YouVersion Logo
Search Icon

Psalms 78

78
1အို ငါ၏လူမျိုးတော်၊ ငါ၏သွန်သင်ချက်ကို စူးစိုက်နားထောင်လော့။ ငါ၏နှုတ်ထွက်စကားတို့ကို နားစွင့်ကြလော့။ 2ငါသည် ပုံဥပမာများဆောင်လျက် ငါ့နှုတ်ကိုဖွင့်၍ ရှေးကာလမှပဟေဠိတို့ကို ထုတ်ဖော်ပြောဆိုမည်။ 3ထိုအရာတို့သည် ငါတို့ကြား၍ သိထားသောအရာများ၊ ငါတို့၏ဘိုးဘေးများက ငါတို့ကို ပြောပြသောအရာများဖြစ်ကြသည်။ 4ထိုအရာတို့ကို သူတို့၏မျိုးဆက်များမသိအောင် ငါတို့ထိမ်ဝှက်ထားမည်မဟုတ်။ ငါတို့သည် အရှင်ဖြစ်တော်မူသော ဘုရားရှင်၏ကျေးဇူးတော်များနှင့် တန်ခိုးတော်ကိုလည်းကောင်း၊ ကိုယ်တော်ပြုသော အံ့ဖွယ်သောအမှုတို့ကိုလည်းကောင်း လာမည့်မျိုးဆက်အား ပြောကြားမည်။ 5အကြောင်းမူကား ကိုယ်တော်သည် သက်သေခံချက်ကို ယာကုပ်၌တည်စေ၍ ပညတ်တရားတော်ကို အစ္စရေး၌ထားတော်မူသည်။ ၎င်းတို့ကို သားသမီးများအား သင်ကြားပေးရန်ငါတို့၏ဘိုးဘေးတို့ကို မိန့်မှာတော်မူသည်။ 6ဤသည်ကား လာမည့်မျိုးဆက်တည်းဟူသော နောင်မွေးဖွားလာမည့် သားသမီးတို့သည် ထိုအရာတို့ကိုသိမှတ်၍ သူတို့၏သားသမီးများကို လက်ဆင့်ကမ်း ပြောပြနိုင်ရန်ဖြစ်သည်။ 7ထို့နောက် သူတို့သည် ဘုရားရှင်အား ယုံကြည်အားထား၍ ဘုရားရှင်၏လုပ်ဆောင်တော်မူချက်တို့ကို မမေ့လျော့ဘဲ ကိုယ်တော်၏ပညတ်တော်တို့ကို လိုက်နာကျင့်သုံးကြလိမ့်မည်။ 8ထိုသို့အားဖြင့် သူတို့သည် သူတို့၏ဘိုးဘေးများကဲ့သို့ ဖြစ်ကြတော့မည်မဟုတ်။ ထိုဘိုးဘေးတို့သည် ခေါင်းမာ၍ ပုန်ကန်တတ်သည့်မျိုးဆက်၊ သူတို့၏စိတ်နှလုံးတည်ကြည်ခြင်းမရှိသကဲ့သို့ သူတို့၏စိတ်ဝိညာဥ်သည်လည်း ဘုရားရှင်အပေါ် သစ္စာမရှိသောမျိုးဆက်ဖြစ်သည်။ 9လေးမြားကို ကိုင်စွဲကြသော ဧဖရိမ်အမျိုးသားတို့သည် စစ်တိုက်သောနေ့တွင် နောက်ပြန်လှည့်ကြသည်။ 10သူတို့သည် ဘုရားရှင်၏ ပဋိညာဥ်တော်ကို မစောင့်ထိန်းကြ။ ပညတ်တရားတော်အတိုင်း လျှောက်လှမ်းရန်လည်း ငြင်းဆန်ကြသည်။ 11ကိုယ်တော်ပြုတော်မူသောအမှုများနှင့် သူတို့အားပြတော်မူသည့် ကိုယ်တော်၏အံ့ဖွယ်သောအမှုများကိုလည်း မေ့လျော့ကြသည်။ 12ကိုယ်တော်သည် အီဂျစ်ပြည်၊ ဇောနအရပ်၌ သူတို့၏ဘိုးဘေးများရှေ့တွင် အံ့ဖွယ်သောအမှုကို ပြုတော်မူသည်။ 13ပင်လယ်အား နှစ်ခြမ်းခွဲ၍ သူတို့ကို ဖြတ်သွားစေတော်မူသည်။ ရေများကို တာတမံကဲ့သို့ မတ်မတ်တည်စေတော်မူသည်။ 