YouVersion Logo
Search Icon

ယောဟန် 7

7
ယေရှုနှင့်ညီတော်များ
1ထို့နောက် ကိုယ်တော်ယေရှုသည် ဂါလိလဲပြည်အနှံ့ လှည့်လည်၍ သွားလာတော်မူလေသည်။ အကြောင်းမူကား ဂျူးလူမျိုးတို့သည် ကိုယ်တော်အား သတ်ရန်ကြံစည်နေကြသဖြင့် ကိုယ်တော်သည် ယုဒနယ်သို့ သွားရောက်လိုခြင်း မရှိသောကြောင့် ဖြစ်လေသည်။ 2ထိုအချိန်၌ ဂျူးလူမျိုးတို့၏သကေနေပွဲတော်#7:2 ယာယီတဲစုပွဲတော် သကေနေပွဲတော်ဟုဆိုသည့် ယာယီတဲစုပွဲတော်သည် ဂျူးလူမျိုးတို့၏ ပွဲတော်များထဲမှ အရေးပါသော ပွဲတော်တစ်ခုဖြစ်လေသည်။ ထိုပွဲတော်သည် ကောက်ရိတ်သိမ်းချိန်ဖြစ်သည့် ဆောင်းဦးရာသီဖြစ်သော စက်တင်ဘာလနှောင်းပိုင်းမှ အောက်တိုဘာလလယ်အတွင်း ကျင်းပလေ့ရှိသည်။ ပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ဂျူးလူမျိုးများ အီဂျစ်ပြည်မှ ကျွန်အဖြစ် လွတ်မြောက်ခဲ့သည်ကို အောက်မေ့သတိရစေရန်နှင့် ကယ်တင်ရှင် မေရှိယအရှင် ပေါ်ထွန်းလာပြီး ထိုအရှင်မှ ဂျူးလူမျိုးတို့အတွက် ယူဆောင်လာမည့် ငြိမ်းချမ်းခြင်းနှင့် ပျော်ရွှင်ဝမ်းမြောက်ခြင်းများအား မျှော်လင့်စောင့်စားနေကြသည့် အထိမ်းအမှတ်အဖြစ် ကိုးရက်တိုင်တိုင် ကျင်းပသော ပွဲတော်တစ်ခုဖြစ်လေသည်။ ကျင်းပမည့်အချိန်သည်လည်း နီးကပ်လာပြီဖြစ်သောကြောင့် 3ကိုယ်တော်၏ညီတော်တို့သည် ကိုယ်တော်အား “သင်ပြုနေသောအမှုအရာများကို သင်၏တပည့်တို့သည်လည်း မြင်နိုင်ကြရန် ဤအရပ်မှထွက်ခွာ၍ ယုဒပြည်သို့ သွားပါလော့။ 4ထင်ပေါ်ကျော်စောလိုသောသူသည် တစ်စုံတစ်ခုကို လျှို့ဝှက်စွာပြုမူလေ့မရှိ။ ထို့ကြောင့် သင်သည် ဤအမှုအရာများကို ပြုသည်ဆိုလျှင် ဤလောက၌ သင့်ကိုယ်သင်ထင်ရှားစွာပြသင့်သည်” ဟုဆိုကြ၏။ 5ထိုသို့ဆိုကြခြင်းမှာ ကိုယ်တော်၏ညီတော်များကပင် ကိုယ်တော်အား ယုံကြည်ခြင်းမရှိကြသောကြောင့်ဖြစ်သည်။
6ထို့ကြောင့် ကိုယ်တော်သည် သူတို့အား “ငါ့အချိန်သည် ယခုမရောက်သေး။ သင်တို့အချိန်ကား အချိန်တိုင်းဖြစ်၏။ 7လောကသားတို့သည် သင်တို့ကို မမုန်းနိုင်။ ငါ့ကိုမူကား မုန်းကြ၏။ အကြောင်းမူကား ငါသည် လူတို့ပြုသောအမှုများ မကောင်းကြောင်းကို ထောက်ပြသောကြောင့်ဖြစ်၏။ 8ပွဲတော်သို့ သင်တို့သွားကြလော့။ ငါသည်ကား ငါ့အချိန်မရောက်သေးသည်ဖြစ်၍ မသွားသေးပါ” ဟု 9မိန့်ဆိုတော်မူပြီးနောက် ဂါလိလဲပြည်၌ ကျန်ရစ်ခဲ့လေသည်။
