Acts 2

2
1ပင်တေကုတ္တေပွဲတော်ရက်သို့ ရောက်လာသောအခါ နောက်လိုက်တပည့်တော်များအားလုံးသည် တစ်နေရာတည်း၌ စုဝေးနေကြလေ၏။ 2ထိုအခါ ပြင်းထန်သော လေတိုက်ခတ်သံနှင့်တူသောအသံသည် ကောင်းကင်မှ ရုတ်တရက်ထွက်ပေါ်လာ၍ ထိုအသံသည် သူတို့နေထိုင်ရာအိမ်တစ်ခုလုံးကို ဖုံးလွှမ်းသွားလေ၏။ 3လျှာနှင့်တူသော မီးဆွယ်မီးလျှံများသည်လည်း နေရာအနှံ့ရွေ့လျား၍ လူတစ်ဦးချင်းထံသို့ ဝင်ရောက်သွားလေသည်။ 4ထိုအခါ သူတို့အားလုံးသည် ဉာဏ်အလင်းတော်နှင့် ပြည့်ဝကြပြီး၊ ဉာဏ်အလင်းတော်သည် သူတို့အား ပြောနိုင်စွမ်း ပေးအပ်တော်မူသည့်အတိုင်း အမျိုးမျိုးသော ဘာသာစကားများကို စတင်ပြောဆိုခဲ့ကြလေ၏။ 5ထိုအချိန်ကာလ၌ ကမ္ဘာ့နိုင်ငံအသီးသီးမှ လာကြသည့် ဘုရားတရားကြည်ညိုကြသော ဂျူးလူမျိုးများသည်လည်း ဂျေရုဆလင်မြို့သို့ ရောက်ရှိနေကြသည်ဖြစ်ရာ 6သူတို့သည် ထိုအသံများအား ကြားလိုက်ရသည်နှင့် စုဝေးရောက်ရှိလာကြလေ၏။ သူတို့သည် တပည့်တော်တို့က အမျိုးမျိုးသော မိမိတို့အသီးသီး၏ ဘာသာစကားများဖြင့် ပြောဆိုနေကြသည်ကို ကြားကြသောအခါ အံ့ဩမှင်သက်ကြကုန်၏။ 7ထိုသူအပေါင်းတို့သည် အံ့ဩမိန်းမောကြလျက် "အခုပြောဆိုနေကြသည့် သူတို့သည် ဂါလိလဲပြည်သားများ မဟုတ်လေ။ 8ဤသို့ဆိုလျှင် ငါတို့အသီးသီး၏ ဘာသာစကားများဖြင့် ပြောသည်စကားတို့အား ငါတို့သည် အဘယ်ကြောင့်ကြားနေရသနည်း။ 9ကျွန်ုပ်တို့သည် ပါသိလူမျိုး၊ မေဒိလူမျိုးနှင့် ဧလံလူမျိုးများမှစ၍ မက်ဆိုပိုတေးမီးယားပြည်၊ ယုဒပြည်၊ ကပ္ပဒေါကိပြည်၊ ပုန္တုပြည်၊ အာရှပြည်၊ 10ဖြူဂိပြည်၊ ပံဖုလိပြည်၊ အီဂျစ်ပြည်နှင့် ကုရေနေမြို့နားက လစ်ဗျားနယ်မြေဒေသများမှ လာရောက်ခဲ့ကြခြင်းဖြစ်၏။ ထို့အပြင် ရောမမြို့မှနေ၍ အလည်အပတ် လာရောက်ကြသူများ၊ 11ဂျူးလူမျိုးများနှင့် ဂျူးဘာသာဝင်များဖြစ်လာကြသော တိုင်းတပါးသားများအပြင် တစ်ချို့သည် ကရေတေကျွန်းသားများနှင့် အာရေဗျမှလူများပင် ပါရှိပါသေး၏။ ဤသည်ကိုပင် ဘုရားရှင်၏ အံ့ဖွယ်အမှုကိစ္စများအကြောင်းကို သူတို့အသီးသီးသည် ငါတို့၏ဘာသာစကားအသီးသီးဖြင့် ပြောဆိုနေကြသည်ကို ငါတို့သည်ကြားနေကြရ၏" ဟုအချင်းချင်းပြောဆိုနေကြလေသည်။ 12လူအပေါင်းတို့သည် အံ့ဩမှင်သက်ကာ တွေဝေကြလျက် "ဤအရာများအားလုံးသည် မည်သည့်အဓိပ္ပါယ်ကို ဆိုလိုသနည်း" ဟုအချင်းချင်း မေးမြန်းကြလေသည်။ 13သို့သော်လည်း လူအချို့ကမူ "ဤလူများသည် ဝိုင်ချိုကိုသောက်၍ မူးယစ်နေကြပြီ" ဟုပျက်ရယ်ပြုပြောဆိုကြလေ၏။ 14ထိုအခါ ပေတရုသည် သာဝကတစ်ဆယ့်တစ်ဦးနှင့်အတူ မတ်တပ်ရပ်လျက် လူထုပရိသတ်အား ကျယ်လောင်သောအသံဖြင့် "ဂျူးလူမျိုးများနှင့် ဂျေရုဆလင်မြို့သားအပေါင်းတို့၊ ဤအခြင်းအရာသည် မည်သည်ကို ဆိုလိုသနည်းဆိုသည်အား ကျွန်ုပ်ရှင်းပြမည်။ ဂရုတစိုက်၍ နားထောင်ကြလော့။ 15ယခုအချိန်သည် နံနက်ကိုးနာရီပင် ရှိသေးသည်ဖြစ်၍ သင်တို့ထင်နေကြသကဲ့သို့ ဤလူတို့သည် ယစ်မူးနေကြခြင်း မဟုတ်ပေ။ 16ဤအခြင်းအရာများသည် အရိယာသူတော်စင်ယောလ ဟောပြောခဲ့သည့် အရာများပင်ဖြစ်၏။ 17သူဟောပြောခဲ့သည်မှာ 'ဘုရားရှင် မိန့်မှာတော်မူသည်ကား၊ ငါသည် နောက်ဆုံးသောနေ့ရက်များ၌ လူအပေါင်းတို့အပေါ်သို့ ငါ၏ဉာဏ်အလင်းတော်ကို ပေးအပ်မည်ဖြစ်၏။ ထိုအခါ သင်တို့၏သားသမီးများသည် နောင်ဖြစ်လာမည့်ကိစ္စများကို ဟောပြောနိုင်သူများ ဖြစ်လာကြလိမ့်မည်။ လူငယ်လူရွယ်တို့သည်လည်း အကြားအမြင်များ ရကြလိမ့်မည်။ သက်ကြီးဝါကြီးများသည်လည်း အိမ်မက်များ မြင်မက်ကြရလိမ့်မည်။ 18ထိုနေ့ရက်များတွင် ငါ၏အမှုတော်ကိုထမ်းရွက်သူ ယောက်ျား၊ မိန်းမတို့အပေါ်သို့လည်း ငါ၏ ဉာဏ်အလင်းတော်ကို ပေးအပ်မည်ဖြစ်သဖြင့် ထိုသူတို့သည်လည်း ဖြစ်ပျက်လာမည့်ကိစ္စများကို ကြိုတင်ပြောနိုင်ကြလိမ့်မည်။ 19အထက်ကောင်းကင်၌ အံ့ဖွယ်ရာများကိုလည်းကောင်း၊ အောက်မြေကြီးပေါ်၌ သွေး၊ မီးလျှံနှင့် မီးခိုးငွေ့ စသည့်နိမိတ်လက္ခဏာများကိုလည်းကောင်း ငါပြမည်။ 20ဘုရားရှင်၏ ထူးမြတ်သောနေ့မတိုင်မီ၊ နေသည်မှောင်မိုက်၍ လသည်လည်း သွေးကဲ့သို့ချင်းချင်းနီလိမ့်မည်။ 21ထိုအခါ အရှင်သခင်ထံတွင် ဆုတောင်းကြသူအပေါင်းတို့သည်လည်း ကယ်တင်ခြင်းခံရကြလိမ့်မည်' ဟုဖြစ်၏။ 22အစ္စရေးလူမျိုးတို့၊ ကျွန်ုပ်ပြောသည်ကို နားထောင်ကြလော့။ နာဇရက်မြို့သား ကိုယ်တော်ယေရှုသည် သူ့ထံမှတဆင့် ဘုရားရှင်ဆောင်ရွက်တော်မူသည့် အံ့ဖွယ်အမှုများနှင့် နိမိတ်လက္ခဏာအလုံးစုံတို့ဖြင့် ဘုရားရှင်၏အခွင့်အာဏာအား သင်တို့ကို ရှင်းရှင်းလင်းလင်း သက်သေပြတော်မူခဲ့ပြီးဖြစ်၏။ 23ကြိုတင်သိမြင်နိုင်စွမ်းသော ဉာဏ်တော်အားဖြင့် ဘုရားရှင် သည် ကိုယ်တော်ယေရှုအား သင်တို့ထံသို့ အပ်နှင်းခဲ့၏။ သို့သော် သင်တို့သည် ကိုယ်တော့်အား ဖမ်းဆီးခဲ့ကြပြီး အပြစ်ဒုစရိုက်သားများ၏လက်သို့ အပ်နှံခဲ့ပြီး လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ်ခဲ့ကြ၏။ 24သို့သော် သေခြင်းတရားသည် ကိုယ်တော့်အား အစဉ်ထာဝရချုပ်ကိုင်ထားရန် မဖြစ်နိုင်သည့်အတွက် ဘုရားရှင်သည် ကိုယ်တော့်အား သေခြင်းဝေဒနာမှ ဖြေလျော့ပေး၍ အသက်ပြန်ရှင်စေတော်မူခဲ့၏။ 25ဘုရင်ဒါဝိဒ်သည်လည်း ကိုယ်တော်နှင့်ပတ်သက်ပြီး 'ငါ၏မျက်မှောက်၌ အရှင်သည် အစဉ်မပြတ်ရှိတော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် ငါ၏လက်ယာဘက်၌ရှိတော်မူသည်ဖြစ်၍ ငါသည်တုန်လှုပ်ခြင်းမရှိရာ။ 26ထို့ကြောင့် ငါ၏စိတ်နှလုံးသည် ရွှင်လန်း၍ ငါ၏စကားတို့သည်လည်း ဝမ်းမြောက်ခြင်းနှင့်ပြည့်နေ၏။ ထိုမျှမက ငါသည် သေမျိုးပင်ဖြစ်သော်လည်း မျှော်လင့်ခြင်းနှင့်အတူ ကိုယ်တော့်အား ယုံကြည်ကိုးစားပါ၏။ 27အကြောင်းမူကား ကိုယ်တော်သည် ငါသေလွန်သောအခါ သင်္ချိုင်းဂူ၌ ငါ့ကိုစွန့်ပစ်တော်မူမည် မဟုတ်ပေ။ ဘုရားရှင်၏သမ္မာတရားကို လိုက်နာသောသူဖြစ်၍ ငါ၏ခန္ဓာကိုယ်ကိုလည်း ပုပ်ပျက်စေလိမ့်မည် မဟုတ်ပေ။ 28ကိုယ်တော်သည် အကျွန်ုပ်အား ထာဝရအသက်ရှင်ရာလမ်းအား ညွှန်ပြခဲ့ပြီး ကိုယ်တော်နှင့်အတူ ပါရှိနေရခြင်းကြောင့် ပျော်ရွှင်ဝမ်းမြောက်ရပါ၏' ဟုပြောကြားထားခဲ့၏။ 29ညီနောင်အပေါင်းတို့၊ ငါတို့၏ဘိုးဘေး ဒါဝိဒ်၏အကြောင်းကို ငါအတိအလင်းပြောနိုင်ခြင်းသည် သူက သေဆုံး၍ သင်္ဂြိုဟ်ခံရပြီးသည့်တိုင်အောင် သူ၏သင်္ချိုင်းဂူသည် ယနေ့အထိ ငါတို့၏ဒေသတွင်ရှိ၏။ 30ဒါဝိဒ်သည် အရိယာသူတော်စင်တစ်ပါးဖြစ်သည့်အတွက် သူ၏သားစဉ်မြေးဆက်များထဲမှ တစ်ယောက်ယောက်အား သူကဲ့သို့ပင် ရာဇပလ္လင်ပေါ်တွင် ထိုင်စေမည်ဟု ကတိတော်ထားခဲ့ခြင်းအား သူသည်သိ၏။ 31သူသည် ထိုအရာအား ကြိုတင်သိမြင်ခဲ့ပြီး 'ကိုယ်တော်သည် မရဏာနိုင်ငံတွင် စွန့်ပစ်ထားခြင်းခံရမည် မဟုတ်ပေ။ ကိုယ်တော်၏ ခန္ဓာကိုယ်ကိုလည်း ပုပ်ပျက်စေလိမ့်မည်မဟုတ်ပေ' ဟုဆိုကာ ခရစ်တော်၏ အသက်ပြန်ရှင်တော်မူသည့်အကြောင်းအား ဟောပြောခဲ့ခြင်းဖြစ်၏။ 32ဘုရားရှင်သည်လည်း ဤကိုယ်တော်ယေရှုအား သေခြင်းမှ အသက်ပြန်ရှင်စေတော်မူခဲ့သည် ဆိုသည့်အချက်အတွက် ငါတို့အားလုံးသည် သက်သေများပင်ဖြစ်ကြ၏။ 33ကိုယ်တော်သည် အဖဘုရားရှင်၏ လက်ယာဘက်တွင် ချီးမြှောက်ခြင်းကိုခံရပြီးနောက် ကတိထားတော်မူခဲ့သည့် ဉာဏ်အလင်းတော်အား အဖဘုရားရှင်ထံမှ ခံယူရရှိတော်မူခဲ့၏။ သင်တို့ ယခုမြင်သမျှ၊ ကြားသမျှ အရာအားလုံးတို့သည် ကိုယ်တော်က ငါတို့အပေါ်တွင် သွန်းလောင်းပေးတော်မူခဲ့သည့် သူ၏ ဆုလက်ဆောင်များပင်ဖြစ်၏။ 34ဒါဝိဒ်သည် ရွှေမြို့တော်ဆီသို့ ကြွလှမ်းခဲ့သည့်သူမဟုတ်ဘဲ သူက 'ဘုရားရှင်သည် ငါ၏အရှင်ကို မိန့်တော်မူသည်မှာ 35သင်၏ရန်သူတို့အား သင်၏ခြေတင်ခုံအဖြစ် ငါချထားသည့် နေ့ထိတိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့' ဟုမိန့်တော်မူခဲ့၏’ ဟုပြောခဲ့သည့် သူပင်ဖြစ်၏။ 36ထို့ကြောင့် ဘုရားရှင်သည် သင်တို့ လက်ဝါးကပ်တိုင်ပေါ်သို့ တင်ခဲ့သည့် ထိုကိုယ်တော်ယေရှုအား အရှင်သခင်အဖြစ်လည်းကောင်း၊ ကယ်တင်ရှင်ခရစ်တော်အဖြစ်လည်းကောင်း ခန့်အပ်ထားသည်ဆိုသည်အား အစ္စရေးလူမျိုးအားလုံးတို့ သိမှတ်ကြပါလော့" ဟုဟောပြောလေ၏။ 37ထိုအကြောင်းအရာများကို ကြားကြရသောအခါ လူအပေါင်းတို့သည် လွန်စွာ စိတ်မကောင်း ဖြစ်သွားကြပြီး ပေတရုနှင့်အခြားတပည့်တော်တို့အား "ညီနောင်တို့ ငါတို့မည်သို့လုပ်ရပါမည်နည်း" ဟု မေးမြန်းကြကုန်၏။ 38ထိုအခါ ပေတရုက "သင်တို့ရဲ့အပြစ်ကို ခွင့်လွတ်ခြင်းရစေရန် နောင်တရပြီး ယေရှုခရစ်တော်၏ နာမည်တော်တွင် ရေနှစ်မင်္ဂလာခံယူကြလော့။ သို့မှသာ ဉာဏ်အလင်းတော် တည်းဟူသော ဆုလက်ဆောင်အား ရရှိကြမည်ဖြစ်၏။ 39အဘယ်ကြောင့်ဆိုသော် ဘုရားရှင်၏ ကတိတော်သည် သင်တို့နှင့် သင်တို့၏သားသမီးများမှစ၍ အဝေးတွင်ရောက်နေကြသည့် ငါတို့၏ ဘုရားရှင်ရွေးကောက်တော်မူသည့် သူများအားလုံးအတွက် ဖြစ်ပေ၏" ဟုဆိုလေ၏။ 40ပေတရုသည် အခြားသော ဘာသာစကားအမျိုးမျိုးတို့ဖြင့်လည်း သက်သေခံလျက် "ဤသို့ ကောက်ကျစ်သည့် မျိုးဆက်မှ လွတ်မြောက်ရန် ကယ်တင်ခြင်းအား ခံယူကြလော့" ဟုတိုက်တွန်းနှိုးဆော်လေ၏။ 41ထိုသူတို့ထဲမှ အများစုသည် ပေတရု၏သတင်းစကားကို ယုံကြည်လက်ခံကြပြီး ရေနှစ်မင်္ဂလာခံယူကြရာ ထိုနေ့၌ပင် လူဦးရေသုံးထောင်ခန့် တိုးပွားလာလေ၏။ 42ထိုသူတို့သည် သာဝကများ၏ သွန်သင်ချက်တို့ကို ခံယူခြင်း၊ မိတ်ဆွေဖွဲ့ကြခြင်းနှင့် အတူတကွဆုတောင်း၍ ကတိသစ္စာပြု ပွဲတော်မင်္ဂလာစားသုံးခြင်းတို့ကို အစဉ်တစိုက်ဆောင်ရွက်လျက် အချိန်ကို ကုန်ဆုံးစေကြလေ၏။ 43တပည့်တော်တို့သည် အံ့ဖွယ်အမှုများနှင့် နိမိတ်လက္ခဏာများစွာတို့ကို လုပ်ဆောင်ခဲ့ကြသည့်အတွက် လူအပေါင်းတို့သည် အလွန်အံ့ဩ၍ ကြောက်ရွံ့ကြလေ၏။ 44ယုံကြည်သူအပေါင်းတို့သည် ရင်းရင်းနှီးနှီး မိတ်သဟာယဖွဲ့ကြပြီး မိမိတို့၏ဥစ္စာပစ္စည်းများကိုလည်း အချင်းချင်း မျှဝေသုံးစွဲကြလေသည်။ 45သူတို့သည် ဥစ္စာပစ္စည်းများနှင့် မိမိတို့ပိုင်ဆိုင်သောအရာများကို ရောင်းချကြပြီးလျှင် တစ်ဦးချင်းစီ၌ လိုအပ်မှုရှိသည့်အတိုင်း အားလုံးတို့အား ခွဲဝေပေးကမ်းကြ၏။ 46နေ့စဉ်နေ့တိုင်း တညီတညွတ်တည်းဖြင့် ဗိမာန်တော်တွင်စုဝေးကြ၍ အိမ်များတွင်လည်း မုန့်ကိုဖဲ့ကာ ရွှင်လန်းဝမ်းမြောက်သောစိတ်ဖြင့် ဝေမျှစားသောက်ကြပြီး 47ဘုရားရှင်၏ဂုဏ်တော်အား ချီးမွမ်းကြသည် ဖြစ်၍ လူအပေါင်းတို့ရှေ့၌ မျက်နှာရကြ၏။ ဘုရားရှင်သည်လည်း နေ့စဉ်နေ့တိုင်း ကယ်တင်ခြင်းကို ခံယူရမည့်လူဦးရေအား တိုးပွားစေတော်မူလေ၏။

ទើបបានជ្រើសរើសហើយ៖

Acts 2: TPV-RV

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល