YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဘုရားသခင်၏ ဂုဏ်အင်္ဂါတော် (၇) ပါးနမူနာ

7 Attributes Of God

7 ၏ နေ့ 3

မထင်မရှား ကျေးဇူးတော်တရား

ဤသည်မှာ မိစ္ဆာဒိဋ္ဌိဖြစ်သည် မဟုတ်ပါလား။ ရှေးဣသရေလယဉ်ကျေးမှုတွင်၊ ညီအစ်ကိုအကြီးသည် ညီအစ်ကိုအငယ်ထံ ကျွန်ခံရခြင်းသည် အဓမ္မအမှုဖြစ်ပြီး ဂုဏ်သိက္ခာကျဖွယ်ရာ ဖြစ်သည်။ သို့သော်၊ ဘုရားသခင်သည် လူသားများနှင့် မိတ်သဟာယဖွဲ့ခြင်းတွင်၊ ဤသို့သော အဆင့်အတန်းပြောင်းပြန်လှန်ခြင်းသည် ကျေးဇူးတော်တရား၏ ဓမ္မတာ ဖြစ်သည် (ရော၊ ၉:၁၀-၁၃)။ ကျေးဇူးတော်သည် နိယာမတရားကို ပြောင်းပြန်လှန်စေသည်။ ကမ္ဘာဦးကျမ်းတွင်၊ ရှေးဣသရေလူမျိူးအဖို့ အလွန်ထူးဆန်းလှသော ဇာတ်တော်အမျိုးမျိုး ရှိပါသည်။ လောကီသားတို့သည် ကမ္ဘာဦးကျမ်းကို ဖတ်ရှုသောအခါ၊ ရှေးဣသရေလယဉ်ကျေးမှုကို မသိမကျွမ်းသောကြောင့် အလွန်အံ့ဩသောစိတ်မရှိဘဲ နေကြသည်။ သို့သော်၊ ၎င်းသမ္မာတရားသည် ယုံကြည်သူများအတွက် အလွန်ရေးကြီးလှသည်။ ဘုရားသခင်သည် မိမိကိုးကွယ်သူများကို မိမိထံတော်သို့ ပြန်လည်ဆွဲဆောင်စေရန် ကျေးဇူးတော်ကို အလွန်ကြွယ်ဝစွာ သွန်းလောင်းတော်မူသည်။ အောက်ပါသမ္မာတရားကို ဖတ်ရှုလျက် ဘုရားသခင်၏ အံ့ဩဖွယ် မဟာကျေးဇူးတော်ကို အောက်မေ့သတိရပါ။

ဘုရားသခင်သည် အာဒံနှင့် ဧဝကို အပြစ်ဒဏ်အစား သားရေဖြင့် ဝတ်လုံကို လုပ်၍ ဝတ်ခြုံစေတော်မူသည် (က၊ ၃:၂၁)။ အာဒံနှင့် ဧဝတို့၏ အပြစ်ဒုစရိုက်အားဖြင့် ဧကန်အမှန် သေရမည်ဟု ဘုရားသခင်က ပညတ်ထားတော်မူသည် (က၊ ၂:၁၇)။ သို့သော်၊ ဘုရားသခင်သည် အာဒံနှင့် ဧဝကို ကျေးဇူးပြုတော်မူသည်။

ဘုရားသခင်သည် အာဗေလနှင့် သူ၏ ပူဇော်သကာကို ပမာဏပြုတော်မူ၍ ကာဣနနှင့် သူ၏ ပူဇော်သကာကို ပမာဏပြုတော်မမူ (က၊ ၄း၄-၅)။ ညီအစ်အကိုအငယ် အာဗေလသည် ယုံကြည်ခြင်းအားဖြင့် မိမိပူဇော်သကာကို ပေးလှူပူဇော်သောကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ရရှိခံစားခဲ့သည် (ဟေ၊ ၁၁း၄)။ ၎င်းအမှုတွင်၊ ကာဣနသည် မိမိမိုက်သောသဘောကို ထင်ရှားစေခဲ့သည် (က၊ ၄:၅-၇)။

ဘုရားသခင်သည် အပြစ်ရှိသောသူနှင့် သူ၏ မိသားစုကို သင်္ဘောကြီးတစ်စီးအားဖြင့် ကယ်တင်တော်မူသည်။ (က၊ ၆း၈) တွင်၊ နောဧမူကား၊ ထာဝရဘုရားစိတ်တော်နှင့် တွေ့သောသူဖြစ်သတည်းဟု ဖော်ပြထားသည်။ ထို့နောက်၊ (က၊ ၉း၂၀-၂၇) တွင်၊ နောဧ၏ အလွန်ရှက်ဖွယ်လှသော အကုသိုလ်ကံကို ဖော်ပြထားသည်။ နောဧသည် မစုံလင်သော်လည်း ဘုရားသခင်ရှေ့ လူတို့ရှေ့မှာ မျက်နှာရ၍ ကျေးဇူးကို ခံရခဲ့သည်။

ဘုရားသခင်သည် အာဗြဟံနှင့် ထာဝရပဋိညာဉ်ပြုတော်မူသည်။ ဤပဋိညာဉ်၏ အကျိုးကျေးဇူးများသည် အလွန်များသလို အလွန်ကြီးမားသည်။ အကယ်၍၊ နှုတ်ကပတ်တော်တရားသည် ဤပဋိညာဉ်၌ တည်ရှိသည်။ သို့သော်၊ ဤကောင်းကြီးမင်္ဂလာခံစားရသောသူ၏ ရာဇဝင်သမိုင်းသည် လုံးဝမလှပေ။ အာဗြဟံ၏ ခမည်းတော်သည် အခြားတစ်ပါးဘုရားတို့ကို ဝတ်ပြုခဲ့သည် (ယောရှု၊ ၂၄း၂)။ အာဗြဟံသည် မိမိကိုယ်ကို ကာကွယ်ရန် လိမ်ညာခဲ့သည် (က၊ ၁၂:၁၀-၂၀။ ၂၀:၂)။ အာဗြဟံသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် များစွာသောလူအမျိုးတို့၏ အဘအရာ၌ ခန့်ထားပြီး သူမှတစ်ဆင့် ယုံကြည်သူအားလုံးသည် ထာဝရမင်္ဂလာ ရရှိခံစားစေခဲ့သည်။

ကမ္ဘာဦးကျမ်းရှိ ဇာတ်တော်တိုင်းမှာ ကျေးဇူးတော်တရား ပါပါသည်။ ဘုရားသခင်သည် မိမိဘုန်းတော်ကို ထင်ရှားစေခြင်းငှာ မိမိအထွဋ်အမြတ်အာဏာတော်ကို အသုံးပြု၍ ၎င်းဇာတ်တော်များ၏ ထူးဆန်းသော အဖြစ်အပျက်များကို စီရင်တော်မူသည်။

ယနေ့၏ ဆုတောင်းချက်

အရှင်ယေရှုဘုရား၊ ကိုယ်တော်ရှင်၏ မဟာကျေးဇူးတော်သည် နေရာတိုင်းတွင် တွေ့ရှိနိုင်သော်လည်း၊ တစ်ခါတစ်ရံ အကျွန်ုပ်သည် ကိုယ်တော်ရှင်၏ ကျေးဇူးတော်ကို မမြင်ဘဲ နေတတ်ပါ၏။ မြတ်စွာထာဝရဘုရား၏ ကျေးဇူးတော်ကို မြင်နိုင်လျက် ကိုယ်တော်ကို ချီးမွမ်းစေခြင်းငှာ အကျွန်ုပ်၏ ဓမ္မစက္ခုကို ဖွင့်စေတော်မူပါ။ အာမင်။

ဤဓမ္မစာသည် The Jesus Bible, NIV Edition မှ ကောက်နုတ်ခဲ့ပါသည်။

နေ့ 2နေ့ 4

ဤအစီအစဉ်အကြောင်း

7 Attributes Of God

ဘုရားသခင်သည် မိမိမေတ္တာတော်နှင့် တန်ခိုးတော်ကို မည်သို့ပြသခဲ့သနည်း။ သမ္မာကျမ်းစာသည် ဘုရားသခင်နှင့် မိမိဖန်ဆင်းခံလူသတ္တာဝါများတည်းဟူသော ကျွန်တော်တို့နှင့် အရှင်ယေရှုခရစ်တော်အားဖြင့် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများတွင် မိတ်ဖွဲ့တော်မူသည့်နည်းလမ်းများကို ဖော်ပြထားပါသည်။ ဤ (၇) ရက်တာအစီစဉ်တွင်၊ ဘုရားသခင်၏ ဂုဏ်အင်္ဂါတော်များအား ရှင်းလင်းစွာ ဖော်ပြထား၍ မိမိဓမ္မပညာကို ပိုမိုတိုးပွာစေလျက် ကိုယ်တော်၏ ဆုကျေးဇူးများအပေါ် ပိုမိုအလေးထားစေပါလိမ့်မည်။

More

ဤအစီအစဉ်ကို ပံ့ပိုးပေးသည့်အတွက် ဆရာလူဝီဂျီလီယို (Louie Giglio)၊ ပက်ရှင်ပုံနှိပ်ထုတ်ဝေရေး (Passion Publishing) နှင့် ဟာပါကောလင်း (HarperCollins) အား ကျေးဇူးတင်ရှိပါသည်။ ပိုမိုသိရှိလိုပါက၊ https://bibl.es/YV-TJB-AttributesOfGod သွားရောက်ကြည့်ရှုပါ။