှင်သည် ထိုနေရာတွင်ရှိသောသူတို့အား မင်္ဂလာသတင်းကောင်းကို ဟောပြောရန် ကျွန်ုပ်တို့ကို ခေါ်တော်မူလေပြီဖြစ်သောကြောင့် ကျွန်ုပ်တို့သည် မာကေဒေါနိပြည်သို့သွားရန် ချက်ချင်းပင် ပြင်ဆင်ခဲ့ကြ၏။ 11ထို့နောက် ကျွန်ုပ်တို့သည် တရောမြို့မှသင်္ဘောကိုယူ၍ သာမောသရက်ကျွန်းသို့ ဦးတည်ရွက်လွှင့်သွားပြီးလျှင် နောက်တစ်နေ့၌ နေအာပေါလိမြို့သို့ ရောက်ခဲ့ကြ၏။ 12ထိုမှတစ်ဆင့် ကျွန်ုပ်တို့သည် ရောမလက်အောက်ခံမြို့လည်းဖြစ်သော မာကေဒေါနိပြည် ပထမခရိုင်ရှိ ဖိလိပ္ပိမြို့ကို သွားခဲ့ကြပြီး ထိုမြို့တွင် ရက်အတန်ကြာနေခဲ့ကြ၏။ 13ဥပုသ်နေ့၌ ကျွန်ုပ်တို့သည် မြို့အပြင်သို့ထွက်၍ ဂျူးလူမျိုးများစုဝေး၍ဆုတောင်းသည့်နေရာဟု ကျွန်ုပ်တို့ထင်မှတ်သော မြစ်ကမ်းနားသို့ သွားကြလေ၏။ ကျွန်ုပ်တို့သည် ထိုအရပ်၌စုဝေးနေကြသော အမျိုးသမီးများနှင့် ထိုင်၍စကားပြောခဲ့ကြ၏။ 14နားထောင်နေကြသောသူများထဲမှ တစ်ဦးသည် သွာတိရမြို့မှ ခရမ်းရောင်အဝတ်အထည် ကုန်သည်ဖြစ်သည့် လုဒိအမည်ရှိသော အမျိုးသမီးတစ်ဦးဖြစ်၏။ သူမသည် ဘုရားရှင်အား ကိုးကွယ်သူဖြစ်ပြီး ပေါလုဟောပြောနေသောအရာတို့ကို လက်ခံနိုင်စေရန် အရှင်သည် သူမ၏ စိတ်နှလုံးကို ဖွင့်ပေးတော်မူ၏။ 15သူမနှင့် သူမ၏အိမ်သူအိမ်သားများသည် ရေနှစ်မင်္ဂလာခံယူပြီးနောက် "ကျွန်မသည် ဘုရားရှင်အား အမှန်တကယ်ယုံကြည်သူဖြစ်သည်ဟု သင်တို့ယူဆလျှင် ကျွန်မအိမ်သို့ လာရောက်၍ တည်းခိုကြပါလော့" ဟုကျွန်ုပ်တို့ကို မရမက ဖိတ်ခေါ်လေ၏။ 16တစ်နေ့တွင် ကျွန်ုပ်တို့သည် ဘုရားဝတ်ပြုရာနေရာသို့သွားရာ၌ အစေခံမိန်းမငယ်တစ်ဦးကို တွေ့လေ၏။ သူမသည် မကောင်းဆိုးဝါးပူးကပ်နေ၍ ထိုမကောင်းဆိုးဝါးသည် သူမအား အနာဂါတ်ကို ပြောနိုင်သည့် တန်ခိုးကို ပေးထားသဖြင့် သူမသည် အနာဂါတ်ဟောပြောခြင်းဖြင့် သူမ၏သခင်ကို ဝင်ငွေများစွာရနေစေ၏။ 17ထိုအစေခံမိန်းမငယ်သည် ပေါလုနှင့်ကျွန်ုပ်တို့၏နောက်သို့ လိုက်၍ "ဤလူများသည် အမြင့်မြတ်ဆုံးသော ဘုရားရှင်၏ အမှုတော်ဆောင်များဖြစ်ကြပြီး သင်တို့ မည်သို့ ကယ်တင်ခြင်း ခံရမည့်အကြောင်းကို ဟောပြောကြသည့်သူများဖြစ်၏" ဟုအော်ဟစ်ပြောဆိုနေလေ၏။ 18ဤကဲ့သို့ ရက်ပေါင်းများစွာ ပြုမူနေသဖြင့် ပေါလုသည်လည်း စိတ်မသက်မသာဖြစ်ကာ နောက်သို့လှည့်၍ မကောင်းဆိုးဝါးအား "သူမ၏ကိုယ်ထဲမှ ထွက်သွားရန် ယေရှုခရစ်တော်၏ အမည်နာမနှင့် သင့်အား ငါအမိန့်ပေး၏" ဟုပြောဆိုသဖြင့် မကောင်းဆိုးဝါးသည်လည်း ချက်ချင်းပင် ထွက်သွားလေတော့၏။ 19သို့သော် အစေခံမိန်းမငယ်၏ သခင်များသည် မိမိတို့၏ အကျိုးစီးပွားအတွက် မျှော်လင့်ချက်မရှိတော့ကြောင်းကိုသိလျှင် ပေါလုနှင့်သိလတို့ကိုဖမ်းဆီး၍ အာဏာပိုင်များရှိရာ ရုံးတော်သို့ ဆွဲခေါ်သွားကြလေ၏။ 20ရောမအာဏာပိုင်များ၏ရှေ့သို့ ရောက်သောအခါ သူတို့က "ဤလူတို့သည် ဂျူးလူမျိုးများဖြစ်ကြ၏။ သူတို့သည် ကျွန်ုပ်တို့၏မြို့ထဲတွင် ကမောက်ကမဖြစ်စေရန် လုပ်ဆေင်နေကြပါ၏။ 21သူတို့သည် ကျွန်ုပ်တို့၏ တရားဥပဒေအား ဆန့်ကျင်သည့် ဓလေ့ထုံးတမ်းများအား သင်ကြားပေးနေကြ၏။ ကျွန်ုပ်တို့သည် ရောမနိုင်ငံသားများဖြစ်သည့်အတွက် ထိုဓလေ့ထုံးတမ်းများအား လက်မခံနိုင်သည့်အပြင် လိုက်နာကျင့်သုံးခြင်းလည်း မပြုနိုင်ကြပါ" ဟု ပြောဆိုကြလျှင် 22လူထုပရိသတ်များသည်လည်း သူတို့နှင့်အတူထ၍ ပေါလုနှင့်သိလတို့ကို ဆန့်ကျင်ကြ၏။ အရာရှိတို့ကလည်း ပေါလုနှင့်သိလတို့၏ အဝတ်များကို ဆွဲဖြဲလိုက်ကြပြီး ကြိမ်ဒဏ်ပေးရန် စေခိုင်းကြလေ၏။ 23ထိုသို့ ဆိုးဝါးစွာကြိမ်ဒဏ်ပေးစေပြီးမှ ထောင်ထဲတွင် ထည့်ထားပြီး သေချာစွာစောင့်ကြပ်ထားရန် ထောင်မှူးမား အမိန့်ပေးကြ၏။ 24ထောင်မှူးသည်လည်း အမိန့်အတိုင်း သူတို့ကို အတွင်းခန်းထဲတွင်ထည့်၍ သံကြိုးများဖြင့် ချည်နှောင်ထားလေ၏။ 25ညသန်းခေါင်အချိန်၌ ပေါလုနှင့်သိလတို့သည် ဆုတောင်းလျက် ဘုရားရှင်၏ဂုဏ်တော်ကို ချီးမွမ်းနေကြသည်ကို အခြားအကျဉ်းသားများသည်လည်း နားထောင်နေကြစဉ်တွင် 26ရုတ်တရက် အကျဉ်းထောင်၏ အုတ်မြစ်အထိတုန်ခါသော မြေငလျင်ကြီးတစ်ခု‌ေတုန်လှုပ်ပြီ ထောင်တံခါးများသည် ပွင့်သွားကာ သူတို့အား ချည်နှောင်ထားသည့် သံကြိုးများသည်လည်း ပြတ်ကျသွားလေ၏။ 27ထောင်မှူးသည်လည်း နိုးလာပြီး အကျဉ်းထောင်တံခါးများ ပွင့်နေသည်ကိုမြင်လျှင် အကျဉ်းသားများ ထွက်ပြေးကြပြီဟု ထင်မှတ်လျက် ဓါးကိုဆွဲထုတ်၍ မိမိကိုယ်မိမိသတ်သေရန် ပြုလေ၏။ 28ထိုအခါ ပေါလုက "သင့်ကိုယ်သင် အန္တရာယ်မပြုပါနှင့်။ ငါတို့အားလုံးသည် ဤနေရာ၌ပင် ရှိနေကြပါ၏" ဟုပေါလုက အော်၍ပြောဆိုလေ၏။ 29ထောင်မှူးသည်လည်း မီးတိုင်ကိုတောင်းယူ၍ ပြေးဝင်လာပြီးလျှင် ပေါလုနှင့် သိလတို့၏ရှေ့၌ တုန်လှုပ်လျက် ဒူးထောက်လေ၏။ 30ထို့နောက် သူသည် ပေါလုနှင့်သိလကို အပြင်ဘက်သို့ခေါ်၍ "အရှင်တို့၊ ကယ်တင်ခြင်းခံရရန်အတွက် ကျွန်ုပ် မည်သည်ကိုပြုလုပ်ရမည်နည်း" ဟု မေးလေ၏။ 31သူတို့ကလည်း "ယေရှုခရစ်တော်အား ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့်တကွ သင်၏မိသားစုပါ ကယ်တင်ခြင်းကို ခံရပါလိမ့်မည်" ဟုပြောဆိုပြီးနောက် 32ထောင်မှူးနှင့် သူ၏ အိမ်သူအိမ်သားအပေါင်းတို့အား ဘုရားရှင်၏နှုတ်ကပတ်တော်တရားကို ဟောပြောကြလေ၏။ 33ထိုညတွင်းချင်းပင် ထောင်မှူးသည် သူတို့ကိုခေါ်ဆောင်၍ ဒဏ်ရာဒဏ်ချက်များကို ဆေးကြောပေးပြီးနောက် သူနှင့်တကွ သူ၏အိမ်သူအိမ်သားအပေါင်းတို့သည် ရေနှစ်မင်္ဂလာ ခံယူကြလေ၏။ 34ထို့ပြင် ပေါလုနှင့် သိလတို့ကို မိမိ၏အိမ်သို့ဖိတ်ခေါ်၍ စားဖွယ်ရာများ တည်ခင်းဧည့်ခံကာ အိမ်သူအိမ်သားအပေါင်းနှင့်အတူ ဘုရားရှင်အား ယုံကြည်ကြခြင်းအတွက် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ကြလေ၏။ 35မိုးလင်းသောအခါ အရာရှိများက စစ်သည်များကို စေလွှတ်၍ ပေါလုနှင့်သိလကို လွှတ်ပေးရန် အမိန့်ပေးလေ၏။ 36ထို့ကြောင့် ထောင်မှူးကလည်း ပေါလုအား "သင်တို့ကို လွှတ်မိန့်ပေးပြီးဖြစ်သည့်အတွက် သင်တို့လိုရာသို့ ငြိမ်းချမ်းစွာသွားနိုင်ပါပြီ" ဟုဆိုလေ၏။ 37ထိုအခါ ပေါလုက "ငါတို့သည် ရောမနိုင်ငံသားဖြစ်ပြီး မည်သည့်ပြစ်မှုကိုမှ ကျူးလွန်ခြင်းမရှိပါဘဲ ငါတို့အား လူအများ၏ရှေ့တွင် ရိုက်နှက်ပြီး ထောင်ထဲသို့ ထည့်ခဲ့ကြ၏။ ယခုတွင် သူတို့က ငါတို့အား တိတ်တဆိတ် ပြန်လွှတ်ပေးစေချင်ကြသလော။ ဤသို့မလုပ်သင့်ပေ။ သူတို့ကိုယ်တိုင်လာပြီး ငါတို့အား တရားဝင်လွှတ်ပေးရမည်" ဟုပြောဆိုလေ၏။ 38စစ်သည်တို့သည် ထိုစကားတို့ကို အရာရှိတို့ထံ သွားပြောကြသဖြင့် ပေါလုနှင့်သိလတို့သည် ရောမနိုင်ငံသားများဖြစ်ကြောင်းကို သူတို့ ကြားသိကြသောအခါ ကြောက်ရွံ့သွားကြသဖြင့် 39သူတို့ကိုယ်တိုင်လာရောက်ကြပြီး တောင်းပန်ကြကာ ထောင်ထဲမှထုတ်ပေး၍ ဤမြို့မှထွက်ခွာသွားကြရန် တောင်းဆိုကြလေ၏။ 40ပေါလုနှင့် သိလတို့သည်လည်း ထောင်မှထွက်၍ လုဒိ၏အိမ်သို့သွားကာ ညီအစ်ကိုများနှင့်တွေ့ဆုံပြီး သူတို့ကို အားပေးတိုက်တွန်းပြီးနောက် ထွက်ခွာသွားကြလေ၏။

ទើបបានជ្រើសរើសហើយ៖

Acts 16: TPV-RV

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល