YouVersion Logo
Search Icon

ယောဟန် 8

8
မှားယွင်းသောအမှုကို ပြုသောမိန်းမ
1ထို့နောက် ကိုယ်တော်ယေရှုသည် သံလွင်တောင်ပေါ်သို့ ကြွရောက်တော်မူ၏။ 2နောက်တစ်နေ့ နံနက်စောစောတွင် ကိုယ်တော်သည် ဗိမာန်တော်ဝင်းသို့ ပြန်သွားခဲ့ရာ လူအပေါင်းတို့သည် အထံတော်သို့ စုရုံးရောက်ရှိလာကြသဖြင့် ကိုယ်တော်သည်လည်း ထိုင်၍ သူတို့အား သွန်သင်တော်မူ၏။ 3ထိုအခါ ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲများသည် အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်သော အမျိုးသမီးတစ်ဦးအား ကိုယ်တော့်ထံသို့ ခေါ်ဆောင်လာပြီးနောက် သူမအား လူအုပ်စု၏ အလည်၌ မတ်တပ်ရပ်နေစေ၏။ 4ထို့နောက် သူတို့သည် ကိုယ်တော့်အား “ဆရာ၊ ဤမိန်းမသည် အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်နေစဉ်၌ပင် အဖမ်းခံရပါသည်။ 5မောရှေသည် ဤသို့သောမိန်းမမျိုးကို ခဲနှင့်ပေါက်သတ်ရန် ပညတ်တရား၌ ဖော်ပြထားခဲ့၏။ ဆရာကား မည်သို့ဆိုမည်နည်း” ဟု ကိုယ်တော်အား မေးမြန်းကြ၏။ 6သူတို့သည် ကိုယ်တော်ကို ပြစ်တင်စွပ်စွဲရန် ကိုယ်တော့်အား စမ်းသပ်လိုသဖြင့် ထိုသို့ပြောဆိုလျှောက်ထားခြင်းဖြစ်သည်။
သို့သော် ကိုယ်တော်သည် ခေါင်းကိုငုံ့၍ သူ၏လက်ညှိုးတော်ဖြင့် မြေပေါ်တွင် ရေးလျက်နေတော်မူ၏။ 7သူတို့သည် ကိုယ်တော့်အား အထပ်ထပ်အခါခါ မေးမြန်းကြသောအခါ ကိုယ်တော်သည် ကိုယ်ကိုမတ်၍ “သင်တို့တွင် အပြစ်ကင်းသောသူသည် ထိုမိန်းမကို ခဲနှင့်အဦးဆုံးပေါက်စေ” ဟုမိန့်တော်မူပြီးလျှင် 8တဖန် ငုံ့လျက် မြေပေါ်တွင် ဆက်၍ရေးတော်မူ၏။
9သူတို့သည် ထိုစကားကို ကြားရသောအခါ သက်ကြီးရွယ်အိုတို့မှအစ ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့သည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသဖြင့် ကိုယ်တော်ယေရှုတစ်ပါးတည်းသာ ထိုအမျိုးသမီးနှင့် ကျန်ရစ်ခဲ့လေသည်။ 10ကိုယ်တော်သည် ကိုယ်ကိုမတ်၍ ထိုအမျိုးသမီးအား “အမျိုးသမီး၊ သင့်ကိုအပြစ်ဒဏ်စီရင်မည့်သူ တစ်ဦးတစ်ယောက်မျှ မရှိသလော” ဟုမေးတော်မူလျှင်