သကေနေပွဲတော်သို့ ကြွတော်မူခြင်း
10ညီတော်တို့ သွားပြီးမှ ကိုယ်တော်သည် ပွဲတော်သို့ မထင်မရှားလျှို့ဝှက်စွာ ကြွတော်မူ၏။ 11ထိုပွဲတွင် ဂျူးလူမျိုးအကြီးအကဲတို့သည် ကိုယ်တော်ကို လိုက်ရှာနေကြလျှက် “ထိုသူသည် အဘယ်မှာနည်း” ဟု မေးမြန်းနေကြ၏။
12လူထုပရိသတ်တို့ကြားတွင်လည်း ကိုယ်တော်နှင့်ပတ်သက်၍ အမျိုးမျိုးတီးတိုးပြောဆိုနေကြ၏။ အချို့သည် “သူသည် သူတော်ကောင်းဖြစ်သည်” ဟုဆိုကြ၏။
အခြားသောသူတို့ကမူ “မဟုတ်ပါ။ သူသည် လူထုပရိသတ်ကို လှည့်ဖြားနေသောသူဖြစ်သည်” ဟုဆိုကြ၏။ 13သို့သော်လည်း ဂျူးလူမျိုးအကြီးအကဲများကို ကြောက်ရွံ့ကြသဖြင့် မည်သူမျှ သူ၏အကြောင်းကို ပွင့်လင်းစွာပြောဆိုခြင်းမပြုဝံ့ကြပေ။
14ပွဲတော်ကာလ ထက်ဝက်မျှ ကုန်လွန်သောအခါ၊ ကိုယ်တော်ယေရှုသည် ဗိမာန်တော်ဝင်းသို့ သွားကာ စတင်၍ သွန်သင်တော်မူ၏။ 15ထိုအခါ ဂျူးလူမျိုးအကြီးအကဲတို့သည်လည်း အံ့ဩမှင်သက်လျက် “ဤသူသည် သင်ယူခြင်းမရှိဘဲ အဘယ်ကြောင့်ဤမျှတတ်သိနေရသနည်း” ဟုဆိုကြ၏။
16ကိုယ်တော်သည်လည်း “ငါ၏သွန်သင်ချက်သည် ငါကိုယ်တိုင်၏သွန်သင်ချက်မဟုတ်။ ငါ့အားစေလွှတ်တော်မူသောအရှင်၏သွန်သင်ချက်များပင်ဖြစ်၏။ 17မည်သူမဆို ထိုအရှင်၏အလိုတော်ကို ဆောင်ရွက်လိုသောဆန္ဒရှိကြလျှင် ဤသွန်သင်ချက်သည် ဘုရားရှင်ထံမှလာသလော၊ သို့မဟုတ် ငါသည် မိမိဆန္ဒအလျောက်ဟောပြောနေသလောဆိုသည်ကို သိလိမ့်မည်။ 18မိမိဆန္ဒအလျောက် ဟောပြောသူသည် မိမိဘုန်းကျက်သရေကို ရှာတတ်ကြ၏။ မိမိအားစေလွှတ်သောအရှင်၏ဘုန်းကျက်သရေကို ရှာသောသူမူကား ဖြောင့်မှန်သောသူဖြစ်၍ ထိုသူ၌ အမှားအယွင်းမရှိ။ 19မောရှေက ပညတ်တရားများကို သင်တို့အား ပေးအပ်ထားသည်မဟုတ်လော။ သို့သော်လည်း သင်တို့တွင် ထိုပညတ်တရားကို လိုက်နာကျင့်သုံးသောသူတစ်ဦးမျှမရှိ။ သင်တို့သည် အဘယ်ကြောင့် ငါ့ကိုသတ်ရန် ကြိုးစားနေကြသနည်း” ဟု မိန့်တော်မူ၏။
20လူပရိသတ်တို့ကလည်း “သင်သည် မကောင်းဆိုးဝါးပူးကပ်နေသူဖြစ်၏။ သင့်ကိုသတ်ရန် မည်သူကကြိုးပန်းနေသနည်း” ဟုမေးကြ၏။
21ထိုအခါ ကိုယ်တော်သည် သူတို့အား “အံ့ဖွယ်အမှုတစ်ခုကို ငါပြုသောအခါ၌ သင်တို့အားလုံးသည် အံ့ဩကြ၏။ 22မောရှေသည် အရေဖျားလှီးမင်္ဂလာတည်းဟူသောဓလေ့ကို သင်တို့အား ပေးခဲ့သည့်အတွက် သင်တို့သည် ဥပုသ်နေ့၌ပင် သားယောကျ်ားအား အရေဖျားလှီးမင်္ဂလာပြုကြ၏။ အမှန်မှာ ဤဓလေ့သည် မောရှေထံမှမဟုတ်ဘဲ ဘိုးဘေးတို့ကျင့်သုံးခဲ့သည့်ဓလေ့သာဖြစ်၏။ 23မောရှေ၏ပညတ်တရားကို မချိုးဖောက်ရန် ဥပုသ်နေ့တွင် အရေဖျားလှီးမင်္ဂလာပြုသည်ဆိုလျှင် ငါသည် ဥပုသ်နေ့၌ လူတစ်ကိုယ်လုံးကို အကောင်းပကတိဖြစ်စေသည့်အတွက် သင်တို့သည် ငါ့ကိုအမျက်ထွက်ရသလော။ 24အပြင်ပန်းအားဖြင့် လူကိုမစီရင်ဘဲ တရားမျှတစွာစီရင်ကြလော့” ဟု မိန့်တော်မူ၏။
ဤသူသည် မေရှိယလော
25ထိုအခါ ဂျေရုဆလင်မြို့သားအချို့သည်လည်း၊ “ဤသူသည် အကြီးအကဲတို့က သတ်ရန်ရှာဖွေနေကြသောသူမဟုတ်လော။ 26ကြည့်ပါလော့။ သူသည် လူပုံအလယ်၌ ထင်ရှားစွာဟောပြောနေပါလျက် သူတို့သည် မည်သည့်အရာမျှ မပြောကြပါတကား။ ဤသူသည် အမှန်ပင် မေရှိယဖြစ်ကြောင်းကို အကြီးအကဲတို့ သိကြပြီလော။ 27သို့ရာတွင် ဤသူသည် မည်သည့်အရပ်က လာသည်ကို ငါတို့သိကြ၏။ မေရှိယကိုမူကား မည်သည့်အရပ်က ကြွလာမည်ကို မည်သူမျှမသိနိုင်ရာ” ဟုဆိုကြလေသည်။
28ထို့ကြောင့် ကိုယ်တော်သည်လည်း ဗိမာန်တော်၌ သွန်သင်၍ ဆက်လက်ကြွေးကြော်တော်မူသည်မှာ “သင်တို့သည် ငါ့ကိုသိ၍ ငါအဘယ်အရပ်ကလာသည်ကိုလည်း သိကြ၏။ သို့ရာတွင် ငါသည် မိမိဆန္ဒအလျောက်လာသည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောအရှင်သည် ဖြောင့်မတ်သောအရှင်ဖြစ်တော်မူ၏။ သင်တို့သည် ထိုအရှင်ကို မသိကြ။ 29ငါမူကား သိ၏။ ‌အကြောင်းမူကား ငါသည် ထိုအရှင်ထံမှလာ၍ ထိုအရှင်သည် ငါ့ကိုစေလွှတ်တော်မူသောကြောင့်ဖြစ်၏” ဟူ၍ဖြစ်သည်။
30ထိုအခါ လူတို့သည် ကိုယ်တော်ကို ဖမ်းဆီးရန် ကြိုးစားကြသော်လည်း ကိုယ်တော်၏အချိန် မကျရောက်သေးသဖြင့် သူ့အား မည်သူမျှ မဖမ်းဆီးကြချေ။ 31သို့ရာတွင် လူပရိသတ်အများစုသည် ကိုယ်တော်ကို ယုံကြည်ကြလျက် “မေရှိယကြွတော်မူလာသောအခါ ဤသူပြုသည်ထက် ပိုများသေား နိမိတ်လက္ခဏာများကို ပြုပါမည်လော” ဟုဆိုကြ၏။
ကိုယ်တော်ကို ဖမ်းဆီးစေကြခြင်း
32ထိုအချိန်တွင် ဖာရိရှဲတို့သည် ကိုယ်တော်၏အကြောင်းအား လူထုပရိတ်သတ်ကြီးမှ ထိုကဲ့သို့ တီးတိုးပြောဆိုနေကြသည်ကို ကြားကြသောအခါ ပုရောဟိတ်အကြီးအကဲများနှင့် ဖာရိရှဲတို့သည် ကိုယ်တော်ယေရှုအား ဖမ်းဆီးရန် ဗိမာန်တော်အစောင့်များကို စေလွှတ်လိုက်ကြလေသည်။
33ထိုအခါ ကိုယ်တော်သည် သူတို့အား “ငါသည် သင်တို့နှင့်အတူ ခဏတာမျှနေပြီးလျှင် ငါ့အားစေလွှတ်တော်မူသော အရှင်ထံသို့ ပြန်သွားမည်။ 34သင်တို့သည် ငါ့ကိုရှာကြသော်လည်း တွေ့မည်မဟုတ်။ ငါရှိရာအရပ်သို့လည်း သင်တို့လာနိုင်ကြမည်မဟုတ်” ဟုမိန့်တော်မူသဖြင့်
35ဂျူးလူမျိုးအကြီးအကဲတို့က “ဤသူသည် ငါတို့ရှာ၍ မတွေ့နိုင်ခြင်းငှာ မည်သည့်အရပ်သို့ သွားရန် ကြံရွယ်နေသနည်း။ အရပ်ရပ်၌ ကွဲလွင့်ပျံ့နှံ့နေသော ဂရိလူမျိုးတို့ထံသွား၍ သူတို့ကို သွန်သင်ရန် ကြံရွယ်နေသလော။ 36‘သင်တို့သည် ငါ့ကိုရှာကြသော်လည်း တွေ့မည်မဟုတ်။ ငါရှိရာအရပ်သို့လည်း သင်တို့လာနိုင်ကြမည်မဟုတ်’ ဟုသူဆိုသောစကားသည် မည်သည်ကို ဆိုလိုသနည်း” ဟုအချင်းချင်းပြောဆိုကြလေ၏။
အသက်စမ်းရေတွင်း
37ထိုပွဲတော်၏အရေးကြီးဆုံးရက်ဖြစ်သည့် နောက်ဆုံးသောနေ့၌ ကိုယ်တော်ယေရှုသည် ရပ်လျက် ကျယ်လောင်စွာ ကြွေးကြော်သည်မှာ “မည်သူမဆို ရေငတ်လျှင် ငါ့ထံသို့လာ၍ သောက်လော့။ 38ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာတွင် ဖော်ပြသည့်အတိုင်း ထိုသူ့အတွင်းမှ အသက်ရေများ စမ်းရေတွင်းသဖွယ် စီးဆင်းနေလိမ့်မည်” ဟူ၍ဖြစ်၏။ 39ဤသည်ကား ကိုယ်တော်ကို ယုံကြည်သောသူတို့ ခံယူရရှိမည့် ဉာဏ်အလင်းတော်ကို ရည်ညွှန်း၍ မိန့်တော်မူခြင်းဖြစ်၏။ အကြောင်းမူကား ကိုယ်တော်သည် ဘုန်းတော်ထင်ရှားခြင်းမရှိသေးသဖြင့် ဉာဏ်အလင်းတော်ကို ပေးတော်မမူသေးသောကြောင့်ဖြစ်၏။
လူတို့စိတ်ဝန်းကွဲကြခြင်း