14နေ့အချိန်၌ မိုးတိမ်အားဖြင့်လည်းကောင်း၊ ညအချိန်၌ တစ်ညလုံးမီးအလင်းရောင်အားဖြင့်လည်းကောင်း သူတို့ကိုပို့ဆောင်တော်မူသည်။ 15တောကန္တာရထဲ၌ ကျောက်ဆောင်များကိုခွဲ၍ နက်ရှိုင်းသောသမုဒ္ဒရာမှ ရေကဲ့သို့ များစွာသောရေကို သူတို့အား တိုက်တော်မူသည်။ 16ကျောက်ထဲမှ ရေစီးထွက်တော်မူစေ၍ မြစ်ရေများကဲ့သို့ စီးဆင်းစေတော်မူသည်။ 17သို့သော် သူတို့သည် အမြင့်ဆုံးသောအရှင်ကို တောကန္တာရတွင် ပုန်ကန်သောအားဖြင့် နောက်တစ်ဖန်ထပ်၍ ကိုယ်တော်အား ပြစ်မှားကြသည်။ 18မိမိတို့အလိုရှိသော အစားအစာကိုလည်း တောင်းဆိုခြင်းအားဖြင့် သူတို့၏စိတ်နှလုံးထဲ၌ ဘုရားရှင်ကို စမ်းသပ်ကြသည်။ 19သူတို့က "ဘုရားရှင်သည် တောကန္တာရတွင် စားပွဲကိုတည်ခင်းနိုင်ပါမည်လော။ 20ကျောက်ဆောင်ကို ရိုက်သောအခါ ရေများစီးထွက်လာပါသည်။ စမ်းချောင်းများ စီးဆင်းပါသည်။ သို့သော် မုန့်ကိုကား ပေးနိုင်ပါမည်လော။ မိမိလူမျိုးအတွက် အသားကို ပြင်ဆင်ပေးနိုင်ပါမည်လော" ဟု ဘုရားရှင်ကို ဆန့်ကျင်ပြောဆိုကြသည်။ 21ထို့ကြောင့် အရှင်ဖြစ်တော်မူသောဘုရားရှင်သည် ထိုစကားအားကြား၍ အမျက်ထွက်တော်မူသည်။ မီးသည် ယာကုပ်အမျိုးပေါ်၌ထလောင်၍ အမျက်တော်သည်လည်း အစ္စရေးလူမျိုးအပေါ် သက်ရောက်လေသည်။ 22အကြောင်းမူကား သူတို့သည် ဘုရားရှင်အား မယုံကြည်ကြ။ ကိုယ်တော်၏ကယ်တင်ခြင်းကိုလည်း ယုံကြည်ကိုးစားခြင်းမရှိကြ။ 23သို့သော် ကိုယ်တော်သည် အထက်အရပ်မှမိုးတိမ်တို့ကို အမိန့်ပေး၍ ရွှေမြို့တော်တံခါးတို့ကိုဖွင့်ကာ 24သူတို့စားရန် မန္နမုန့်ကို သူတို့အပေါ်ရွာကျစေပြီး ရွှေမြို့တော်မှ ကောက်ပဲသီးနှံကို သူတို့အားပေးတော်မူသည်။ 25လူသည် နတ်ဒေဝါတို့၏မုန့်ကို စားခဲ့ရသည် ကိုယ်တော်သည် သူတို့အား စားနပ်ရိက္ခာကို ပြည့်စုံကြွယ်ဝစွာ ပို့ပေးတော်မူသည်။ 26ကိုယ်တော်သည် အရှေ့လေကို ရွှေမြို့တော်မှထွက်ခွာစေပြီး မိမိ၏တန်ခိုးတော်အားဖြင့် တောင်လေကို တိုက်ခတ်လာစေတော်မူသည်။ 27ဤသို့ဖြင့် အသားကိုမြေမှုန့်နှင့်အမျှ၊ ငှက်တို့ကို သမုဒ္ဒရာ၏သဲပွင့်နှင့်အမျှ သူတို့အပေါ် ရွာကျစေတော်မူပြီး 28သူတို့၏စခန်းအတွင်းနှင့် သူတို့နေထိုင်ရာအရပ်ပတ်လည်၌ ကျစေတော်မူသည်။ 29ထိုသို့ သူတို့၏ဆန္ဒအတိုင်း သူတို့အားပေးတော်မူသဖြင့် သူတို့သည် ဝလင်စွာစားရကြသည် 