11ထိုအမျိုးသမီးသည်လည်း “မည်သူမျှမရှိပါ၊ ကိုယ်တော်” ဟုလျှောက်တင်သဖြင့်
ကိုယ်တော်သည် “ငါသည်လည်း သင့်ကို ပြစ်ဒဏ်စီရင်မည်မဟုတ်။ သွားလော့။ ယခုမှစ၍ နောက်တစ်ဖန် အပြစ်မကျူးလွန်နှင့်” ဟု မိန့်တော်မူ၏။
လောက၏အလင်း
12တဖန် ကိုယ်တော်သည် လူထုပရိသတ်တို့အား “ငါသည် ဤလောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် မည်သည့်အခါမျှ အမှောင်ထဲသို့ ရောက်မည်မဟုတ်ဘဲ အသက်၏အလင်းကို ရရှိပေလိမ့်မည်” ဟု မိန့်တော်မူ၏။
13ထိုအခါ ဖာရိရှဲတို့သည် ကိုယ်တော်အား “သင်သည် မိမိအကြောင်းကို သက်သေခံနေ၏။ ထို့ကြောင့် သင်၏သက်သေခံချက်သည် မှန်ကန်မှုမရှိ” ဟုဆိုကြလေ၏။
14ကိုယ်တော်ယေရှုသည် သူတို့အား “ငါသည် မိမိအကြောင်းကို သက်သေခံသည်ဖြစ်သော်လည်း ငါ၏သက်သေခံချက်သည် မှန်ကန်၏။ အကြောင်းမူကား ငါသည် မည်သည့်အရပ်မှလာ၍ မည်သည့်အရပ်သို့သွားမည်ကို ငါသိ၏။ သင်တို့မူကား ငါမည်သည့်အရပ်မှလာ၍ မည်သည့်အရပ်သို့ သွားမည်ကို မသိကြ။ 15သင်တို့သည် လူ့စံနှုန်းအတိုင်းသာ စီရင်တတ်ကြ၏။ ငါမူကား မည်သူ့ကိုမျှ စီရင်ခြင်းမရှိ။ 16သို့သော် ငါစီရင်မည်ဆိုပါကလည်း ငါတစ်ဦးတည်း စီရင်သည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောဖခမည်းတော်သည် ငါနှင့်အတူ စီရင်တော်မူသည်ဖြစ်၍ ငါ၏စီရင်ဆုံးဖြတ်ချက်သည် မှန်ကန်၏။ 17သင်တို့၏ပညတ်တရားကျမ်း၌ ‘သက်သေနှစ်ဦးထွက်ဆိုသည့် သက်သေခံချက်သည် မှန်ကန်သည်’ ဟုဖော်ပြထား၏။ 18ယခု ငါသည် မိမိအကြောင်းကို သက်သေခံသောသူဖြစ်၏။ ငါ့ကိုစေလွှတ်တော်မူသော ဖခမည်းတော်သည်လည်း ငါ့အကြောင်းကို သက်သေခံတော်မူ၏” ဟုပြန်၍မိန့်ဆိုတော်မူ၏။
19ထိုအခါ လူတို့သည်လည်း “သင်၏ဖခမည်းတော်ကား အဘယ်မှာနည်း” ဟုမေးကြရာ
ကိုယ်တော်သည် “သင်တို့သည် ငါ့ကိုလည်းကောင်း၊ ငါ့ခမည်းတော်ကိုလည်းကောင်း မသိကြ။ သင်တို့သည် ငါ့ကို သိခဲ့လျှင် ငါ့ခမည်းတော်ကိုလည်း သိခဲ့ကြပေလိမ့်မည်” ဟု မိန့်တော်မူ၏။ 20ကိုယ်တော်သည် ဤသွန်သင်ချက်တို့ကို ဗိမာန်တော်ဝန်းရှိ အလှူခံသေတ္တာအနီးတွင် ဟောပြောနေသော်လည်း ကိုယ်တော်၏အချိန်မကျသေးသဖြင့် မည်သူမျှ သူ့အား ဖမ်းဆီးခြင်းမပြုကြချေ။