40ဤသို့သောစကားတို့ကို ကြားကြသောအခါ လူပရိသတ်ထဲမှ အချို့သည် “ဤသူသည် အမှန်တကယ်ပင် ထိုအရိယာသူတော်စင်ဖြစ်သည်” ဟုဆိုကြ၏။
41အချို့သည်လည်း “ဤသူသည် မေရှိယဖြစ်သည်” ဟုဆိုကြပြီး
အခြားသူတို့ကမူ “မေရှိယသည် ဂါလိလဲပြည်မှ ထွက်ပေါ်လာနိုင်မည်မဟုတ်။ 42မေရှိယသည် ဒါဝိဒ်၏အမျိုးအနွယ်မှလည်းကောင်း၊ ဒါဝိဒ်၏နေရပ်ဖြစ်သော ဗက်လင်မြို့မှလည်းကောင်း ပေါ်ထွန်းမည်ဟု ကျမ်းစာကဆိုထားသည်မဟုတ်လော” ဟုဆိုကြ၏။ 43ဤသို့ဖြင့် လူထုပရိသတ်တို့အကြားတွင် ကိုယ်တော်အကြောင်းနှင့်ပတ်သက်၍ စိတ်ဝမ်းကွဲပြားကြ၏။ 44လူတို့ထဲမှ အချို့သည် ကိုယ်တော်ယေရှုအား ဖမ်းဆီးခြင်းငှာအလိုရှိကြ၏။ သို့သော်လည်း အဘယ်သူမျှ မဖမ်းမဆီးကြ။
ဂျူးလူမျိုးအကြီးအကဲများ၏မယုံကြည်ခြင်း
45ထို့နောက် ဗိမာန်တော်အစောင့်များသည်လည်း ပုရောဟိတ်အကြီးအကဲများနှင့် ဖာရိရှဲတို့ထံ ပြန်လာကြသောအခါ ထိုအကြီးအကဲတို့သည် “ယေရှုအား အဘယ်ကြောင့်မဖမ်းဆီးခဲ့ကြသနည်း” ဟုမေးမြန်းကြ၏။
46အစောင့်တို့သည်လည်း “ထိုသူကဲ့သို့ မည်သူမျှ မဟောပြောခဲ့ဖူးပါ” ဟုဖြေကြ၏။
47ဖာရိရှဲတို့သည်လည်း ဗိမာန်တော်စောင့်တို့အား “သင်တို့ပင်လျှင် လှည့်ဖြားခံရကြပြီလော။ 48အကြီးအကဲတို့နှင့် ဖာရိရှဲတို့၌ သူ့ကို ယုံကြည်ခဲ့သူတစ်ဦးမျှပင်မရှိ။ 49ဤသို့ ပညတ်တရားကိုမသိ၍ ယုံကြည်ကြသောလူထုပရိသတ်သည် ဘုရားရှင်၏အပြစ်ဒဏ်ပေးခြင်းကို ခံရမည့်သူများပင်ဖြစ်သည်” ဟုဆိုကြ၏။
50ထိုအခါ ယခင်က ကိုယ်တော့်ထံသို့ လာခဲ့ဖူးသော ထိုဖာရိရှဲတို့ထဲမှ တစ်ဦးဖြစ်သူ နိကောဒင်သည် 51“ငါတို့၏ပညတ်တရားသည် လူတစ်ဦးကို သူ့ထံမှ ဦးစွာကြားနာခြင်းမပြု၊ သူပြုနေသောအမှုအရာကိုလည်း မသိဘဲ စီရင်ပါမည်လော” ဟုဆိုလျှင်
52ထိုသူတို့သည် “သင်သည်လည်း ဂါလိလဲပြည်သားဖြစ်သလော။ ဂါလိလဲပြည်မှ အရိယာသူတော်စင် မပေါ်ထွန်းကြောင်းကို ရှာဖွေလေ့လာကြည့်လော့” ဟု သူ့အား ပြန်လည်ပြောဆိုကြပြီးမှ 53သူတို့အားလုံးသည်လည်း မိမိတို့နေအိမ်သို့ အသီးသီးပြန်သွားကြလေ၏။

Currently Selected:

ယောဟန် 7: TPV-RV

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in