YouVersion Logo
Search Icon

ယောဟန် 5

5
ဥပုသ်နေ့တွင် ကျန်းမာစေခြင်း
1ထို့နောက် ဂျူးလူမျိုးတို့၏ဘာသာ‌ရေးပွဲတော်တစ်ခုရှိသဖြင့် ကိုယ်တော်ယေရှုသည် ဂျေရုဆလင်မြို့သို့ ကြွတော်မူ၏။ 2ဂျေရုဆလင်မြို့ရှိ သိုးများဝင်သော တံခါးပေါက်အနီးတွင် ဟေဘရူးဘာသာစကားဖြင့် ဗေသေသဒ#5:2 တစ်ချို့မူရင်းကျမ်း၌ ဗက်ဇဲဒဟုရေးသားသည်။ဟုခေါ်သည့် မုဒ်ဆောင်ငါးဆောင်ရှိသော ရေကန်တစ်ကန်ရှိ၏။ 3ထို​မုဒ်ဆောင်တို့​၌ မျက်မမြင်​များ၊ ခြေ​မသန်စွမ်း​သူ​များ၊ အကြောသေ​ချိနဲ့​သူ​များ​နှင့် နာမကျန်း​ဖြစ်​သူ​အမြောက်အမြား​တို့​သည် လဲလျောင်း​နေ​ကြ​၏။ သူ​တို့​သည် ရေ​လှုပ်ရှား​ခြင်း​ကို စောင့်မျှော်​နေ​ခြင်း​ဖြစ်​၏။ 4အကြောင်းမူကား ဘုရားရှင်၏နတ်ဒေဝါသည် ရေကန်သို့ တစ်ခါတစ်ရံဆင်းလာပြီး ရေကိုလှုပ်ရှားစေတတ်၏။ ထိုသို့ ရေလှုပ်ရှားပြီးသည့်နောက် ရေထဲသို့ ဦးစွာဆင်းသောသူသည် မည်သည့်ရောဂါစွဲကပ်နေသည်ဖြစ်စေ ရောဂါပျောက်ကင်းစေတတ်သောကြောင့်ဖြစ်သည်။ 5ထိုနေရာတွင် သုံးဆယ့်ရှစ်နှစ်လုံး နာမကျန်းဖြစ်နေသောသူတစ်ဦးသည်လည်း ရှိနေလေ၏။ 6ထိုသူ လဲလျောင်းနေသည်ကို ကိုယ်တော်ယေရှုသည် မြင်တော်မူ၍ သူသည် ဤနေရာ၌ အချိန်ကာလကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ရသည်ကို သိသဖြင့် ထိုသူအား “သင် အကောင်းပကတိဖြစ်လိုသလော” ဟုမေးတော်မူ၏။
7နာမကျန်းဖြစ်နေသူသည် “အရှင်၊ ရေလှုပ်ရှားသောအချိန်၌ အကျွန်ုပ်ကို ရေထဲသို့ ကူ၍ချပေးမည့်သူမရှိပါ။ အကျွန်ုပ်ကိုယ်တိုင် ကြိုးစားသော်လည်း အခြားသူများသည်သာ အလျင်ဦးစွာ ဆင်းသွားတတ်ကြပါ၏” ဟုလျှောက်လေ၏။
8ထိုအခါ ကိုယ်တော်သည် “ထလော့။ သင့်ဖျာကိုယူ၍ လမ်းလျှောက်လော့” ဟုမိန့်တော်မူလျှင် 9ချက်ချင်းပင် ထိုသူသည် အကောင်းပကတိဖြစ်လာ၍ သူ၏ဖျာကို ယူကာ လမ်းလျှောက်သွားလေတော့၏။
ထိုနေ့ကား ဥပုသ်နေ့ဖြစ်၏။ 10ထို့ကြောင့် အကောင်းပကတိဖြစ်သောသူအား ဂျူးလူမျိုး#5:10 ဘာသာရေးနှင့် သက်ဆိုင်သောဂျူးလူမျိုးများကို ရည်ညွှန်းပါသည်။တို့က “ဤနေ့သည် ဥပုသ်နေ့ဖြစ်သည့်အတွက် ဖျာကို သယ်ဆောင်ခြင်းသည် ပညတ်တော်နှင့်မညီ” ဟုဆိုကြ၏။
11ထိုသူသည်လည်း “အကျွန်ုပ်ကို အကောင်းပကတိဖြစ်စေသောသူသည် ‘မိမိဖျာကို ယူ၍ လမ်းလျှောက်လော့’ ဟုမိန့်တော်မူခဲ့၏” ဟုဆိုလေ၏။
12ဂျူးတို့သည်လည်း “သင့်အား ‘မိမိဖျာကို ယူ၍ လမ်းလျှောက်လော့’ ဟု မိန့်ဆိုသောသူသည် အဘယ်သူနည်း” ဟုမေးကြလေ၏။
13သို့သော်လည်း အကောင်းပကတိဖြစ်သောသူသည် သူ့အား ထိုသို့မိန့်ဆိုခဲ့သူမှာ မည်သူဖြစ်သည်ကို မသိပေ။ အကြောင်းမူကား ထိုအရပ်၌ရှိသော လူအုပ်ကြီးထဲသို့ ကိုယ်တော်ဝင်ရောက်ပျောက်ကွယ်သွားသောကြောင့်ဖြစ်၏။
14ထို့နောက် ကိုယ်တော်ယေရှုသည် ထိုသူအား ဗိမာန်တော်ဝန်းထဲတွင် တွေ့သဖြင့် “သင် အကောင်းပကတိဖြစ်သည်ကို ကြည့်လော့။ နောက်တဖန် အပြစ်မပြုနှင့်။ သင်ပြုလျှင် ပိုမိုဆိုးရွားသောအရာတို့သည် သင့်ထံကျရောက်လိမ့်မည်” ဟုထိုသူအား မိန့်တော်မူ၏။ 15ထိုသူသည်လည်း ဂျူးလူမျိုးများထံ သွားရောက်၍ သူ့အား အကောင်းပကတိဖြစ်စေသောသူသည် ကိုယ်တော်ယေရှုဖြစ်ကြောင်း သတင်းပို့လေတော့၏။
16ထို့ကြောင့် ဂျူးလူမျိုးများသည် ဥပုသ်နေ့တွင် ထိုကဲ့သို့ပြုလုပ်သော ကိုယ်တော်ယေရှုအား စတင်၍ လိုက်လံနှောက်ယှက်ကြလေတော့သည်။ 17ကိုယ်တော်ယေရှုသည် “ငါ၏အဖဘုရားရှင်သည် အမြဲတစေ အလုပ်လုပ်သူဖြစ်သဖြင့် ငါသည်လည်း ထိုနည်းတူ အလုပ်လုပ်ခြင်းဖြစ်၏” ဟုပြန်လည်မိန့်ကြားလေ၏။ 18ထိုအကြောင်းကြောင့် ဂျူးလူမျိုးတို့သည် ကိုယ်တော်က ဥပုသ်နေ့၏အစဉ်အလာကို ချိုးဖောက်ရုံသာမက၊ ဘုရားရှင်ကို မိမိ၏ဖခမည်းတော်ဟုခေါ်၍ မိမိကိုယ်ကို ဘုရားရှင်နှင့်တန်းတူပြုသဖြင့် သူ့အား သတ်ရန်ပို၍ကြိုးစားလာကြ၏။
သားတော်၏အခွင့်အာဏာ
19ကိုယ်တော်ယေရှုသည် ထိုသူတို့အား “သင်တို့အား ငါအမှန်ဆိုသည်ကား သားတော်သည် အဖဘုရားပြုတော်မူသောအမှုကို မြင်၍ ပြုခြင်းဖြစ်၏။ မိမိအလိုအတိုင်း မည်သည့်အရာကိုမျှ မပြုပေ။ အကြောင်းမူကား အဖဘုရားပြုတော်မူသမျှအတိုင်း သားတော်လည်း ပြု၏။
20အဖဘုရားသည် သားတော်ကို ချစ်တော်မူ၍ မိမိပြုတော်မူသမျှကို သားတော်အား ပြတော်မူ၏။ သင်တို့ အံ့ဩခြင်းရှိကြစေရန် ဤထက်ကြီးမြတ်သောအမှုတို့ကိုလည်း သားတော်အား ပြတော်မူလိမ့်မည်။ 21အဖဘုရားသည် သေသူတို့ကို အသက်ပြန်ရှင်စေသကဲ့သို့ သားတော်သည်လည်း မိမိအလိုရှိသူတို့အား အသက်ရှင်စေ၏။ 22-23လူအပေါင်းတို့သည် အဖဘုရားကို ရိုသေသကဲ့သို့ သားတော်ကို ရိုသေကြစေရန် အဖဘုရားသည် မည်သူ့ကိုမျှ တရားစီရင်တော်မမူဘဲ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား ပေးအပ်တော်မူ၏။ သားတော်ကို မရိုသေသောသူသည် သားတော်ကိုစေလွှတ်တော်မူသော အဖဘုရားကို မရိုသေခြင်းပင်ဖြစ်၏။