ငါသွားရာသို့ သင်တို့မရောက်နိုင်
21တဖန် ကိုယ်တော်သည် သူတို့အား “ငါသည် အဝေးသို့ သွားရတော့မည်။ သင်တို့ကား ငါ့ကိုရှာကြလျက် မိမိတို့၏အပြစ်ဒုစရိုက်များ၌ သေကြလိမ့်မည်။ ငါသွားရာအရပ်သို့ သင်တို့မလာနိုင်ကြ” ဟု မိန့်တော်မူ၏။
22ဂျူးလူမျိုးအကြီးအကဲတို့သည်လည်း “‘ငါသွားရာအရပ်သို့ သင်တို့မလာနိုင်ကြ’ ဟုဆိုခြင်းသည် မိမိကိုယ်ကို သတ်သေမည်ဟုဆိုလိုသလော” ဟုပြောဆိုကြ၏။
23ကိုယ်တော်သည် ဆက်လက်၍ “သင်တို့သည် အောက်အရပ်ဖြစ်သော ဤလောကနှင့်ဆိုင်၏။ ငါသည်ကား အထက်အရပ်နှင့်ဆိုင်၏။ ငါသည် ဤလောကနှင့်မဆိုင်။ 24ထို့ကြောင့် သင်တို့သည် မိမိတို့၏အပြစ်ဒုစရိုက်၌ သေကြလိမ့်မည်ဟု ငါဆိုခြင်းဖြစ်သည်။ အကြောင်းမူကား ငါသည် ထိုသူဖြစ်ကြောင်းကို သင်တို့မယုံကြည်လျှင် သင်တို့သည် မိမိတို့၏အပြစ်ဒုစရိုက်များ၌ သေကြရမည်” ဟု မိန့်တော်မူ၏။
25ထိုသို့ပြောဆိုခြင်းကြောင့် လူတို့သည် ကိုယ်တော်အား “သင်သည် မည်သူဖြစ်သနည်း” ဟုမေးကြလျှင်
ကိုယ်တော်သည် “သင်တို့ကို ငါအစကပင် ပြောပြခဲ့၏။ 26သင်​တို့​နှင့်ပတ်သက်၍ ငါပြောစရာ၊ စီရင်စရာများစွာရှိ၏။ သို့သော် ငါ့အား စေလွှတ်တော်မူသောအရှင်သည် ဖြောင့်မှန်တော်မူသည်ဖြစ်၍ ငါသည် သူ့ထံမှကြားခဲ့သမျှသောအရာတို့ကို ဤလောက၌ ဟောပြော၏” ဟုမိန့်​တော်မူ​၏။
27ကိုယ်တော်သည် ခမည်းတော်အကြောင်းရည်ညွှန်း၍ ပြောဆိုနေသည်ကို ထိုသူတို့ နားလည်သဘောမပေါက်ကြပေ။ 28သို့ဖြစ်၍ ကိုယ်တော်ယေရှုသည် “သင်တို့သည် လူ့သားတော်ကို မြှောက်ထားသောအခါတွင် ငါသည် ထိုသူဖြစ်သည်ကိုလည်းကောင်း၊ ငါသည် မိမိဆန္ဒအလျောက် မည်သည့်အရာကိုမျှမပြုဘဲ ငါ့အား ဖခမည်းတော်သွန်သင်တော်မူသည့်အတိုင်း ငါဟောပြောသည်ကိုလည်းကောင်း သင်တို့သိကြလိမ့်မည်။ 29ငါ့ကို စေလွှတ်တော်မူသောအရှင်သည် ငါနှင့်အတူရှိတော်မူ၏။ ငါသည် ထိုအရှင်အလိုရှိသောအရာတို့ကို အစဉ်ပြုနေသောကြောင့် သူသည် ငါ့အား တစ်ကိုယ်တည်းပစ်ထားတော်မမူ” ဟု မိန့်တော်မူ၏။ 30ကိုယ်တော်ယေရှု ထိုသို့မိန့်ကြားသည်တို့ကို ကြားကြရသဖြင့် များစွာသောလူတို့သည် ကိုယ်တော်ကို ယုံကြည်ကြ၏။
သမ္မာတရားအားဖြင့် လွတ်မြောက်ခြင်း
31ထို့နောက် ကိုယ်တော်သည် မိမိကို ယုံကြည်ကြသော ဂျူးလူမျိုးများအား “သင်တို့သည် ငါ၏သွန်သင်မှုကို ဆက်လက်လိုက်နာလျှင် ငါ၏တပည့်အမှန်ဖြစ်ကြပြီး 32သမ္မာတရားကို သိမြင်ကြသဖြင့် သမ္မာတရားသည် သင်တို့ကို လွတ်မြောက်စေလိမ့်မည်” ဟု မိန့်တော်မူ၏။
33ထိုသူတို့သည်လည်း “အကျွန်ုပ်တို့သည် အာဗြဟံ၏မျိုးနွယ်များဖြစ်ကြပြီး မည်သူ့ထံ၌မျှ ကျွန် မခံခဲ့ဖူးပါ။ ဤသည်ကို သင်က အဘယ်ကြောင့် ‘သင်တို့လွတ်မြောက်ကြလိမ့်မည်’ ဟုဆိုရသနည်း” ဟုဆိုကြ၏။
34ကိုယ်တော်ယေရှုသည် သူတို့အား “သင်တို့အား ငါအမှန်ဆိုသည်ကား အပြစ်ပြုသောသူတိုင်းသည် အပြစ်၏ကျွန်ဖြစ်၏။ 35ကျွန်သည် အိမ်ရှိမိသားစုနှင့် ထာဝစဉ်မသက်ဆိုင်။ သားမူကား မိသားစုနှင့် အစဉ်ထာဝရသက်ဆိုင်၏။ 36ထို့ကြောင့် သားတော်သည် သင်တို့ကို လွတ်မြောက်စေလျှင် သင်တို့သည် ဧကန်အမှန် လွတ်မြောက်ကြလိမ့်မည်။ 37သင်တို့သည် အာဗြဟံ၏အမျိုးအနွယ်ဖြစ်ကြောင်းကို ငါသိ၏။ သို့ရာတွင် ငါ၏သွန်သင်ချက်ကို သင်တို့လက်မခံလိုကြသဖြင့် ငါ့အား သတ်ရန်သင်တို့ ကြံစည်ကြခြင်းဖြစ်၏။ 38ငါသည် အဖဘုရားရှင်ထံ၌ မြင်ရသောအရာများကို ဟောပြော၏။ သင်တို့မူကား သင်တို့၏ဖခင်ထံမှ ကြားရသောအရာများကို ပြုကြ၏” ဟု မိန့်တော်မူ၏။
39ထိုအခါ သူတို့သည် “အကျွန်ုပ်တို့၏ဖခင်သည် အာဗြဟံဖြစ်သည်” ဟုဆိုကြ၏။
ကိုယ်တော်သည်လည်း “သင်တို့သည် အာဗြဟံ၏သားသမီးများဖြစ်ကြသည်မှန်လျှင် အာဗြဟံပြုသောအမှုများကို ပြုကြလိမ့်မည်။ 40သို့သော် ယခုတွင် အဖဘုရားရှင်ထံမှ ကြားရသည့်သမ္မာတရားကို သင်တို့အားဟောပြောသူငါ့ကို သတ်ရန်သင်တို့ ရှာကြံနေကြ၏။ အာဗြဟံကား ဤသို့ပြုခဲ့သည်မဟုတ်။ 41သင်တို့သည် သင်တို့ဖခင်ပြုသောအမှုများကိုသာ ပြုနေကြခြင်းဖြစ်၏” ဟုမိန့်​တော်မူ​လျှင်
ထို​သူ​တို့​သည် “အကျွန်ုပ်တို့သည် တရားနှင့်မညီသော မေထုန်ပြုခြင်းအားဖြင့် မွေးလာသောသူများမဟုတ်။ အကျွန်ုပ်တို့၌ တစ်ပါးတည်းသောအဖဘုရားရှင်ရှိသည်” ဟုဆို​ကြ​၏။
42ကိုယ်တော်သည်လည်း “ဘုရားရှင်သည် သင်တို့၏အဖမှန်လျှင် သင်တို့သည် ငါ့ကိုချစ်ကြလိမ့်မည်။ အကြောင်းမူကား ငါသည် မိမိဆန္ဒဖြင့် ကြွလာခြင်းမဟုတ်ဘဲ ဘုရားရှင်စေလွှတ်တော်မူသောကြောင့်သာ ဘုရားရှင်ထံတော်မှ ထွက်ကြွ၍ သင်တို့ထံရောက်လာ၏။ 43သင်တို့သည် ငါဆိုသောစကားကို အဘယ်ကြောင့်နားမလည်ကြသနည်း။ အကြောင်းမူကား ငါ၏သွန်သင်ချက်ကို သင်တို့အမှန်တကယ် လက်မခံနိုင်ကြသောကြောင့်ဖြစ်၏။ 44သင်တို့သည် သင်တို့၏ဖခင် မာရ်နတ်နှင့်စပ်ဆိုင်ကြပြီး သင်တို့ဖခင်၏ဆန္ဒအတိုင်း ပြုလိုကြ၏။ မာရ်နတ်သည် အစဦးကပင် အသက်ကို သတ်သောသူဖြစ်ပြီး သူ၌ သမ္မာတရားမရှိသောကြောင့် သမ္မာတရားနှင့်လည်း မရပ်တည်။ သူသည် မုသားစကားကို ပြောသောအခါ မိမိပကတိအတိုင်း ပြောဆို၏။ သူသည် လိမ်လည်ခြင်း၌ ကျင်လည်သောသူဖြစ်၏။ လိမ်လည်ခြင်း၏ဖခင်လည်း ဖြစ်၏။ 45ငါမူကား သမ္မာတရားကို ပြောဆိုသောကြောင့် သင်တို့သည် ငါ့ကိုမယုံကြည်ကြ။ 46သင်တို့တွင် မည်သူသည် ငါ၌အပြစ်ရှိကြောင်း ဖော်ပြနိုင်သနည်း။ စစ်မှန်သောအရာကို ငါပြောဆိုသည်မှန်လျှင် အဘယ်ကြောင့် သင်တို့သည် ငါ့ကို မယုံကြည်ကြသနည်း။ 47ဘုရားရှင်နှင့်စပ်ဆိုင်သောသူသည် ဘုရားရှင်၏စကားတော်ကို နားထောင်၏။ သင်တို့ နားမထောင်ကြခြင်းမှာ သင်တို့သည် ဘုရားရှင်နှင့်မစပ်ဆိုင်ကြသောကြောင့်ဖြစ်၏” ဟု မိန့်တော်မူ၏။
ယေရှုနှင့် အာဗြဟံ
48ထိုအခါ ဂျူးလူမျိုးအကြီးအကဲတို့ကလည်း ကိုယ်တော်အား “သင်သည် ရှမာရိပြည်သားဖြစ်ပြီး သင့်ကို မကောင်းဆိုးဝါးပူးကပ်နေသည်ဟူ၍ ငါတို့ဆိုခြင်းမှာ မှန်သည်မဟုတ်လော” ဟုဆိုကြ၏။
49ကိုယ်တော်ကလည်း “ငါ့အား မကောင်းဆိုးဝါးပူးကပ်နေခြင်းမဟုတ်။ ငါသည် အဖဘုရားရှင်ကို ရိုသေ၏။ သင်တို့မူကား ငါ့ကို မထီလေးစားပြုကြ၏။ 50ငါသည် မိမိဘုန်းကျက်သရေကို ရှာသည်မဟုတ်။ သို့ရာတွင် ငါ၏ဘုန်းကျက်သရေကို ရှာ၍ စီရင်တော်မူသောသူရှိ၏။ 51သင်တို့အား ငါအမှန်ဆိုသည်ကား မည်သူမဆို ငါ့စကားကို လိုက်နာစောင့်ထိန်းလျှင် အဘယ်သောအခါမျှ သေခြင်းနှင့်တွေ့ကြုံရမည်မဟုတ်” ဟု မိန့်တော်မူ၏။
52ထိုအခါ ဂျူးလူမျိုးတို့သည် “သင့်အား မကောင်းဆိုးဝါးပူးကပ်နေသည်မှာ အသေအချာပင်ဖြစ်ကြောင်း အကျွန်ုပ်တို့သိကြပြီ။ အာဗြဟံသည် သေလွန်ခဲ့ပြီး အရိယာသူတော်စင်တို့လည်း သေလွန်ခဲ့ကြသည်မဟုတ်လော။ သင်ကမူ ‘မည်သူမဆို ငါ့စကားကို လိုက်နာစောင့်ထိန်းလျှင် အဘယ်သောအခါမျှ သေခြင်းနှင့်တွေ့ကြုံရမည်မဟုတ်’ ဟုဆိုနေသည်တကား။ 53သင်သည် အကျွန်ုပ်တို့၏အဖအာဗြဟံထက် သာ၍ကြီးမြတ်သလော။ သူသည်ပင် သေလွန်ခဲ့ပြီ။ အရိယာသူတော်စင်တို့သည်လည်း သေလွန်ခဲ့ပြီ။ သင်သည် မိမိကိုယ်ကို မည်သူဟုထင်နေသနည်း” ဟုဆိုကြ၏။
54ကိုယ်တော်သည်လည်း “အကယ်၍ ငါသည် မိမိဘုန်းကျက်သရေကို ဖော်ကျူးနေလျှင် ငါ၏ဘုန်းကျက်သရေသည် အချည်းနှီးပင်ဖြစ်၏။ ငါ့ဘုန်းကျက်သရေကို ထင်ရှားစေတော်မူသောအရှင်ကား ငါ၏ဖခမည်းတော်ဖြစ်၏။ သင်တို့သည် သူ့ကို ‘အကျွန်ုပ်တို့၏ဘုရားရှင်ဖြစ်သည်’ ဟုဆိုကြသော်လည်း 55သင်တို့သည် သူ့ကို မသိကြ။ ငါမူကား သိ၏။ ထိုအရှင်ကို ငါမသိဟုဆိုလျှင် ငါသည် သင်တို့ကဲ့သို့ လိမ်လည်သောသူဖြစ်လိမ့်မည်။ သို့ရာတွင် ငါသည် ထိုအရှင်ကို သိ၍ သူ၏စကားကို လိုက်နာစောင့်ထိန်း၏။ 56သင်တို့ဖခင်အာဗြဟံသည်ပင် ငါကြွလာမည့်နေ့ရက်ကို တွေ့မြင်ရမည်ဖြစ်၍ ရွှင်မြူးလျက် တွေ့မြင်ရသောအခါ၌လည်း ဝမ်းမြောက်လေ၏” ဟု မိန့်တော်မူ၏။
57ထိုအခါ ဂျူးလူမျိုးတို့သည် ကိုယ်တော်အား “သင်သည် အသက်ငါးဆယ်ပင်မရှိသေးဘဲ အာဗြဟံကို မည်သို့မြင်ဖူးသနည်း” ဟုဆိုကြ၏။
58ကိုယ်တော်သည် “သင်တို့အား ငါအမှန်ဆိုသည်ကား အာဗြဟံမမွေးမီကပင် ငါရှိ၏” ဟု မိန့်တော်မူ၏။ 59ထိုအခါ သူတို့သည် ကိုယ်တော်အား ပစ်ပေါက်ကြရန် ကျောက်ခဲများကို ကောက်ယူလိုက်ကြ၏။ သို့သော်လည်း ကိုယ်တော်ယေရှုသည် တိမ်းရှောင်၍ ဗိမာန်တော်မှ ထွက်ခွာသွားတော်မူ၏။

Currently Selected:

ယောဟန် 8: TPV-RV

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in