30သို့သော် သူတို့၏ဆန္ဒမပြည့်ဝမီ သူတို့၏အစားအစာသည် ပါးစပ်ထဲ၌ရှိစဥ်ပင် 31ဘုရားရှင်၏အမျက်တော်သည် သူတို့အပေါ်တွင် ကျရောက်သဖြင့် သူတို့ထဲမှ အကြံ့ခိုင်ဆုံးသောသူတို့ကို ကွပ်မျက်၍ အစ္စရေးလူရွယ်များကို သေဒဏ်သင့်စေတော်မူသည်။ 32သူတို့သည် ဤအရာအားလုံးနှင့် ကြုံတွေ့ရသော်လည်း ဆက်၍သာ အပြစ်ပြုကြပြီး ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို မယုံကြည်ကြပေ။ 33ထို့ကြောင့် ကိုယ်တော်သည် သူတို့၏နေ့ရက်များကို အချည်းအနှီးအဖြစ်၌လည်းကောင်း၊ သူတို့၏နှစ်ကာလများကို ထိတ်လန့်ခြင်း၌လည်းကောင်း ကုန်လွန်စေတော်မူသည်။ 34သူတို့အား ကိုယ်တော်ကွပ်မျက်တော်မူသောအခါ သူတို့သည် ကိုယ်တော်အား ရှာကြသည်။ သူတို့သည် နောင်တရလျက် ဘုရားရှင်အား ကြိုးစား၍ရှာကြသည် 35ဘုရားရှင်သည် သူတို့၏ကျောက်ဆောင်၊ သူတို့အား ရွေးနုတ်တော်မူသည့် အမြင့်ဆုံးသောဘုရားရှင်ဖြစ်ကြောင်း သူတို့သတိရကြသည်။ 36သို့သော် သူတို့သည် မိမိတို့နှုတ်ဖြင့် ကိုယ်တော်ကိုမြှောက်ပင့်၍ မိမိတို့လျှာဖြင့် ကိုယ်တော်ကို လိမ်လည်ကြသည်။ 37သူတို့၏စိတ်နှလုံးသည် ကိုယ်တော့်အပေါ်မတည်ကြည်။ ကိုယ်တော်၏ပဋိညာဥ်တော်အပေါ်၌လည်း သစ္စာမရှိကြပေ။ 38သို့သော် သနားစုံမက်တက်သော ကိုယ်တော်သည် သူတို့ကို မဖျက်ဆီးဘဲ သူတို့၏အပြစ်ဒုစရိုက်ကို ဖြေလွှတ်တော်မူသည်။ မိမိ၏အမျက်တော်ကိုလည်း အကြိမ်ကြိမ်ချုပ်တည်း၍ မိမိ၏အမျက်ဒေါသကို အကုန်အစင် နှိုးဆော်တော်မမူခဲ့ပေ။ 39သူတို့သည် အသွေးအသားဖြစ်ကြောင်းနှင့် ထွက်ခွာသွားပြီးလျှင် ပြန်မလာတော့သည့်လေဖြစ်ကြောင်း ကိုယ်တော်အောက်မေ့သတိရတော်မူသည်။ 40သူတို့သည် တောကန္တာရ၌ ဘယ်နှစ်ကြိမ်ဘယ်နှခါမျှ ကိုယ်တော်အား ပုန်ကန်ကြပြီး ကန္တာရမြေ၌ ကိုယ်တော်ကို စိတ်ထိခိုက်စေခဲ့ကြသနည်း။ 41သူတို့သည် ဘုရားရှင်ကို အကြိမ်ကြိမ်စမ်းသပ်လျက် အစ္စရေးလူမျိုး၏မြင့်မြတ်သောအရှင်၏စိတ်တော်ကို ဆွကြသည်။ 42သူတို့သည် ကိုယ်တော်၏တန်ခိုးတော်ကိုလည်းကောင်း၊ သူတို့ကိုရန်သူ၏လက်မှ ရွေးနုတ်ကယ်တင်တော်မူရာနေ့ရက်တည်းဟူသော 43အီဂျစ်ပြည်၌ နိမိတ်လက္ခဏာများနှင့် ဇောနအရပ်၌ တန်ခိုးလက္ခဏာများပြုတော်မူရာ နေ့ရက်ကိုလည်းကောင်း မအောက်မေ့ကြပေ။ 44ကိုယ်တော်သည် ထိုပြည်သားတို့၏မြစ်များကို