24သင်တို့အား ငါအမှန်ဆိုသည်ကား ငါ့စကားကို နားထောင်၍ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည်သောသူတိုင်းသည် နိစ္စထာဝရအသက်ကို ရရှိသည်ဖြစ်၍ အပြစ်စီရင်ခြင်းကို မခံရဘဲ သေခြင်းမှလွန်မြောက်၍ အသက်ရှင်ရလိမ့်မည်။ 25သင်တို့အား ငါအမှန်ဆိုသည်ကား သေလွန်သောသူတို့သည် ဘုရားသားတော်၏အသံကို ကြား၍ ကြားသောသူတို့သည် အသက်ရှင်ကြမည့်အချိန် ရောက်လာတော့မည်ဖြစ်ရာ ယခုပင်ရောက်လာလေပြီ။ 26အဖဘုရားရှင်ကိုယ်တော်တိုင် မူလအသက်ဖြစ်တော်မူသဖြင့် သူသည် သားတော်ကိုလည်း မူလအသက်ဖြစ်စေသောအခွင့်ကို ပေးတော်မူ၏။ 27ထို့ပြင် သားတော်သည် လူ့သားတော်ဖြစ်သဖြင့် အဖဘုရားသည် တရားစီရင်ပိုင်ခွင့်ကိုလည်း ပေးအပ်ထားတော်မူ၏။
28ဤအမှုအရာတို့ကို အံ့ဩခြင်းမရှိကြနှင့်။ သင်္ချိုင်း၌ သေလွန်ကြပြီးသောသူအပေါင်းသည် သားတော်၏အသံကို ကြားကြ၍ 29ထွက်လာကြမည့်အချိန် ရောက်လာတော့မည်။ ကောင်းသောအမှုကို ပြုသောသူသည် ရှင်သန်ခြင်းနှင့်ဆိုင်သော အသက်ရှင်ခြင်းသို့လည်းကောင်း၊ ဆိုးညစ်သောအမှုကို ပြုသောသူတို့သည် အပြစ်စီရင်ခြင်းနှင့်ဆိုင်သော အသက်ရှင်ခြင်းသို့လည်းကောင်း အသီးသီးထွက်လာကြရလိမ့်မည်။
ကိုယ်တော်ယေရှုအကြောင်းကို သက်သေထွက်ဆိုသူများ
30ငါသည် မိမိဆန္ဒအလျောက် မည်သည့်အရာကိုမျှ မပြုနိုင်။ ငါသည် ကြားရသည့်အတိုင်းသာ တရားစီရင်၍ မိမိအလိုမဟုတ်ဘဲ ငါ့အားစေလွှတ်တော်မူသောသူ၏အလိုတော်ကို လိုက်နာသဖြင့် ငါ၏စီရင်ဆုံးဖြတ်ချက်သည် ဖြောင့်မတ်မှန်ကန်၏။ 31ငါသည် မိမိအကြောင်းကို သက်သေခံလျှင် ငါ၏သက်သေခံချက်သည် မှန်ကန်မှုမရှိ။ 32ငါ၏အကြောင်းကို သက်သေခံသောသူတစ်ဦးရှိ၏။ ငါ့အကြောင်း ထိုသူသက်သေခံသမျှတို့သည် မှန်ကန်ကြောင်းကိုလည်း ငါသိ၏။
33သင်တို့သည် ရေနှစ်မင်္ဂလာဆရာယောဟန်ထံသို့ လူများစေလွှတ်ခဲ့ရာ၌လည်း ယောဟန်သည် အမှန်တရားကို သက်သေခံခဲ့ပြီးဖြစ်၏။ 34သို့သော်လည်း လူတို့ထံမှ သက်သေခံချက်ကို ငါခံယူသည်မဟုတ်။ ဤသို့သက်သေခံခြင်းသည် သင်တို့ကယ်တင်ခြင်းရကြစေဖို့သာဖြစ်၏။ 35ရေနှစ်မင်္ဂလာဆရာယောဟန်သည် လောင်ကျွမ်း၍ ထွန်းလင်းနေသော ဆီမီးဖြစ်၍ သင်တို့သည်လည်း သူ၏အလင်း၌ ခဏတာမွေ့လျော်ခြင်းငှာအလိုရှိကြ၏။
36သို့သော် ငါ၌ ယောဟန်ထက်ပိုကြီးမြတ်သည့် သက်သေခံချက်ရှိ၏။ အဖဘုရားရှင်က ငါထမ်းဆောင်ရန် ပေးအပ်သောအမှုတော်များနှင့် ယခုငါပြုနေသောအမှုများအားဖြင့် ငါသည် အဖဘုရားရှင်စေလွှတ်တော်မူသောသူဖြစ်သည်ကို ဖော်ပြ၏။ 37ငါ့အားစေလွှတ်တော်မူသည့် အဖဘုရားရှင်ကိုယ်တော်တိုင်သည်လည်း ငါ့အကြောင်းကို သက်သေခံတော်မူ၏။ သင်တို့မူကား အဖဘုရား၏အသံတော်ကို မကြား၊ အဆင်းသဏ္ဌာန်တော်ကိုလည်း မမြင်ဖူးကြ။ 38သူ၏နှုတ်ကပတ်တော်သည်လည်း သင်တို့၌ မတည်ရှိ။ အကြောင်းမူကား အဖဘုရားစေလွှတ်တော်မူသောသူကို သင်တို့မယုံကြည်ကြသောကြောင့်ဖြစ်၏။ 39သင်တို့သည် ကျမ်းစာအားဖြင့် နိစ္စထာဝရအသက်ကို ရလိမ့်မည်ထင်မှတ်၍ ကျမ်းစာကို စူးစမ်းလေ့လာနေကြ၏။ ထိုကျမ်းစာသည် ငါ၏အကြောင်းကို သက်သေခံလျက်ရှိ၏။ 40သို့သော် သင်တို့သည် အသက်တာကို ရရှိဖို့ရန် ငါ့ထံသို့လာရမည်ကို ငြင်းဆန်ကြ၏။
41ငါသည် လူတို့ပေးသော ဘုန်းကျက်သရေကို အလိုမရှိ။ 42သင်တို့၏စိတ်၌ ဘုရားရှင်ကို ချစ်ခြင်းမေတ္တာမရှိသည်ကို ငါသိ၏။ 43ငါသည် ငါ့ခမည်းတော်၏နာမအားဖြင့် ရောက်လာသော်လည်း သင်တို့သည် ငါ့ကိုလက်မခံကြ။ သို့သော် အခြားသောသူတို့က သူတို့၏ကိုယ်ပိုင်နာမအားဖြင့် လာပါက သင်တို့သည် လက်ခံကြပေလိမ့်မည်။ 44လူအချင်းချင်း ပေးသော ဘုန်းကျက်သရေကိုသာ ခံယူလိုကြ၍ တစ်ပါးတည်းသောဘုရားရှင်ပေးတော်မူသည့် ဘုန်းကျက်သရေကို အလိုမရှိကြသောသင်တို့သည် မည်သို့ယုံကြည်နိုင်ကြမည်နည်း။
45သို့သော် အဖဘုရားရှင်၏ရှေ့မှောက်တွင် ငါသည် သင်တို့အား ပြစ်တင်စွပ်စွဲလိမ့်မည်ဟု မထင်မှတ်ကြနှင့်။ သင်တို့မျှော်လင့်အားကိုးကြသော မောရှေကိုယ်တိုင်သည် သင်တို့အား ပြစ်တင်စွပ်စွဲမည့်သူဖြစ်၏။ 46မောရှေသည် ငါ့အကြောင်းကို ရေးသားခဲ့သည်ဖြစ်၍ သင်တို့အမှန်ပင် မောရှေကို ယုံကြည်လျှင် ငါ့ကိုလည်း ယုံကြည်ရမည်ဖြစ်၏။ 47သို့သော် သင်တို့သည် သူရေးသားခဲ့သည်ကို သင်တို့မယုံကြည်ကြသည့်အတွက် ငါပြောဆိုသည်တို့ကိုလည်း သင်တို့မည်သို့ယုံကြည်ကြမည်နည်း” ဟု မိန့်တော်မူ၏။

Currently Selected:

ယောဟန် 5: TPV-RV

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in