YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဘုရားသခင်၏ ဂုဏ်အင်္ဂါတော် (၇) ပါးနမူနာ

7 Attributes Of God

7 ၏ နေ့ 5

ဓမ္မအလင်းတော်

ညကြီးမှာ၊ တောတွင်ရှိ သွားရေးလာရေးသည် အလွန်ခက်ခဲလှသည်။ အလင်းသည် တောတွင် မရှိမဖြစ်လိုအပ်သောအရာ ဖြစ်သည်။ အလင်းမရှိလျှင်၊ လူများသည် မှောင်မိုက်ထဲတွင် ထိမိခိုက်မိလျက်၊ ရန်သူများ၏ မမျှော်လင့်ထားသော တိုက်ခိုက်မှုများကို အမြဲကြောက်ရွံလျက်၊ ကြမ်းတမ်းသောပြည်၌ နေ့စဉ်ရှင်သန်ရန် လိုအပ်သော အခြေခံလုပ်ဆောင်မှုများကို မလုပ်နိုင်ကြပေ။

ဘုရားသခင်သည် မိမိလူမျိုးတော်ကို သဘာဝအလွန် ထူးဆန်းလှသော နည်းလမ်းဖြင့် ကူညီမစတော်မူသည်။ ဘုရားသခင်သည် လူများအား အလင်းကို ဖန်တီးရန် အမိန့်ပေးတော်မမူ။ ထာဝရဘုရားသည် ည၌ကား၊ အလင်းပေးဖို့ မီးတိုင်အားဖြင့်လည်းကောင်း၊ သူတို့ရှေ့က ကြွတော်မူသည်။ သမ္မာကျမ်းသာတွင် မီးသည် ဘုရားသခင်၏ တရားစီရင်ခြင်း၏ အမှတ်အသား ဖြစ်သော်လည်း၊ ဤအချိန်တွင် ဘုရားသခင်၏ မီးတော်သည် သူတို့၏ ထောက်ပံ့မှုနင့် လမ်းပြခြင်း ဖြစ်သည်။ ဤမီးတိုင်သည် မိမိ၏ လူမျိုးတော်အလယ်တွင် ကိုယ်တော်တိုင် ရှိတော်မှုခြင်းကို ထင်ရှားစေသည်။ ညကြီးမှာ၊ ဣသရေလလူမျိုးများသည် မီးတိုင်ကို ဖူးမြော်စဉ်တွင်၊ ဘုရားသခင်သည် သူတို့၏ ဘုရားသခင်ဖြစ်သလို၊ သူတို့သည်လည်း ဘုရားသခင်၏ လူမျိုးတော်ဖြစ်ကြောင်းကို အောက်မေ့သတိရစေသည်။ ကိုယ်တော်ဘုရားသည် ဤသင်္ခါရလောကြီးထံသို့ ကြွလာတော်မူလျက်၊ ဣသရေလူမျိုးတို့ကို ရွေးနုတ်တော်မူသည်။ တောထဲတွင်ပင်၊ ဘုရားသခင်သည် သူတို့အတွက် ကြီးမြတ်လှသော ကယ်နုတ်ခြင်းကျေးဇူးတော်ကို ပြုတော်မူပြီး ကတိထားရာပြည်သို့ သစ္စာရှိစွာ ဦးဆောင်နေတော်မူကြောင်း သတိရကြသည်။

ဘုရားသခင်ကိုယ်တော်တိုင်သည် ကျွန်တော်တို့၏ ဓမ္မအလင်း ဖြစ်တော်မူသည်။ (၁ယော၊ ၁း၅) တွင်၊ ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏။ ဘုရားသခင်၌ မှောင်မိုက်အလျှင်းမရှိဟု တမန်တော်ကြီး ရှင်ယောဟန်က ဖော်ပြထားပါသည်။ ဘုရားသခင်၏ သန့်ရှင်းတော်မူခြင်းသည် မှောင်မိုက်မဲ့သော အလင်းကဲ့သို့ နှိုင်းယှဉ်ခဲ့သည််။ အပြစ်ကင်းတော်မူသော သားတော်ဘုရားသည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှာ၊ ဤလောကသို့ ကြွလာတော်မူသည်။ အရှင်ယေရှုဘုရား၏ မွေးဖွားတော်မူခြင်းအားဖြင့် ကိုယ်တော်၏ ထာဝရတည်တော်မူသော ဓမ္မအလင်းတော်ကို ထွန်းစေတော်မူသည်။ ထိုဓမ္မအလင်းတော်သည် မှောင်မိုက်၌ လင်း၍ မှောင်မိုက်သည် မခံမယူ (ယော၊ ၁း၅)။

မိမိသွားသောလမ်းကို ဆင်ခြင်သော ယုံကြည်သူအားလည်း၊ အလင်းကို ထွန်း၍ ကယ်တင်တော်မူခြင်းကျေးဇူးကို ငါပြမည်ဟု ဘုရားသခင် မိန့်တော်မူသည်။ ဘုရားသခင်နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ။ ယုံကြည်သူများသည် အလင်းထဲသို့ ဝင်ရောက်နိုင်ပြီး၊ ထိုတွင် အသစ်ရှာဖွေတွေ့ရှိသော လုံခြုံမှု၊ ငြိမ်သက်မှုနှင့် ဝမ်းမြောက်မှုကို ရရှိခံစားလိမ့်မည်။ အမှန်စင်စစ်၊ ဘုရားသခင်၏ လူတို့သည် ဤဓမ္မအလင်းတော်ကို အလွန်ချစ်မြတ်နိုးကြသည်။ အပြစ်တရားသည် မှောင်မိုက်ထဲတွင် ကြီးထွားသည်။ ထို့ကြောင့်၊ ဘုရားသခင်ကို ဆက်ကပ်လိုသူများသည် မှောင်မိုက်ခြင်းကို စွန့်လွှတ်ပြီး မိမိတို့၏ အပြစ်ကို ဘုရားသခင်၏ ဓမ္မအလင်းတော်ထဲသို့ ဆွဲယူသွား၍ ပြသကြသည်။ ငါတို့သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ပြီဟု ဆိုလျက်ပင်၊ မှောင်မိုက်၌ ကျင်လည်လျှင်၊ သစ္စာတရားကို မကျင့်။ မုသားကို သုံးသောသူဖြစ်ကြ၏။ ဘုရားသခင်သည် အလင်း၌ ရှိတော်မူသကဲ့သို့၊ ငါတို့သည် အလင်း၌ ကျင်လည်လျှင်၊ အချင်းချင်း မိတ်သဟာယဖွဲ့ခြင်း ရှိကြသည် (၁ယော၊ ၁:၆-၇)။ ဘုရားသခင်၏ ဓမ္မအလင်းတော်ထဲတွင်၊ အပြစ်တရားနှင့် အဓမ္မအမှုကို မုန်းတီးပြီး၊ နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကို ကျင့်လျက်၊ သန့်ရှင်းခြင်းပါရမီကို လိုက်၍မီရမည် ဖြစ်သည်။

ယနေ့၏ ဆုတောင်းချက်

အရှင်ယေရှုဘုရား၊ ကိုယ်တော်ရှင်သည် စုံလင်တော်မူသော ဓမ္မအလင်းတော် ဖြစ်တော်မူသည်။ ကိုယ်တော်ရှင်သည် အကျွန်ုပ်၏ မှောင်လိုက်သော ဝိညာဉ်ထဲသို့ မိမိဓမ္မအလင်းတော်ကို ထွန်းပေးသည့်အတွက် ကျေးဇူးတင်ပါ၏။ အကျွန်ုပ်သည် သမ္မာတရားလမ်းမှ မလွဲဘဲ အရှင်ယေရှုဘုရား၏ ဓမ္မအလင်းတော်၌ ကျင်လည်နိုင်မည်အကြောင်း ကူညီမစတော်မူပါ။ အာမင်။

ဤဓမ္မစာသည် The Jesus Bible, NIV Edition မှ ကောက်နုတ်ခဲ့ပါသည်။

နေ့ 4နေ့ 6

ဤအစီအစဉ်အကြောင်း

7 Attributes Of God

ဘုရားသခင်သည် မိမိမေတ္တာတော်နှင့် တန်ခိုးတော်ကို မည်သို့ပြသခဲ့သနည်း။ သမ္မာကျမ်းစာသည် ဘုရားသခင်နှင့် မိမိဖန်ဆင်းခံလူသတ္တာဝါများတည်းဟူသော ကျွန်တော်တို့နှင့် အရှင်ယေရှုခရစ်တော်အားဖြင့် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများတွင် မိတ်ဖွဲ့တော်မူသည့်နည်းလမ်းများကို ဖော်ပြထားပါသည်။ ဤ (၇) ရက်တာအစီစဉ်တွင်၊ ဘုရားသခင်၏ ဂုဏ်အင်္ဂါတော်များအား ရှင်းလင်းစွာ ဖော်ပြထား၍ မိမိဓမ္မပညာကို ပိုမိုတိုးပွာစေလျက် ကိုယ်တော်၏ ဆုကျေးဇူးများအပေါ် ပိုမိုအလေးထားစေပါလိမ့်မည်။

More

ဤအစီအစဉ်ကို ပံ့ပိုးပေးသည့်အတွက် ဆရာလူဝီဂျီလီယို (Louie Giglio)၊ ပက်ရှင်ပုံနှိပ်ထုတ်ဝေရေး (Passion Publishing) နှင့် ဟာပါကောလင်း (HarperCollins) အား ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ https://bibl.es/YV-TJB-AttributesOfGod သွားရောက်ကြည့်ရှုပါ။