Acts 7

7
1ထို့နောက် အကြီးဆုံးပုရောဟိတ်က သတေဖန်အား "ဤလူများ ပြောနေကြသည့် သင်နှင့်ပတ်သက်သည့် အကြောင်းအရာများသည် အမှန်ပင်လော" ဟုမေးမြန်းသဖြင့် 2သတေဖန်က ‘ညီအစ်ကိုတို့၊ အဖတို့၊ နားထောင်ကြလော့။ ငါတို့၏ဘိုးဘေး အာဗြဟံ သည် ခါရန်မြို့၌အခြေမချမီ မက်ဆိုပိုတေးမီးယားတွင် ရောက်နေစဉ်က ဘုန်းတန်ခိုးကြီးမြတ်တော်မူသည့် ဘုရားရှင်သည် သူ့အား ထင်ရှားစွာပြပြီး 3"သင်နေထိုင်သည့် တိုင်းပြည်နှင့် သင်၏ဆွေမျိုးများအား စွန့်ခွာဤ ငါပြသတော်မူသည့် နယ်မြေသို့ သွားလော့" ဟုမိန့်တော်မူခဲ့၏။ 4ထို့ကြောင့် အာဗြဟံသည်လည်း ခါလဒဲပြည်မှထွက်လာပြီး ခါရန်မြို့တွင် အခြေချခဲ့လေ၏။ သူ၏ဖခင် သေဆုံးပြီးသည့်အခါ ဘုရားရှင်သည် သူ့အား ထိုအရပ်မှနေ၍ ယခုငါတို့နေထိုင်သည့်တိုင်းပြည်သို့ ပြောင်းရွှေ့စေတော်မူခဲ့၏။ 5ဘုရားရှင်သည် သူ့အတွက် ခြေချစရာနေရာကိုပင် အမွေအဖြစ်ပေးအပ်တော်မူခြင်း မရှိခဲ့ပေ။ သို့သော် ဘုရားရှင်သည် အာဗြဟံအား သူမှစ၍ သူ၏အမျိုးအနွယ်များအားလုံးအတွက် ဤမြေကို အပိုင်ပေးတော်မူမည်ဟု ကတိတော် ထားရှိခဲ့၏။ ထိုအချိန်က အာဗြဟံထံတွင် သားသမီးမရှိသေးပေ။ 6ဘုရားရှင်က "သင်၏မျိုးဆက်များသည် တိုင်းတစ်ပါးတွင် နေထိုင်ကြရပြီး ထိုတိုင်းပြည်မှလူများသည် သူတို့အား ကျွန်ပြု၍ အနှစ်လေးရာပတ်လုံး မတရားနှိပ်စက်ကြလိမ့်မည်" ဟုမိန့်တော်မူခဲ့၏။ 7ဘုရားရှင်သည် ဆက်လက်ပြီး "သူတို့အား ကျွန်အဖြစ် စေခိုင်းသည့် လူမျိုးများအား ငါသည်ဒဏ်ခတ်တော်မူမည်။ ထို့နောက်တွင် သင်၏မျိုးဆက်များသည် ထိုတိုင်းပြည်မှ ထွက်လာကြပြီး ဤအရပ်၌ ငါ့အားဝတ်ပြုကိုးကွယ်ကြလိမ့်မည်" ဟုမိန့်တော်မူခဲ့၏။ 8ဘုရားရှင်သည် အာဗြဟံအား ပေးအပ်ထားသည့် ကတိတော်ကို အတည်ပြုရန် အရေဖျားလှီးမင်္ဂလာကို ပြုစေခဲ့၏။ အာဗြဟံ၏သားဖြစ်သူ ဣဇာက်အား ဖွားမြင်သည့်အခါတွင်လည်း အာဗြဟံသည် ရှစ်ရက်မြောက်သည့်နေ့၌ ကလေးငယ်အား အရေဖျားလှီးမင်္ဂလာကို