ယောဟန် 6
6
လူငါးထောင်ကို ကျွေးမွေးခြင်း
1ထို့နောက် ကိုယ်တော်ယေရှုသည် တိဗေရိအိုင်ဟုလည်းခေါ်သော ဂါလိလဲအိုင်၏တစ်ဖက်ကမ်းကို ကြွရောက်တော်မူ၏။ 2များစွာသောလူထုပရိသတ်တို့သည်လည်း နာမကျန်းသူတို့အပေါ်၌ ကိုယ်တော်ပြုတော်မူသော အံ့ဖွယ်နိမိတ်လက္ခဏာများကို မြင်ကြရသဖြင့် ကိုယ်တော်၏နောက်တော်သို့ လိုက်ပါလာကြ၏။ 3ထို့နောက် ကိုယ်တော်သည် တောင်ပေါ်သို့ တက်၍ ထိုအရပ်၌ တပည့်တော်များနှင့်အတူ ထိုင်ကြလေ၏။ 4ဂျူးလူမျိုးတို့၏ပသခါပွဲသည်လည်း ကျရောက်လုနီးပြီဖြစ်၏။
5ကိုယ်တော်ယေရှုသည် မျှော်ကြည့်၍ များစွာသောလူပရိသတ်အပေါင်းတို့ သူ့ထံသို့ လာနေကြသည်ကို မြင်သောအခါ၊ ဖိလိပ္ပုအား “ဤသူတို့စားရန် အစားအစာကို အဘယ်ကဝယ်ကြမည်နည်း” ဟုမေးတော်မူ၏။ 6ကိုယ်တော်သည် မိမိအဘယ်သို့ပြုမည်ကို သိလျှက်နှင့်ပင် ဖိလိပ္ပုကို စမ်းသပ်လိုသောကြောင့်သာ ဤသို့မေးခြင်းဖြစ်သည်။
7ဖိလိပ္ပုသည်လည်း “ဤမျှများပြားသောလူတို့အတွက် တစ်ဦးစီမုန့်တစ်ဖဲ့စီ ပေးဖို့ရန် ဒေနာရိဒင်္ဂါး နှစ်ရာပြားဖိုးဝယ်လျှင်ပင် လုံလောက်မည်မဟုတ်ပါ”#6:7 ဒေနာရိဒင်္ဂါးတစ်ပြားသည်အခြေခံလုပ်သားတစ်ဦးအတွက် ပျမ်းမျှ တစ်ရက်လုပ်အားခနှင့်ညီမျှလေသည်။ ဟု ပြန်လည်လျှောက်တင်လေသည်။
8ထိုအခါ ကိုယ်တော်၏ တပည့်တော်တို့ထဲတွင် တစ်ဦးဖြစ်သူ ရှိမုန်ပေတရု၏ညီ အန္ဒြေက ကိုယ်တော်အား 9“မုယောမုန့်ငါးလုံးနှင့်ငါးကလေးနှစ်ကောင်ရှိသော သူငယ်တစ်ဦးရှိပါ၏။ သို့သော် ဤမျှလောက် များပြားသောသူတို့အတွက် ထိုမုန့်နှင့်ငါးတို့သည် မလုံလောက်နိုင်ပါ” ဟုလျှောက်တင်လေ၏။
10ကိုယ်တော်ယေရှုသည် တပည့်တော်တို့အား “လူတို့ကို ထိုင်စေကြလော့” ဟုမိန့်တော်မူလေသည်။ ထိုနေရာတွင် မြက်ပင်များထူထပ်လျက် ရှိနေသည်။ သို့ဖြစ်၍ လူဦးရေငါးထောင်ခန့်ရှိသည့် လူအားလုံးတို့သည် ထိုင်လိုက်ကြလေသည်။ 11ထို့နောက် ကိုယ်တော်ယေရှုသည် မုန့်များကိုယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးနောက် ထိုင်နေကြသောသူတို့အား ခွဲဝေပေးတော်မူ၏။ ငါးများကိုလည်း ထိုနည်းတူပင်ပြု၍ သူတို့အလိုရှိသလောက် ခွဲဝေပေးတော်မူ၏။
12လူတို့ ဝလင်စွာစားသုံးကြပြီးနောက် ကိုယ်တော်သည် “အလေအလွင့်မရှိစေရန် ကျန်ရစ်သောအစားအစာအကျိုးအပဲ့တို့ကို ကောက်သိမ်းကြလော့” ဟုတပည့်တော်တို့အား မိန့်တော်မူလေ၏။ 13ထို့ကြောင့် တပည့်တော်တို့သည်လည်း ကောက်ယူသိမ်းဆည်းကြသောအခါ မုယောမုန့်ငါးလုံးမှ ကျန်ရစ်သောအကျိုးအပဲ့များသည် တစ်ဆယ့်နှစ်တောင်းအပြည့်ရလေသည်။
14လူအများသည် ကိုယ်တော်ယေရှု ပြုတော်မူသော ဤအံ့ဖွယ်အမှုကို မြင်ပြီးသောအခါ “ဤသူသည် လောကကို ကြွတော်မူလာသည့် အရိယာသူတော်စင်အမှန်ပင်ဖြစ်သည်” ဟုပြောဆိုကြလေသည်။ 15ထို့နောက် ကိုယ်တော်သည် လူတို့အား မိမိအား အတင်းအကြပ် တွန်းအားပေး၍ ဘုရင်အဖြစ် တင်မြှောက်ရန် ကြံစည်နေကြောင်းကို သိတော်မူသဖြင့် ကိုယ်တော်သည် တောင်ပေါ်သို့ တစ်ကိုယ်တည်း ပြန်ကြွသွားတော်မူ၏။
ရေပေါ်၌ လမ်းလျှောက်တော်မူခြင်း
16ညနေအချိန်ရောက်သောအခါ တပည့်တော်တို့သည် ဂါလိလဲအိုင်သို့ သွားကြပြီး 17လှေပေါ်သို့တက်ကာ အိုင်ကိုဖြတ်၍ ကပေရနောင်မြို့သို့ သွားကြလေ၏။ မိုးချုပ်လာပြီဖြစ်သော်လည်း ကိုယ်တော်ယေရှုသည် သူတို့ရှိရာသို့ မရောက်လာသေးပေ။ 18ထိုအချိန်၌ လေပြင်း တိုက်ခတ်၍ ရေအိုင်၌ လှိုင်းတံပိုးများ ထလာလေ၏။ 19သူတို့သည် သုံးလေးမိုင်ခန့် လှေကိုလှော်ခတ်ပြီးနောက် ကိုယ်တော်ယေရှုသည် ရေအိုင်ပေါ်တွင် လမ်းလျှောက်၍ ကြွလာပြီး လှေအနီးသို့ ချဉ်းကပ်လာနေသည်ကို မြင်ကြသောအခါ သူတို့သည် လွန်စွာကြောက်ရွံ့တုန်လှုပ်ကြလေသည်။ 20သို့သော် ကိုယ်တော်သည် သူတို့အား “မကြောက်ကြနှင့်။ ငါပင်ဖြစ်သည်” ဟု မိန့်တော်မူ၏။ 21ထိုအခါ တပည့်တော်တို့သည် အားရဝမ်းမြောက်လျက် ကိုယ်တော်အား လှေပေါ်သို့ခေါ်ယူနေစဉ်တွင်ပင် လှေသည် သူတို့သွားရန်ရည်ရွယ်ထားသည့်အရပ်သို့ ချက်ချင်းရောက်လေ၏။
ရွှေမြို့တော်မှလာသောမုန့်
22နောက်တစ်နေ့၌ ရေအိုင်တစ်ဖက်ကမ်းတွင် ကျန်ရစ်သောလူထုပရိသတ်တို့သည် ထိုအရပ်၌ လှေငယ်တစ်စင်းမှလွဲ၍ အခြားလှေမရှိကြောင်းကိုလည်းကောင်း၊ ထိုလှေ၌ ကိုယ်တော်ယေရှုသည် တပည့်တော်တို့နှင့်အတူ လိုက်ပါသွားခြင်းမရှိဘဲ တပည့်တော်တို့သာ ထွက်သွားခဲ့ကြောင်းကိုလည်းကောင်း သတိပြုမိကြ၏။ 23ထို့နောက် တိဗေရိမြို့မှ အခြားလှေငယ်များသည် ကိုယ်တော်မှ ဘုရားရှင်၏ကျေးဇူးတော်ချီးမွမ်းပေးပြီးနောက် လူတို့သည် မုန့်များကို စားသုံးခဲ့ကြသည့် နေရာအနီးသို့ ရောက်လာကြလေသည်။ 24ထိုအရပ်၌ ကိုယ်တော်နှင့် တပည့်တော်များ မရှိကြသည်ကို လူထုပရိသတ်တို့ သိကြသောအခါ ကိုယ်တော့်ကို ရှာဖွေရန် ထိုလှေများပေါ်တက်၍ ကပေရနောင်မြို့သို့ ထွက်ခွာကြလေ၏။
ယေရှုသည် အသက်မုန့်ဖြစ်၏
25လူတို့သည် ကိုယ်တော်ယေရှုကို အိုင်တစ်ဖက်ကမ်းတွင် တွေ့ကြသောအခါ ကိုယ်တော်အား “ကိုယ်တော်၊ ဤအရပ်သို့ မည်သည့်အချိန်က ကြွရောက်တော်မူပါသနည်း” ဟုမေးလျှောက်ကြလေ၏။
26ကိုယ်တော်သည်လည်း သူတို့အား “သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့သည် ငါ့ကိုရှာဖွေကြသည်မှာ နိမိတ်လက္ခဏာများကို မြင်ရသောကြောင့်မဟုတ်ဘဲ အစားအစာကို ဝဝလင်လင်စားရခဲ့ကြသောကြောင့်ဖြစ်၏။ 27ပျက်စီးတတ်သောအစာအဖို့ မကြိုးစားကြနှင့်။ အဖဘုရားရှင်ထံမှ အခွင့်အာဏာပေးခြင်းခံရသည့် လူ့သားတော်ပေးတော်မူသော နိစ္စထာဝရအသက်တိုင်အောင် တည်မြဲသည့်အစာအတွက်သာ ကြိုးစားကြလော့” ဟု မိန့်တော်မူ၏။
28ထိုအခါ သူတို့သည် ကိုယ်တော်အား “ဘုရားရှင်အလိုတော်ရှိသောအမှုတို့ကို ဆောင်ရွက်ရန် အကျွန်ုပ်တို့ မည်သည့်အရာကို ပြုရပါမည်နည်း” ဟုမေးလျှောက်ကြလေ၏။
29ကိုယ်တော်သည် “ဘုရားရှင်၏အမှုတော်ဆိုသည်မှာ ဘုရားရှင်စေလွှတ်တော်မူသောသူကို ယုံကြည်ခြင်းပင်ဖြစ်၏” ဟုမိန့်တော်မူလေသည်။
30ထိုအခါ လူတို့သည် ကိုယ်တော်အား “ဘုရားရှင်က ကိုယ်တော့်ကို စေလွှတ်တော်မူခြင်းကို အကျွန်ုပ်တို့မြင်၍ ယုံကြည်နိုင်ရန် မည်သို့သောနိမိတ်လက္ခဏာကို ပြုတော်မူပါမည်နည်း။ မည်သည့်အမှုအရာကို ဆောင်ရွက်ပေးတော်မူပါမည်နည်း။ 31ကျမ်းစာ၌ ‘ရွှေမြို့တော်မှလာသောမုန့်ကို သူတို့စားသုံးရန် ပေးတော်မူသည်’ ဟူ၍ရေးသားထားသည့်အတိုင်း အကျွန်ုပ်တို့၏ဘိုးဘေးများသည် တောကန္တာရ၌ မန္နမုန့်#6:31 သမ္မာကျမ်းစာတွင်၊ မန္နသည် အစ္စရေးလူတို့ကို သဲကန္တာရတွင် အနှစ် ၄၀ ခရီးတစ်လျှောက် ဘုရားသခင်ပေးခဲ့သော သဘာဝလွန်အစားအစာဖြစ်သည်။ “မန္န“ ဟူသော စကားလုံးသည် ဟေဗြဲစကားလုံး “လူသား“ ဟူသော အဓိပ္ပါယ်မှာ “လက်ဆောင်“ ကို အခြေခံထားသည်။ Manna လို့လည်း ခေါ်တယ်။ “ကောင်းကင်မုန့်“ “ကောင်းကင်စပါး“ “နတ်သမီး၏အစားအစာ“ “ဝိညာဉ်အသား“ “နတ်သမီးမုန့်“ကို စားကြရ၏” ဟုလျှောက်တင်ကြလေသည်။
32ကိုယ်တော်သည်လည်း “သင်တို့အား ငါအမှန်ဆိုသည်ကား ကောင်းကင်မှမုန့်ကို သင်တို့အားပေးခဲ့သူမှာ မောရှေမဟုတ်။ ငါ၏အဖဘုရားရှင်သည်သာ ကောင်းကင်မှ စစ်မှန်သောမုန့်ကို သင်တို့အား ပေးတော်မူခဲ့ခြင်းဖြစ်၏။ 33အကြောင်းမူကား ဘုရားရှင်ပေးတော်မူသောမုန့်သည် ရွှေမြို့တော်မှဆင်းသက်လာ၍ လောကသားတို့အတွက် အသက်တာကိုပေးသောသူဖြစ်၏” ဟုကိုယ်တော်က မိန့်တော်မူလျှင်
34လူတို့သည် ကိုယ်တော်အား “ကိုယ်တော်၊ ထိုမုန့်ကို အကျွန်ုပ်တို့အား အစဉ်ပေးတော်မူပါ” ဟုလျှောက်ကြ၏။
35ထိုအခါ ကိုယ်တော်သည် “ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့ လာသောသူသည် မည်သည့်အခါမျှ ဆာလောင်မည်မဟုတ်။ ငါ့ကို ယုံကြည်သောသူသည်လည်း မည်သည့်အခါမျှ ရေငတ်တော့မည်မဟုတ်။ 36သို့ရာတွင် သင်တို့အား ငါဆိုခဲ့သည့်အတိုင်းပင် သင်တို့သည် ငါ့ကိုမြင်လျက်ပင် မယုံကြည်ကြသေးပေ။ 37ငါ့အား အဖဘုရားပေးတော်မူသောသူမှန်သမျှသည် ငါ့ထံသို့လာမည်။ ငါ့ထံသို့ လာသောသူတိုင်းကိုလည်း ငါသည် မည်သည့်အခါမျှ နှင်ထုတ်မည်မဟုတ်။ 38အကြောင်းမူကား ငါသည် မိမိအလိုကို ဆောင်ရွက်ရန်မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အလိုတော်ကို ဆောင်ရွက်ရန် ငါသည် ရွှေမြို့တော်မှ ဆင်းသက်လာခြင်းဖြစ်၏။ 39ငါ့ထံသို့ ပေးအပ်ထားသောသူတို့တွင် တစ်စုံတစ်ဦးကိုမျှ မဆုံးရှုံးရစေဘဲ နောက်ဆုံးသောနေ့၌ ထိုသူတို့ကို အသက်ရှင်သန်စေရန်သည် ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အလိုတော်ပင်ဖြစ်၏။ 40အမှန်စင်စစ် ငါ၏အဖဘုရားအလိုတော်သည်ကား သားတော်ကိုမြင်၍ ယုံကြည်သောသူတိုင်း နိစ္စထာဝရအသက်တာကို ရရှိရန်ဖြစ်၏။ ငါသည်လည်း နောက်ဆုံးသောနေ့၌ ထိုသူတို့ကို အသက်ရှင်သန်စေမည်ဖြစ်၏” ဟုမိန့်တော်မူလေသည်။
41ထိုအခါ ဂျူးလူမျိုးတို့သည် ကိုယ်တော်ပြောဆိုသော “ငါသည် ရွှေမြို့တော်မှ ဆင်းသက်လာသောမုန့်ဖြစ်သည်” ဟူသောစကားကြောင့် မကျေမနပ်ဖြစ်၍ 42သူတို့သည် “ဤသူသည် ယောသပ်၏သား ယေရှုမဟုတ်လော။ သူ၏မိခင်နှင့် ဖခင်ကိုလည်း ငါတို့သိကြသည်မဟုတ်လော။ ယခုသူသည် အဘယ်ကြောင့် ‘ငါသည် ရွှေမြို့တော်မှ ဆင်းသက်လာသည်’ ဟုဆိုရသနည်း” ဟူ၍ ကိုယ်တော့်အကြောင်းကို ပြောဆိုကြလေ၏။
43ကိုယ်တော်သည်လည်း “သင်တို့အချင်းချင်းကြားတွင် မကျေမနပ် ပြောဆိုမနေကြနှင့်။ 44ငါ့အားစေလွှတ်တော်မူသော အဖဘုရားရှင် အလိုတော်ရှိသောသူတို့မှလွဲ၍ မည်သူမျှငါ့ထံသို့ လာနိုင်ကြမည်မဟုတ်။ ငါ့ထံသို့ လာသောသူတို့ကိုလည်း နောက်ဆုံးသောနေ့၌ ငါသည် ရှင်သန်စေမည်ဖြစ်၏။ 45အရိယာသူတော်စင်တို့၏ကျမ်းများ၌ ‘ထိုသူအပေါင်းတို့သည် ဘုရားရှင်၏သွန်သင်တော်မူခြင်းကို ခံကြရသောသူများဖြစ်ကြ၏’ ဟုရေးသားထားသည့်အတိုင်း အဖဘုရားရှင်ထံမှ ကြားနာရ၍ လိုက်နာသောသူအပေါင်းတို့သည် ငါ့ထံသို့လာကြ၏။ 46ထိုသို့ငါဆိုသော်၊ အဖဘုရားရှင်ကို တစ်စုံတစ်ဦးသည် မြင်ခဲ့ပြီဟုဆိုလိုခြင်းမဟုတ်။ ဘုရားရှင်ထံတော်မှ ကြွလာသောသူတစ်ဦးတည်းသာလျှင် အဖဘုရားရှင်ကို မြင်ခဲ့၏။ 47သင်တို့အား ငါအမှန်ဆိုသည်ကား ငါ့ကို ယုံကြည်သောသူသည် နိစ္စထာဝရအသက်ကို ရ၏။ 48ငါသည် အသက်မုန့်ဖြစ်၏။ 49သင်တို့ဘိုးဘေးများသည် တောကန္တာရ၌ မန္နမုန့်ကို စားခဲ့ရသော်လည်း သေဆုံးကြရ၏။ 50သို့သော် ယခုမုန့်ကား ရွှေမြို့တော်မှလာသည်ဖြစ်၍ စားသုံးသောသူသည် သေခြင်းနှင့်ကင်းလွတ်ရမည်ဖြစ်၏။ 51ငါသည် ရွှေမြို့တော်မှ ဆင်းသက်သည့် အသက်မုန့်ဖြစ်၏။ မည်သူမဆို ဤမုန့်ကို စားလျှင် ထာဝရအသက်ရှင်လိမ့်မည်။ ငါပေးသည့်မုန့်ကား လောကသားတို့၏အသက်အတွက် စွန့်ကြဲသည့်ငါ၏အသားပေတည်း” ဟု မိန့်တော်မူ၏။
52ထိုအခါ ဂျူးလူမျိုးတို့သည် “ဤသူသည် သူ့အသားကို ငါတို့စားရန် မည်သို့ပေးနိုင်မည်နည်း” ဟုအချင်းချင်း ငြင်းခုန်ပြောဆိုကြ၏။
53ကိုယ်တော်သည်လည်း သူတို့အား “သင်တို့အား ငါအမှန်ဆိုသည်ကား လူ့သားတော်၏အသားကိုမစား၊ သူ၏အသွေးကိုမသောက်လျှင် သင်တို့၌ စစ်မှန်သောအသက်ရှိမည်မဟုတ်။ 54ငါ၏အသားကို စား၍ ငါ၏အသွေးကိုသောက်သောသူသည် နိစ္စထာဝရအသက်ကို ရ၍ ငါသည် ထိုသူအား နောက်ဆုံးသောနေ့၌ ရှင်သန်စေမည်ဖြစ်၏။ 55အကြောင်းမူကား ငါ၏အသားသည် စစ်မှန်သောစားစရာဖြစ်၍ ငါ၏သွေးသည် စစ်မှန်သောသောက်စရာဖြစ်၏။ 56ငါ၏အသားကိုစား၍ ငါ၏သွေးကို သောက်သောသူသည် ငါနှင့်တသားတည်းဖြစ်၍ ငါသည်လည်း ထိုသူနှင့်တသားတည်းဖြစ်၏။ 57အသက်ရှင်တော်မူသောအဖဘုရားသည် ငါ့အား စေလွှတ်တော်မူ၍ ငါသည်အဖဘုရားရှင်အားဖြင့် အသက်ရှင်သကဲ့သို့ ငါ့၏အသားကိုစားသောသူသည်လည်း ငါ့အားဖြင့် အသက်ရှင်လိမ့်မည်။ 58ဤမုန့်ကား ရွှေမြို့တော်မှဆင်းသက်သောမုန့်ဖြစ်၏။ သင်တို့ဘိုးဘေးများ စားပြီး သေဆုံးသွားရသည့် မုန့်မျိုးမဟုတ်။ ဤမုန့်ကို စားသောသူသည် ထာဝရအသက်ရှင်လိမ့်မည်” ဟုမိန့်တော်မူလေသည်။ 59ကိုယ်တော်သည် ကပေရနောင်မြို့တွင် သွန်သင်တော်မူစဉ် ဤအကြောင်းအရာများကို ဂျူးဓမ္မာရုံ၌ ဟောပြောခဲ့၏။
နိစ္စထာဝရအသက်နှင့်ဆိုင်သောစကား
60ကိုယ်တော်ယေရှု၏ တပည့်တော်အများစုသည် ထိုဟောပြောချက်ကိုကြားလျှင် “ဤအကြောင်းအရာတို့သည် လက်ခံနိုင်ရန် ခက်ခဲလှ၏။ မည်သူလက်ခံနိုင်မည်နည်း” ဟုဆိုကြလေ၏။
61ဤအကြောင်းအရာနှင့်ပတ်သက်၍ တပည့်တော်တို့သည် မကျေမနပ်ဖြစ်နေကြကြောင်းကို သိတော်မူသဖြင့် ကိုယ်တော်သည် “ဤစကားကြောင့် သင်တို့စိတ်ပျက်ကြသလော။ 62သို့ဆိုလျှင် လူ့သားတော်သည် သူလာခဲ့သည့်အရပ်သို့ ပြန်တက်ကြွခြင်းကို သင်တို့မြင်ရပါမူ မည်သို့ဖြစ်မည်နည်း။ 63ဉာဏ်အလင်းတော်ကသာ အသက်ကိုရှင်စေ၏။ ကိုယ်ကာယသည် မည်သည့်အရာကိုမျှမလုပ်နိုင်။ ငါဟောပြောသောအကြောင်းအရာတို့သည် ဉာဏ်အလင်းတော်နှင့် အသက်ပင်ဖြစ်၏။ 64သို့သော်လည်း သင်တို့၌ မယုံကြည်သောသူအချို့ရှိ၏” ဟု မိန့်တော်မူ၏။ အကြောင်းမူကား မည်သူသည်ယုံကြည်ခြင်းကင်းမဲ့သည်ကိုလည်းကောင်း၊ မည်သူသည် သူ့အား သစ္စာဖောက်မည်ဆိုသည်ကိုလည်းကောင်း ကိုယ်တော်သည် အစကတည်းကပင် သိနှင့်ထားတော်မူသောကြောင့်ဖြစ်၏။ 65ထို့နောက် ကိုယ်တော်က “ဤအကြောင်းကြောင့် အဖဘုရားရှင်အခွင့်ပေးတော်မမူလျှင် မည်သူကမျှ ငါ့ထံသို့မလာနိုင်ဟု ငါဆိုခဲ့ခြင်းဖြစ်၏” ဟု မိန့်တော်မူ၏။
66ထိုအချိန်မှစ၍ တပည့်တော်တို့ထဲမှ အများစုသည် ထွက်ခွာသွားခဲ့ကြပြီး ကိုယ်တော်နှင့်အတူ လိုက်ပါခြင်းမပြုကြတော့ပေ။
67ထိုအခါ ကိုယ်တော်ယေရှုသည် သာဝကတစ်ဆယ့်နှစ်ဦးအား “သင်တို့လည်း ထွက်ခွာသွားလိုကြသလော” ဟုမေးတော်မူလျှင်
68ရှိမုန်ပေတရုသည် “ကိုယ်တော် အကျွန်ုပ်တို့သည် မည်သူ့ထံသို့ သွားရပါမည်နည်း။ နိစ္စထာဝရအသက်နှင့်ဆိုင်သောစကားတို့သည် ကိုယ်တော်၌သာရှိပါ၏။ 69ကိုယ်တော်သည် ဘုရားရှင်ထံတော်မှလာသည့် စင်ကြယ်မြင့်မြတ်သောသူဖြစ်သည်ကို အကျွန်ုပ်တို့ ယုံကြည်ကြပါ၏” ဟုလျှောက်တင်လေ၏။
70ကိုယ်တော်သည်လည်း “တစ်ဆယ့်နှစ်ဦးသောသင်တို့ကို ငါကိုယ်တိုင် ရွေးချယ်ခဲ့ခြင်းဖြစ်သော်လည်း သင်တို့ထဲမှတစ်ဦးသည် မကောင်းဆိုးဝါးတစ်ဦးဖြစ်၏” ဟု မိန့်တော်မူ၏။ 71ဤသည်ကား ရှိမုန်ဣရှကာရုတ်၏သားဖြစ်သူ ယုဒဣရှကာရုတ်ကို ရည်ညွှန်း၍ မိန့်တော်မူခြင်းဖြစ်၏။ သူသည် တပည့်သာဝကတစ်ဆယ့်နှစ်ဦးထဲမှ တစ်ဦးဖြစ်လျှက် ကိုယ်တော့်ကို သစ္စာဖောက်မည့်သူဖြစ်သောကြောင့်ဖြစ်၏။
Currently Selected:
ယောဟန် 6: TPV-RV
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.