သွေးအဖြစ်ပြောင်းလဲစေတော်မူသဖြင့် သူတို့သည် မိမိတို့၏မြစ်ရေကို သောက်၍မရခဲ့ကြပေ။ 45ကိုယ်တော်သည် သူတို့ကိုဝါးမြိုမည့် ယင်ရိုင်းများကိုလည်းကောင်း၊ သူတို့ကိုဖျက်ဆီးမည့် ဖားတို့ကိုလည်းကောင်း သူတို့ထံသို့ စေလွှတ်တော်မူသည်။ 46သူတို့၏အသီးအနှံကို နှံကောင်တို့အားလည်းကောင်း၊ သူတို့လုပ်ဆောင်ရရှိသောအရာကို ကျိုင်းကောင်တို့အားလည်းကောင်း ပေးတော်မူသည်။ 47သူတို့၏စပျစ်ပင်များကို မိုးသီးဖြင့်လည်းကောင်း၊ သူတို့၏ သင်္ဘောသဖန်းပင်​များ​ကို နှင်းခဲ​ဖြင့်​လည်းကောင်း ဖျက်ဆီး​တော်မူသည်။ 48သူ​တို့​၏​တိရစ္ဆာန်​တို့​ကို မိုးသီး​လက်​သို့​လည်းကောင်း​၊ သူ​တို့​၏​သိုးနွား​တို့​ကို မိုးကြိုး​လက်​သို့​လည်းကောင်း အပ်​တော်မူ​သည်။ 49ကိုယ်တော်သည် ဖျက်ဆီးတတ်သော နတ်ဒေဝါတပ်ဖွဲ့အားဖြင့် မိမိ၏ပြင်းထန်သောအမျက်ဒေါသ၊ အမျက်မာန်ဟုန်နှင့် ဆင်းရဲဒုက္ခကို သူတို့ထံသို့ စေလွှတ်တော်မူသည်။ 50ကိုယ်တော်သည် မိမိ၏အမျက်တော်ကို လမ်းဖွင့်ပေးလျက် သူတို့၏စိတ်ဝိညာဥ်ကို သေဘေးမှ လွတ်ကင်းခွင့်မပေးဘဲ သူတို့၏အသက်ကို ကပ်ရောဂါလက်သို့ အပ်တော်မူသည်။ 51ကိုယ်တော်သည် အီဂျစ်ပြည်ရှိအိမ်ထောင်စုအပေါင်းမှ သားဦးတို့ကိုသေစေတော်မူသည်။ 52သို့သော် ကိုယ်တော်သည် မိမိ၏လူမျိုးကို သိုးများကဲ့သို့ ထုတ်ဆောင်ပြီး တောကန္တာရထဲ၌ သူတို့ကို သိုးအုပ်ကဲ့သို့ ပို့ဆောင်တော်မူသည်။ 53ကိုယ်တော်သည် သူတို့ကို ဘေးကင်းလုံခြုံစွာ ပို့ဆောင်တော်မူသဖြင့် သူတို့သည် ကြောက်ရွံ့ခြင်းမရှိကြရပေ။ သို့သော် ပင်လယ်ရေသည် သူတို့၏ရန်သူများကို ဖုံးလွှမ်းခဲ့သည်။ 54ဤသို့ဖြင့် ကိုယ်တော်သည် မိမိ၏မြင့်မြတ်သောနယ်မြေသို့လည်းကောင်း၊ မိမိ၏လက်ယာလက်တော်ဖြင့်ရယူထားသော ဤတောင်သို့လည်းကောင်း သူတို့ကိုခေါ်ဆောင်တော်မူသည်။ 55ထို့နောက် လူမျိုးတကာတို့ကို သူတို့ရှေ့မှနှင်ထုတ်တော်မူပြီး အမွေအဖြစ် တိုင်းတာသတ်မှတ်ထားသော နယ်မြေအလိုက် သူတို့ကို ခွဲဝေပေး၍ အစ္စရေးအမျိုးအနွယ်တို့အား မိမိတို့တဲများ၌ နေထိုင်စေတော်မူသည်။ 56သို့သော် သူတို့သည် အမြင့်ဆုံးသောဘုရားရှင်ကို အကဲစမ်း၍ ပုန်ကန်ကြသည်။ ကိုယ်တော်၏သက်သေခံချက်တို့ကိုလည်း မစောင့်ထိန်းဘဲ 57မိမိတို့ဘိုးဘေးများကဲ့သို့ ဖောက်ပြန်၍ သစ္စာမဲ့သောသူများဖြစ်ကြသည်။ လိမ်ကောက်သော လေးကဲ့သို့ အသုံးမကျသောသူများလည်း ဖြစ်ကြသည်။ 58သူတို့သည် မိမိတို့အထွတ်အမြတ်ထားရာနေရာများအားဖြင့် ကိုယ်တော်အား အမျက်ထွက်စေပြီး မိမိတို့၏ရုပ်တုများအားဖြင့် ကိုယ်တော်အား အမျက်ဒေါသထွက်စေကြသည်။ 59ဘုရားရှင်သည် ကြားသိ၍ အမျက်ထွက်ကာ အစ္စရေးအမျိုးသားတို့ကို လုံးဝ စွန့်ပစ်တော်မူသည်။ 60ထို့ကြောင့် ကိုယ်တော်သည် ရှိလောအရပ်ရှိ ကိန်းဝပ်တော်မူရာတဲတော်ဖြစ်သည့် လူတို့အလယ်၌ တည်ဆောက်ထားတော်မူသော တဲတော်ကို ပစ်ပယ်တော်မူသည်။ 61ကိုယ်တော်သည် မိမိ၏အစွမ်းသတ္တိကို သုံ့ပန်းအဖြစ်သို့လည်းကောင်း၊ မိမိ၏ဂုဏ်ကျက်သရေကို ရန်သူတို့၏လက်သို့လည်းကောင်း ပေးအပ်တော်မူသည်။ 62မိမိ၏လူမျိုးကိုလည်း ဓားဘေးသို့အပ်နှံ၍ မိမိ၏အမွေတော်ကို အမျက်ထွက်တော်မူသည်။ 63မီးသည် ကိုယ်တော်၏လူပျိုတို့ကို လောင်ကျွမ်း၍ ကိုယ်တော်၏အပျိုကညာတို့သည် မင်္ဂလာ​သီချင်း​များ​ကို မ​ဆို​ရ​ကြ​ပေ​။ 64ကိုယ်တော်၏ပုရောဟိတ်တို့သည် ဓားဘေးဖြင့် ကျဆုံးကြ၍ ကိုယ်တော်၏မုဆိုးမတို့သည် မငိုကြွေးရကြပေ။ 65ထိုအခါ ဘုရားရှင်သည် အိပ်ပျော်ရာမနိုးလာသောသူကဲ့သို့လည်းကောင်း၊ စပျစ်ဝိုင်အရှိန်ပြေသွားသော စစ်သူရဲကဲ့သို့လည်းကောင်း နိုးထတော်မူ၍ 66မိမိ၏ရန်သူတို့ကို ရိုက်ထုတ်တွန်းလှန်ကာ ထာဝရကဲ့ရဲ့ပြစ်တင်ခြင်းကို သူတို့အပေါ်သက်ရောက်စေတော်မူသည်။ 67ထို့နောက် ကိုယ်တော်သည် ယောသပ်၏တဲကို စွန့်ပယ်၍ ဧဖရိမ်အမျိုးအနွယ်ကိုလည်း ရွှေးချယ်တော်မမူဘဲ 68ယုဒအမျိုးအနွယ်နှင့် မိမိချစ်တော်မူသော ဇိအုန်တောင်ကို ရွှေးချယ်တော်မူပြီး 69မိမိ၏သန့်ရှင်းမြင့်မြတ်ရာဌာနတော်ကို အထွတ်ကဲ့သို့လည်းကောင်း၊ အစဥ်အမြဲတည်စေတော်မူသော ကမ္ဘာမြေကြီးကဲ့သို့လည်းကောင်း တည်ဆောက်တော်မူသည်။ 70တစ်ဖန် မိမိ၏အစေခံဒါဝိဒ်ကို ရွှေးချယ်ပြီး သူ့ကို သိုးခြံများထဲမှ ခေါ်ယူတော်မူ၍ 71သားငယ်ရှိသော သိုးမများကို ထိန်းကျောင်းရာမှ မိမိ၏လူမျိုးဖြစ်သော ယာကုပ်၊ မိမိ၏အမွေတော်ဖြစ်သော အစ္စရေးကို ထိန်းကျောင်းစေရန် သူ့ကို ခေါ်ဆောင်တော်မူလာသည်။ 72သူသည်လည်း တည်ကြည်သောစိတ်နှလုံးဖြင့် သူတို့ကို ထိန်းကျောင်း၍ ကျွမ်းကျင်လိမ္မာသောလက်ဖြင့် သူတို့ကို ပို့ဆောင်သည်။

Currently Selected:

Psalms 78: TPV-RV

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in