ပြုပေးခဲ့၏။ ဣဇာက်သည်လည်း သူ၏သား ယာကုပ်အား ထိုကဲ့သို့ပင်ပြုခဲ့ပြီး ယာကုပ်သည်လည်း ငါတို့၏ဘိုးဘေးများ ဖြစ်လာမည့် သူ့၏သား တစ်ဆယ့်နှစ်ယောက်ကို ထိုသို့ပြုပေးခဲ့၏။ 9ယာကုပ်၏သားများသည် သူတို့၏ အစ်ကိုဖြစ်သည့် ယောသပ်အား မနာလိုဖြစ်ကြပြီး အီဂျစ်ပြည်သို့ ကျွန်အဖြစ် ရောင်းစားလိုက်ကြသော်လည်း ဘုရားရှင်သည် ယောသပ်နှင့်အတူ ရှိတော်မူပြီး 10သူ့အား ဆင်းရဲဒုက္ခအပေါင်းမှ ကယ်တင်တော်မူခဲ့၏။ ယောသပ်သည် အီဂျစ်ဘုရင်ဖာရောထံတွင် ခစားသည့်အခါ၊ ဘုရားရှင်က ယောသပ်အား မျက်နှာသာပေးတော်မူပြီး ဉာဏ်ပညာကို ပေးခဲ့သည့်အတွက် သူ့အား ဖာရောဘုရင်သည် အီဂျစ်ပြည်နှင့် နန်းတော်တစ်ခုလုံးကို ဦးဆောင်ရသည့်အခွင့်အား ပေးအပ်ခဲ့၏။ 11ထို့နောက် အီဂျစ်ပြည်နှင့ ခါနာန်ပြည်တစ်ဝန်းလုံးတွင် အစာရေစာငတ်မွတ်ခေါင်းပါးပြီး ကြီးမားသည့် ဆင်းရဲဒုက္ခအား ကြုံတွေ့ရသည့်အတွက် ငါတို့၏ဘိုးဘေးများသည် အစာငတ်ပြတ်သည့်ဒဏ်ကို ခံစားခဲ့ရကြ၏။ 12သို့သော် ယာကုပ်သည် အီဂျစ်ပြည်တွင် စားနပ်ရိက္ခာများရှိသည်ဟု ကြားသိသည့် အတွက် ငါတို့၏ဘိုးဘေးများအား ပထမဆုံးသောခရီးစဉ်အဖြစ် ထိုအရပ်သို့ စေလွှတ်ခဲ့၏။ 13ဒုတိယမြောက်ခရီးတွင်လည်း ယောသပ်က သူ၏ညီအစ်ကိုမျိုးအား သူသည်မည်သူဖြစ်သည် ဆိုတာကို ပြောပြလိုက်သည့်အတွက် ယောသပ်၏မျိုးရိုးအား ဖာရောဘုရင်သည် သိရှိခဲ့၏။ 14ထို့နောက် ယောသပ်သည် လူလွှတ်၍ ဖခင်ဖြစ်သူယာကုပ်နှင့်တကွ သူ၏ဆွေမျိုးသားချင်း ခုနှစ်ဆယ့်ငါးယောက်အား အီဂျစ်ပြည်သို့ ဖိတ်ခေါ်စေခဲ့၏။ 15ထို့ကြောင့် ယာကုပ်သည်လည်း အီဂျစ်ပြည်သို့ သွားပြီးနောက် သူနှင့်အတူ ငါတို့၏ဘိုးဘေးများသညလည်း ထိုအရပ်၌ပင် သေဆုံးခဲ့ကြ၏။ 16သူတို့၏ ရုပ်အလောင်းများကို ရှေခင်မြို့အထိ ပြန်လည်သယ်ဆောင်လာပြပြီး ထိုမြို့သား ဟာမော်၏သားများထံမှ အာဗြဟံဝယ်ယူထားသည့် သင်္ချိုင်းဂူတွင် သင်္ဂြိုဟ်လိုက်ကြလေသည်။ 17အာဗြဟံအား ဘုရားရှင် ကတိတော်ပေးထားသည့်အချိန် နီးကပ်လာသည်နှင့်အမျှ အီဂျစ်ပြည်တွင်ရှိသည့် ငါတို့၏ လူမျိုးတော်အရေအတွက်သည်လည်း အများအပြား တိုးပွားလာလေ၏။ 18ထို့နောက်တွင် ယောသပ်၏အကြောင်းကို မသိသည့် အခြားဘုရင်တစ်ပါးသည် အီဂျစ်ပြည်တွင် အုပ်ချုပ်စိုးစံခဲ့၏။ 19ထိုဘုရင်သည် ငါတို့၏လူမျိုးများအပေါ်တွင် လှည့်စားဉာဏ်ဆင်ပြီး မတရား နှိပ်စက်ကာ သူတို့၏ မွေးကင်းစကလေးငယ်များကိုလည်း အိမ်အပြင်တွင် သေစေရန်ပစ်ထားစေခဲ့၏။ 20ထိုကဲ့သို့သောအချိန်တွင် အလွန်တရာအဆင်းလှသည့် မောရှေဆိုသော ကလေးငယ်သည် ဖွားမြင်လာခဲ့၏။ သူသည် သုံးလတိုင်တိုင် အိမ်တွင်ပြုစုစောင့်ရှောက်ခံရပြီးနောက် 21အပြင်တွင် ထုတ်ထားခံရသည့်အခါ ဖာရောဘုရင်၏သမီးတော်က သူ့အားမွေးစားပြီး သားအရင်းကဲ့သို့ ပြုစုပျိုးထောင်ခဲ့လေ၏။ 22မောရှေသည်လည်း အီဂျစ်လူမျိုးများ၏ အတတ်ပညာအလုံးစုံကို သင်ကြားတတ်မြောက်ခဲ့ပြီး စကားအရာတွင်ပြောင်မြောက်သကဲ့သို့ ခွန်အားဗလလည်း ကြီးမားလေ၏။ 23သူ၏အသက် လေးဆယ်ပြည့်သည့်အခါ သူ၏ညီအစ်ကိုများဖြစ်ကြသော အစ္စရေးလူမျိုးများထံသို့ သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်ခဲ့လေသည်။ 24ထိုအချိန်တွင် အီဂျစ်အမျိုးသားတစ်ယောက်၏ မတရားပြုကျင့်ခြင်း ခံနေရသည့် လူတစ်ယောက်အား မြင်သည့်အခါ ထိုသူကို ကာကွယ်ပြီး အီဂျစ်အမျိုးသားကို သတ်ပစ်လိုက်လေ၏။ 25မောရှေသည် ဘုရားရှင်က သူ့အားအသုံးပြုပြီး သူ၏လူမျိုးများအားကယ်တင်တော့မည်ဆိုသည်ကို သူ၏လူမျိုးများက နားလည်ကြမည်ဟု ထင်ခဲ့သော်လည်း သူတို့သည် နားမလည်ခဲ့ကြပေ။ 26နောက်တစ်နေ့တွင်လည်း မောရှေသည် အစ္စရေးလူမျိုးအချင်းချင်း ခိုက်ရန်ဖြစ်နေကြသည်ကို မြင်သည့်အတွက် သူတို့အား 'မိတ်ဆွေတို့၊ သင်တို့သည် အစ္စရေးလူမျိုးအချင်းချင်း ဖြစ်ပါလျက်နှင့်အဘယ်ကြောင့် ခိုက်ရန်ဖြစ်နေကြရသနည်း' ဟုပြောဆိုကာ သင့်မြတ်စေရန် ဖျန်ဖြေပေးသည့်အခါ 27သူတို့ထဲမှ မတရားပြုနေသောသူက