YouVersion Logo
Search Icon

ယောဟန် 9

9
မွေးရာပါမျက်မမြင်ကို မြင်စေတော်မူခြင်း
1ထို့နောက် ကိုယ်တော်ယေရှုသည် လမ်းလျှောက်ကြွတော်မူစဉ် မွေးရာပါမျက်မမြင်တစ်ဦးကို မြင်တော်မူ၏။ 2တပည့်တော်တို့က ကိုယ်တော်အား “ကိုယ်တော်၊ ဤသူသည် မျက်မမြင်အဖြစ် မွေးလာရခြင်းသည် မည်သူ့အပြစ်ကြောင့်နည်း။ သူ့အပြစ်ကြောင့်လော သို့မဟုတ် သူ၏မိဘကြောင့်လော” ဟုမေးလျှောက်ကြ၏။
3ကိုယ်တော်က “ဤသူအပြစ်ပြုသောကြောင့်မဟုတ်၊ သူ၏မိဘများ အပြစ်ပြုသောကြောင့်လည်းမဟုတ်။ သူ၌ ဘုရားရှင်၏အမှုတော်များ ထင်ရှားစေရန်အတွက်သာဖြစ်၏။ 4နေ့အချိန်ကာလပတ်လုံး ငါတို့သည် ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အမှုတော်များကို ဆောင်ရွက်ရမည်။ အကြောင်းမူကား မည်သူမျှအလုပ်မလုပ်နိုင်သည့် ညအချိန်ရောက်လာလိမ့်မည်။ 5ငါသည် ဤလောက၌ရှိနေစဉ် ဤလောက၏အလင်းဖြစ်၏” ဟုမိန့်တော်မူသည်။
6ကိုယ်တော်သည် ထိုသို့မိန့်တော်မူပြီးနောက် မြေပေါ်သို့တံတွေးထွေးကာ တံတွေးဖြင့် ရွှံ့လုပ်ပြီးလျှင် ထိုမျက်မမြင်၏မျက်လုံးပေါ်၌ ထိုရွှံ့ဖြင့် သုတ်လိမ်းပေးပြီးလျှင် 7ထိုသူအား “ရှိလောင်ရေကန်သို့ သွား၍ ဆေးလော့” ဟု မိန့်တော်မူ၏။ ရှိလောင်၏အဓိပ္ပါယ်မှာ ‘စေလွှတ်သည်’ ဟူ၍ဖြစ်သည်။ ထို့ကြောင့် ထိုမျက်မမြင်သည်သွား၍ ဆေးကြောလိုက်ပြီးသောအခါ မျက်စိမြင်လျက် အိမ်သို့ပြန်လေ၏။
8ထိုအခါ အိမ်နီးချင်းများနှင့် သူအရင်က သူတောင်းစားဖြစ်ခဲ့ဖူးသည်ကို မြင်ဖူးခဲ့ကြသောလူများက “ဤသူသည် ထိုင်လျက် တောင်းစားနေခဲ့သူမဟုတ်လော” ဟုဆိုကြလေသည်။ 9လူအချို့ကလည်း “မှန်ပေ၏” ဟုဆိုကြ၏။
အခြားသူတို့ကလည်း “မဟုတ်ပါ။ ထိုသူနှင့် တူရုံသာဖြစ်သည်” ဟုဆိုကြ၏။
သို့သော်လည်း ထိုသူကိုယ်တိုင်က “အကျွန်ုပ်သည် ထိုသူပင်ဖြစ်၏” ဟုဆို၏။
10ထိုအခါ လူတို့က “သို့ဖြစ်လျှင် သင်သည် မည်ကဲ့သို့ မျက်စိမြင်လာသနည်း” ဟုမေးကြ၏။
11ထိုသူက “ယေရှုဟုခေါ်သောသူတစ်ဦးသည် ရွှံ့လုပ်၍ အကျွန်ုပ်၏မျက်စိကို လူးကာ ‘ရှိလောင်ရေကန်သို့ သွား၍ ဆေးလော့’ ဟုဆိုသဖြင့် အကျွန်ုပ်သည်လည်း သွား၍ ဆေးသောအခါ မျက်စိမြင်လာပါသည်” ဟုဖြေလေ၏။
12ထိုအခါ လူတို့ကလည်း “ထိုယေရှုဆိုသူသည် အဘယ်မှာနည်း” ဟုမေးကြရာ
သူက “အကျွန်ုပ်မသိပါ” ဟုဖြေကြားလေ၏။
မျက်စိမြင်ခြင်းနှင့်ပတ်သက်၍ ဖာရိရှဲများစူးစမ်းခြင်း
13ထိုအခါ လူတို့သည် မျက်မမြင်ဖြစ်ခဲ့ဖူးသောထိုသူအား ဖာရိရှဲများထံသို့ ခေါ်သွားကြ၏။ 14ကိုယ်တော်ယေရှုသည် ရွှံ့လုပ်၍ ထိုသူ၏မျက်စိကို ပြန်မြင်စေသောနေ့သည် ဥပုသ်နေ့ဖြစ်လေ၏။ 15ထို့ကြောင့် ဖာရိရှဲတို့သည်လည်း မည်ကဲ့သို့ မျက်စိပြန်မြင်လာကြောင်းကိုသူ့အား မေးမြန်းကြပြန်၏။ သူကလည်း “ထိုသူသည် အကျွန်ုပ်၏မျက်စိပေါ်တွင် ရွှံ့ကိုလူးပြီးနောက် အကျွန်ုပ်ဆေးလိုက်သောအခါ မျက်စိမြင်လာပါသည်” ဟုဆိုလေသည်။
16ထိုအခါ အချို့သောဖာရိရှဲတို့သည် “ဥပုသ်နေ့တွင် စောင့်ထိန်းရမည့်ကျင့်ဝတ်အား မစောင့်ထိန်းသဖြင့် ဤသူသည် ဘုရားရှင်ထံမှလာသောသူမဟုတ်နိုင်” ဟုဆိုကြ၏။
အချို့တို့သည် “အပြစ်ဒုစရိုက်သားတစ်ဦးက ဤသို့သော နိမိတ်လက္ခဏာကို မည်သို့ပြုနိုင်သနည်း” ဟုဆိုကြ၏။ ထိုသို့ဖြင့် ဖာရိရှဲတို့အကြားတွင်လည်း အချင်းချင်းသဘောထားများကွဲလွဲကြလေ၏။
17ထို့ကြောင့် ဖာရိရှဲတို့သည် ထိုမျက်မမြင်ဖြစ်ခဲ့သူအား “သင့်ကို မျက်စိမြင်စေသောသူ၏အကြောင်းကို သင်မည်သို့ဆိုမည်နည်း” ဟုနောက်တစ်ဖန်မေးမြန်းကြလျှင်
ထိုသူသည် “သူသည် အရိယာသူတော်စင်တစ်ပါးဖြစ်သည်” ဟုပြန်လည်ဖြေကြားလေသည်။
18သို့သော်လည်း ဂျူးလူမျိုးအကြီးအကဲတို့သည် ထိုသူ မျက်မမြင်ဖြစ်ခဲ့ပြီး ယခုမျက်စိမြင်လာခြင်းကို မယုံကြည်နိုင်ကြသေးဘဲ နောက်ဆုံးတွင် မျက်စိမြင်လာသူ၏မိဘတို့ကိုခေါ်၍ 19သူတို့အား “ဤသူသည် မွေးရာပါမျက်မမြင်ဆိုသည်မှာ မှန်ကန်သလော။ သို့ဆိုလျှင် ယခုမည်ကဲ့သို့ မြင်နေသနည်း” ဟုမေးကြလေသည်။
20သူ၏မိဘတို့ကလည်း “သူသည် အကျွန်ုပ်တို့၏သားဖြစ်ပါ၏။ သူသည် မွေးရာပါမျက်မမြင်ဖြစ်သည်ကိုလည်း အကျွန်ုပ်တို့သေချာသိပါ၏။ 21သို့သော် ယခု သူမည်သို့မျက်စိမြင်လာသည်ကို အကျွန်ုပ်တို့ မသိပါ။ မည်သူ ပြုလုပ်ပေးခဲ့သည်ကိုလည်း မသိပါ။ သူ့ကိုမေးကြပါလော့။ သူသည် အရွယ်ရောက်ပြီးဖြစ်၍ သူ့အကြောင်းကို သူကိုယ်တိုင်ပြောပြပါလိမ့်မည်” ဟုဆိုကြလေသည်။ 22သူ၏မိဘများသည် ဂျူးလူမျိုးအကြီးအကဲများကို ကြောက်ရွံ့သောကြောင့် ထိုသို့ပြောဆိုကြခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဂျူးလူမျိုးအကြီးအကဲတို့သည် မည်သူမဆိုကိုယ်တော်ယေရှုအား ကယ်တင်ရှင်မေရှိယဖြစ်သည်ဟုပြောဆိုလျှင် ဓမ္မာရုံထဲတွင် ဝတ်ပြုဆုတောင်းခြင်းအခွင့်ကို တားမြစ်ရန် ဆုံးဖြတ်သဘောတူထားကြပြီးဖြစ်သော ကြောင့်ဖြစ်သည်။ 23ထို့ကြောင့် ထိုသူ၏မိဘများက “သူသည် အရွယ်ရောက်ပြီးဖြစ်၍ သူ့ကိုသာမေးကြပါလော့” ဟုဆိုကြခြင်းဖြစ်သည်။
24ထိုအခါ ဂျူးလူမျိုးအကြီးအကဲတို့သည် မျက်မမြင်ဖြစ်ခဲ့သူအား ဒုတိယအကြိမ်ခေါ်၍ သူ့အား “ဘုရားရှင်၏ရှေ့မှောက်၌ သင်သည်မှန်ရာကိုသာ ထွက်ဆိုလော့။ သင့်ကိုမျက်စိမြင်စေသောသူသည် အပြစ်ဒုစရိုက်သားတစ်ဦးဖြစ်သည်ကို ငါတို့သိကြ၏” ဟုဆိုကြ၏။
25သူသည်လည်း “ထိုသူသည် အပြစ်ဒုစရိုက်သားဖြစ်သည်၊ မဖြစ်သည်ကို အကျွန်ုပ်မသိပါ။ အကျွန်ုပ်သိသောအရာမှာ အကျွန်ုပ်သည် မျက်မမြင်ဖြစ်ခဲ့သော်လည်း ယခုမြင်ရသည့်အကြောင်းသာဖြစ်ပါ၏” ဟုဆိုလေသည်။
26ထိုသူတို့သည် “သူသည် သင့်ကိုမည်ကဲ့သို့ပြုခဲ့သနည်း။ သင်၏မျက်စိကို မည်ကဲ့သို့မြင်စေသနည်း” ဟုမေးမြန်းကြပြန်သဖြင့်
27သူသည်လည်း “သင်တို့ကို အကျွန်ုပ်ပြောပြီးပြီဖြစ်သော်လည်း သင်တို့နားမထောင်ကြ။ အဘယ်ကြောင့် ထပ်၍ကြားလိုကြသနည်း။ သင်တို့သည်လည်း ထိုသူ၏တပည့်ဖြစ်လိုကြသလော” ဟုဆိုလေ၏။
28ထိုအခါ ဂျုးလူမျိုးအကြီးအကဲတို့သည်လည်း သူ့အား “သင်သည် ထိုသူ၏တပည့်ဖြစ်၍ ငါတို့မူကား မောရှေ၏တပည့်များဖြစ်ကြ၏။ 29ဘုရားရှင်သည် မောရှေအား အမိန့်ရှိတော်မူခဲ့သည်ကို ငါတို့သိကြ၏။ ထိုသူကိုမူကား မည်သည့်အရပ်မှလာသည်ကို ငါတို့မသိ” ဟုကဲ့ရဲ့ပြောဆိုကြလေ၏။
30ထိုသူသည်လည်း “သူသည် အကျွန်ုပ်၏မျက်စိကို မြင်စေလျက်နှင့်ပင် ထိုသူမည်သည့်အရပ်မှလာသည်ကို သင်တို့မသိကြသည်မှာ အံ့ဩဖွယ်ကောင်း၏။ 31ဘုရားရှင်သည် အပြစ်ဒုစရိုက်သားတို့၏စကားကို နားထောင်တော်မမူ။ ဘုရားရှင်အား ရိုသေလေးမြတ်၍ အလိုတော်ကိုလိုက်နာသောသူတို့ကိုသာ နားထောင်တော်မူသည်ကို ငါတို့သိကြ၏။ 32မွေးရာပါမျက်စိမမြင်သောသူကို မြင်စေနိုင်သောသူဆိုသည်ကို ကမ္ဘာဦးအစကပင် မကြားခဲ့ဖူးပါ။ 33ထိုသူသည် ဘုရားရှင်ထံမှလာသောသူမဟုတ်လျှင် မည်သည့်အရာကိုမျှ ပြုနိုင်လိမ့်မည်မဟုတ်” ဟုဆိုလေသည်။
34ဂျူးလူမျိုးအကြီးအကဲတို့ကလည်း “သင်သည် မွေးစဉ်ကပင် အပြစ်ဒုစရိုက်ပြည့်နေသောသူဖြစ်လျက်နှင့်ပင် ငါတို့ကို သွန်သင်နေသလော” ဟုဆိုကြလျက် ထိုသူ့အား အပြင်သို့ နှင်ထုတ်လိုက်ကြလေ၏။
ဝိညာဉ်ရေးရာမျက်စိကွယ်ခြင်း
35ဂျူးလူမျိုးအကြီးအကဲတို့သည် ထိုသူအား အပြင်သို့ နှင်ထုတ်လိုက်သည်ကို ကိုယ်တော်ယေရှုကြားတော်မူ၍ ထိုသူအား တွေ့သောအခါတွင် ကိုယ်တော်သည် “သင်သည် လူ့သားတော်ကို ယုံကြည်ပါသလော” ဟုမေးတော်မူ၏။
36သူသည်လည်း “ကိုယ်တော်၊ အကျွန်ုပ်သည် သူ့အားယုံကြည်နိုင်ရန် ထိုသူမည်သူဖြစ်သည်ကို ပြောပါလော့” ဟုလျှောက်တင်လေ၏။
37ကိုယ်တော်သည်လည်း “သင်သည် သူ့ကို မြင်ပြီးသည်သာမက ယခုသင်နှင့်စကားပြောနေသူသည် လူ့သားတော်ပင်ဖြစ်သည်” ဟုမိန့်တော်မူရာ
38ထိုသူသည်လည်း “အကျွန်ုပ်ယုံကြည်ပါသည်၊ ကိုယ်တော်” ဟုဆိုကာ ကိုယ်တော်အား ဝတ်ပြုရှိခိုးလေ၏။
39ကိုယ်တော်သည် “ငါသည် မမြင်သောသူတို့ကို မြင်စေ၍ မြင်နေသောသူတို့ကို ကွယ်စေရန်ဟူသော စီရင်ခြင်းအတွက် ဤလောကသို့ကြွလာ၏” ဟု မိန့်တော်မူ၏။
40ကိုယ်တော်ယေရှုနှင့်အတူရှိနေသောဖာရိရှဲအချို့သည် ဤသို့ဆိုသည်ကို ကြားကြသောအခါ သူတို့သည် ကိုယ်တော်အား “ငါတို့သည် မျက်မမြင်များ မဟုတ်ကြ” ဟုဆိုကြသဖြင့်
41ကိုယ်တော်သည် သူတို့အား “သင်တို့သည် မျက်မမြင်များဖြစ်ခဲ့ကြလျှင် သင်တို့၌အပြစ်ရှိမည်မဟုတ်။ သို့သော် သင်တို့သည် ‘ငါတို့မြင်သည်’ ဟုဆိုနေကြသဖြင့် သင်တို့၌ အပြစ်တည်လျက်ရှိ၏” ဟု မိန့်တော်မူ၏။

Currently Selected:

ယောဟန် 9: TPV-RV

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in