မောရှေအား တွန်းထုတ်လိုက်ပြီး 'မည်သူက သင့်အား ငါတို့ကို အုပ်ချုပ်ရန်နှင့် စီရင်ဆုံးဖြတ်ရန် ခန့်အပ်ထားသနည်း။ 28သင်သည် မနေ့က အီဂျစ်လူမျိုးအား သတ်ခဲ့သကဲ့သို့ ငါ့ကိုလည်း သတ်ချင်သလော' ဟုပြောဆိုခဲ့၏။ 29မောရှေသည် ထိုစကားကိုကြားသည့်အခါ အီဂျစ်ပြည်မှ ထွက်ပြေးခဲ့ပြီး မိဒျန်ပြည်တွင် တိုင်းတပါးသားအဖြစ် သားနှစ်ဦးဖွားမြင်သည်အထိ အခြေချနေထိုင်ခဲ့လေသည်။ 30ထို့နောက် နှစ်ပေါင်းလေးဆယ်ကြာပြီးသည့်အခါ သိနာတောင်ခြေရှိ တောကန္တာရအရပ်တွင် နတ်ဒေဝါတစ်ပါးသည် မီးတောက်လောင်နေသည့် ချုံပုတ်ထဲမှနေပြီး မောရှေအား ကိုယ်ထင်ပြတော်မူခဲ့၏။ 31ထိုသို့သော ရူပါရုံအား မြင်ရသည့်အခါ မောရှေသည် အံ့ဩသွားပြီး အနီးကပ်သေချာကြည့်ရန် ချဉ်းကပ်သည့်အခါ 32‘ငါသည် သင်၏ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရားဖြစ်၏’ ဟု မိန့်တော်မူသည့် ဘုရားရှင်၏အသံတော်အား ကြားလိုက်ရသည့်အတွက် သူသည် တုန်လှုပ်ပြီး မကြည့်ဝံ့တော့ဘဲ ဖြစ်သွားလေ၏။ 33ဘုရားရှင်က ဆက်လက်ပြီး ‘သင်ရပ်နေသောနေရာသည် သန့်ရှင်းသောမြေဖြစ်၍ သင်၏ခြေမှဖိနပ်ကို ချွတ်လော့။ 34အီဂျစ်ပြည်၌ရှိသော ငါ၏လူမျိုးတို့သည် ခက်ခဲကြမ်းတမ်းစွာဖြင့် ဆင်းရဲဒုက္ခခံနေရသည်ကို ငါသည်မြင်ခဲ့ပြီးဖြစ်၏။ သူတို့၏ ညည်းတွားသံကိုလည်း ငါသည်ကြားခဲ့ပြီးပြီဖြစ်၍ သူတို့အား ကယ်တင်ရန်အတွက် ငါကြွလာခြင်းဖြစ်သည်။ ထို့ကြောင့် ယခုပင်လာခဲ့လော့။ သင့်အား အီဂျစ်ပြည်သို့ ငါစေလွှတ်မည်" ဟု မိန့်တော်မူလေသည်။ 35မောရှေအား အစ္စရေးလူမျိုးတို့က 'သင့်အား မည်သူက ငါတို့အား အုပ်ချုပ်ရန်နှင့် စီရင်ဆုံးဖြတ်ရန် ခန့်အပ်ထားသနည်း' ဟုဆိုကာ ငြင်းပယ်ခြင်းခံရသော်လည်း ဘုရားရှင်သည် မောရှေအား မီးလောင်နေသည့် ချုံပုတ်ထဲတွင် ထင်ရှားပြသည့် နတ်ဒေဝါမှတဆင့် လူတို့အား အုပ်ချုပ်ရန်နှင့် ကယ်တင်ရန်အတွ် ရွေးချယ်၍စေလွှတ်တော်မူခဲ့၏။ 36မောရှေသည် အစ္စရေးလူမျိုးများအား ခေါ်ထုတ်လာပြီး အီဂျစ်ပြည်နှင့် ပင်လယ်နီတွင် နှစ်ပေါင်းလေးဆယ်တိုင်တိုင် တောကန္တာရ၌ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုအရာများစွာတို့အား ဆောင်ရွက်ခဲ့၏။ 37ထိုမောရှေသည် အစ္စရေးလူမျိုးများအား 'ဘုရားရှင်က သင်၏အစ္စရေးလူမျိုးများထဲမှ ငါကဲ့သို့သော အရိယာသူတော်စင်တစ်ပါးအား သင်တို့အတွက် ပေါ်ထွန်းစေတော်မူလိမ့်မယ်' ဟု ပြောဆိုခဲ့သည့်သူဖြစ်၏။ 38သူသည် တောကန္တာရထဲတွင် ငါတို့၏ဘိုးဘေး အစ္စရေးလူမျိုးများနှင့် အတူတူရှိနေခဲ့ပြီး သိနာတောင်ပေါ်တွင် နတ်ဒေဝါက သူ့ထံသို့လာ၍ စကားပြောတော်မူသည့်အခါ သူသည် ဘုရားရှင်၏ အသက်တာနှင့်သက်ဆိုင်သည့် နှုတ်ကပါတ်တရားတော်အား ငါတို့ကို လက်ဆင့်ကမ်းပေးရန်အတွက် လက်ခံရရှိခဲ့သူဖြစ်၏။ 39သို့သော် ငါတို့၏ဘိုးဘေးများသည် သူ၏စကားကို နာခံခြင်းမရှိကြဘဲ အီဂျစ်ပြည်သို့သာ ပြန်ချင်သည့်ဆန္ဒပြင်းပြခဲ့ကြသောကြောင့် 40သူတို့က အာရုန်အား ‘ငါတို့ကို အီဂျစ်ပြည်မှ ခေါ်ထုတ်ခဲ့သည့် ဤမောရှေ မည်သို့ဖြစ်သွားသည် ဆိုသည်ကို ငါတို့မသိကြတော့သည့်အတွက် ငါတို့အားဦးဆောင်မည့် ဘုရားများကို ပြုလုပ်ပေးလော့' ဟု တောင်းဆိုကြလေ၏။ 41ထိုကာလများတွင် သူတို့သည် နွားပုံသဏ္ဍာန်ရှိသည့် ရုပ်တုတစ်ခုကို သွန်းလုပ်ပြီး ပူဇော်ခဲ့ကြ၏။ သူတို့သည် သူတို့၏လက်နှင့် ပြုလုပ်ထားသည့် ထိုအရာအပေါ်တွင် ဝမ်းမြောက်ပီတိဖြစ်နေခဲ့ကြ၏။ 42ထိုအတွက်ကြောင့် ဘုရားရှင်သည် သူတို့အား မျက်နှာလွှဲတော်မူခဲ့ပြီး သူတို့သည် ကောင်းကင်ကြယ်တာရာများအား ဝတ်ပြုကိုးကွယ်နေခဲ့ကြ၏။ အရိယာသူတော်စင်၏ ကျမ်းတွင် ဤအကြောင်းအား 'အစ္စရေးလူမျိုးတို့၊ တောကန္တာရတွင် နှစ်ပေါင်းလေးဆယ်တိုင်တိုင် သင်တို့ ပူဇော်ပသခဲ့ခြင်းများသည် ငါ့အားပူဇော်ခဲ့ခြင်း မဟုတ်ပေ။ 43သင်တို့သည် သင်တို့ကိုယ်တိုင် ဖန်တီးပြုလုပ်ထားသည့် ရုပ်တုဖြစ်သော မောလုတ်ဘုရားအား ဝတ်ပြုသည့်တဲနှင့် ကြယ်တာရာဘုရား ရင်ဖန်၏ရုပ်တုများကိုပင် သယ်ဆောင်လာခဲ့ကြ၏။ ထို့ကြောင့် ငါသည် သင်တို့အား ဘေဘီလုံမြို့၏ တစ်ဖက်ထိတိုင်အောင် နှင်ထုတ်တော်မူမည်' ဟရေးသားထားခဲ့၏။ 44ဘုရားရှင်သည် မောရှေအား သူမြင်ခဲ့ရသည့် ပုံသဏ္ဍာန်အတိုင်း တည်ဆောက်ရန် အမိန့်ပေးတော်မူခဲ့သည့်အတိုင်း တည်ဆောက်ထားသော ဘုရားရှင်အား ဝတ်ပြုကိုးကွယ်သည့် တဲတော်သည်လည်း ငါတို့၏ ဘိုးဘေးများနှင့်အတူ တောကန္တာရတွင် ရှိနေခဲ့၏။ 45ငါတို့၏ဘိုးဘေးများသည် တဲတော်ကို ဆက်ခံခဲ့ကြပြီး ဘုရားရှင်က ငါတို့ဘိုးဘေးများအား နေရာချထားရန်အတွက် တိုင်းတပါးသားများအား ဖယ်ရှားပေးခဲ့သည့် နယ်မြေဆီသို့ ယောရှုနှင့်အတူ တဲတော်ကိုလည်း သယ်ဆောင်လာခဲ့ကြပြီး ထိုတဲတော်သည် ဒါဝိဒ်၏လက်ထက်တိုင်အောင် တည်ရှိခဲ့၏။ 46ဒါဝိဒ်သည် ဘုရားရှင်၏ မျက်နှာသာပေးခြင်းကို ခံစားရသည့်အတွက် သူသည် ယာကုပ်၏ဘုရား စံမြန်းတော်မူရန် နေရာတစ်ခုကို ပြင်ဆင်ခွင့်ပေးရန်အတွက် ဘုရားရှင်ထံတွင် တောင်းလျှောက်ခဲ့လေသည်။ 47သို့သော် ဘုရားရှင်အတွက် အိမ်တော်ကို တည်ဆောက်ခဲ့သည့်သူသည် ရှောလမုန်ဘုရင်ကြီးဖြစ်၏။ 48သို့သော်လည်း အမြင့်မြတ်ဆုံး ဘုရားရှင်သည် လူတို့၏လက်နှင့် တည်ဆောက်သည့်နေရာတွင် စံမြန်းတော်မူခြင်း မရှိခဲ့ပေ။ အရိယာသူတော်စင်များ ဟောကြားခဲ့သည့်အတိုင်း 49'ရွှေမြို့တော်သည် ငါ၏ပလ္လင်ဖြစ်၍ ကမ္ဘာမြေကြီးသည် ငါ၏ခြေတင်ခုံဖြစ်၏။ ငါ့အတွက် မည်ကဲ့သို့သောအိမ်ကို တည်ဆောက်မည်နည်း။ မည်သည့်အရပ်သည် ငါ၏နားနေရာအရပ်ဖြစ်မည်နည်း။ 50ဤအရာအလုံးစုံတို့ကို ငါကိုယ်တိုင် ဖန်ဆင်းခဲ့သည် မဟုတ်ပါလော။ 51သင်တို့သည် မည်မျှပင်ခေါင်းမာ၍ မည်ကဲ့သို့နှလုံးသားမဲ့ကာ နာခံမှုမရှိနိုင်ကြသနည်း။ သင်တို့၏ဘိုးဘေးများသည် ညဏ်အလင်းတော်ကို ဆန့်ကျင်ကြပြီး သင်တို့သည်လည်း ထိုအတိုင်းပင်ပြုကြမည်လော။ 52သင်တို့၏ဘိုးဘေးများ ညှဉ်းဆဲခြင်းမပြုခဲ့သော အရိယာသူတော်စင်တစ်ပါးမျှပင် ရှိသေးသလော။ ရှေးယခင်ကတည်းကပင် ဖြောင့်မတ်သော အမှုတော်ဆောင် ကြွလာတော်မူမည့်အကြောင်းကို ကြိုတင်ဟောပြောခဲ့ကြသည့် ဘုရားရှင်၏ ရှေ့တော်ပြေးများကို သင်တို့သည် သတ်ဖြတ်ခဲ့ကြ၏။ ယခုတွင် သင်တို့သည်လည်း ထိုသူကို သစ္စာဖေါက်ပြီး သတ်ဖြတ်သူများဖြစ်ကြဖြစ်၏။ 53သင်တို့သည် နတ်ဒေဝါများအားဖြင့် အပ်နှင်းထားသော ပညတ်တော်ကို ခံယူကြသော်လည်း လိုက်နာကျင့်သုံးခြင်းမရှိကြပေ' ဟုပင်ဖြစ်၏" ဟု ပြောဆိုလေ၏။ 54ထိုကဲ့သို့ သတေဖန်ပြောသမျှ အရာအားလုံးကို တရားလွှတ်တော်အဖွဲ့ဝင်များ ကြားသောအခါ အံကိုကြိတ်လျက် လွန်စွာဒေါသအမျက်ထွက်ကြလေ၏။ 55သို့သော် ဉာဏ်အလင်းတော်နှင့် ပြည့်ဝသော သတေဖန်သည် ရွှေမြို့တော်သို့မျှော်ကြည့်ရာ ဘုရားရှင်၏ ဘုန်းတန်ခိုးတော်နှင့် ဘုရားရှင်၏ လက်ယာတော်၌ ရပ်နေတော်မူသော ကိုယ်တော်ယေရှုကို မြင်ရလေရာ 56"ကြည့်ကြလော့၊ ရွှေမြို့တော်သည်ပွင့်ပြီး လူ့သားတော်သည်လည်း ဘုရားရှင်၏လက်ယာဘက်တွင် ရပ်နေခြင်းအား ငါမြင်ရ၏" ဟုပြောဆိုလေ၏။ 57ထိုအခါ တရားလွှတ်တော်အဖွဲ့ဝင်များသည် ကျယ်လောင်သောအသံဖြင့် အော်ဟစ်၍ နားကိုပိတ်ထားကာ သတေဖန်ထံသို့ အလျှင်အမြန်ပြေးလာ၍ 58သူ့အား မြို့ပြင်သို့ ဆွဲထုတ်ကာ ကျောက်ခဲဖြင့် ပစ်ပေါက်ကြလေ၏။ သက်သေများသည် ရှောလုအမည်ရှိသော လူငယ်တစ်ဦးထံတွင် သူတို့၏အပေါ်ဝတ်ရုံများကို စောင့်ရှောက်ရန်အပ်နှံခဲ့ကြလေသည်။ 59သူတို့သည် သတေဖန်အား ကျောက်တုံးများဖြင့် အဆက်မပြတ်ပစ်ပေါက်နေကြစဉ် သတေဖန်က ကိုယ်တော်ယေရှုအား တိုင်တည်၍ "ကိုယ်တော်အရှင်ယေရှု၊ ကျွန်တော့်၏ဝိညာဉ်အား လက်ခံတော်မူပါ" ဟုပြောဆိုပြီးနောက် 60ဒူးထောက်လျက် "ကိုယ်တော်၊ ဤအပြစ်များအတွက် သူတို့အား ဒဏ်ခတ်တော်မူခြင်း မပြုပါနှင့်" ဟုကျယ်လောင်စွာကြွေးကြော်ပြီးနောက် သေဆုံးခြင်းသို့ရောက်လေ၏။

ទើបបានជ្រើសរើសហើយ៖

Acts 7: TPV-RV

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល