YouVersion Logo
Search Icon

Psalms 105

105
1ဘုရားရှင်၏ကျေးဇူးတော်ကို ချီးမွမ်းကြ၍ ကိုယ်တော်သည် ကြီးမြတ်တော်မူကြောင်းကို ထုတ်ဖေါ်ကြေငြာကြလော့။ ကိုယ်တော်ပြုတော်မူသော အမူတော်တို့ကို လူမျိုးတကာတို့အားပြောကြားကြလော့။ 2ကိုယ်တော်ထံသို့ သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်ကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်၏ အံ့ဖွယ်သောအမှုရှိသမျှတို့ကို ဆင်ခြင်အောက်မေ့ကြလော့။ 3ကိုယ်တော်၏ မြင့်မြတ်သောနာမတော်၌ ဂုဏ်ယူဝံ့ကြွားကြလော့။ ဘုရားရှင်ကို ရှာသောသူတို့၏ စိတ်နှလုံးသည် ဝမ်းမြောက်ကြပါစေ။ 4ဘုရားရှင်နှင့် ကိုယ်တော်၏တန်ခိုးတော်ကို ရှာဖွေကြလော့။ ကိုယ်တော်၏မျက်နှာတော်ကို အစဉ်မပြတ်ရှာကြလော့။ 5ကိုယ်တော်၏ အစေအပါး အာဗြဟံ၏အမျိုးအနွယ်တို့၊ ကိုယ်တော်ရွေးကောက်တော်မူသော ယာကုပ်၏ သားသမီးတို့၊ 6ကိုယ်တော်၏ အံ့ဖွယ်သောအမှုတို့ကိုလည်းကောင်း၊ ပြုတော်မူသောတန်ခိုးလက္ခဏာများနှင့် နှုတ်တော်ထွက် တရားစီရင်ချက်တို့ကိုလည်းကောင်း အောက်မေ့သတိရကြလော့။ 7ကိုယ်တော်သည် ငါတို့၏အရှင် ထာဝရဘုရားရှင်ဖြစ်တော်မူ၏။ ကိုယ်တော်၏ စီရင်မိန့်တို့သည် ကမ္ဘာမြေတစ်ခွင်လုံးအတွက်ဖြစ်၏။ 8ကိုယ်တော်သည် မိမိ၏ ပဋိဉာာဉ်တော်ကို အစဉ်အမြဲအောက်မေ့တော်မူ၏။ ၎င်းမှာ မျိုးဆက်ပေါင်တစ်ထောင်တို့အား မိန့်တော်မူထားသောစကားတော်၊ 9အာဗြဟံနှင့်ပြုခဲ့သော ပဋိဉာာဉ်တော်။ ဣဇက်အားကျိန်ဆိုသောကတိတော်ဖြစ်၏။ 10ကိုယ်တော်သည် ၎င်းကို ယာကုပ်အတွက်ပြဠာန်းချက်အဖြစ်လည်းကောင်း၊ အစ္စရေးအတွက် အစဉ်အမြဲတည်သော ပဋိဉာာဉ်အဖြစ်လည်းကောင်း တည်စေတော်မူ၍ 11"ခါနာန်ပြည်ကို သင်တို့၏ အမွေဝေစုအဖြစ် သင့်အား ငါပေးမည်" ဟုမိန့်တော်မူ၏ 12ထိုစဉ်က သူတို့သည် အရေအတွက်အားဖြင့် အနည်းငယ်မျှသာရှိကြပြီး ထိုပြည်၌ ဧည့်သည်အဖြစ် တည်ခိုနေထိုင်သောသူများဖြစ်ကြ၏။ 13လူမျိုးတစ်မျိုးမှတစ်မျိုး နိုင်ငံတစ်နိုင်ငံမှတစ်နိုင်ငံသို လှည့်လည်သွားလာခဲ့ကြ၏။ 14သို့သော် သူတို့ကိုနှိပ်စက်ရန် ကိုယ်တော်သည် မည်သူ့ကိုမျှ ခွင့်ပြုတော်မမူ။ သူတို့အတွက် ရှင်ဘုရင်တို့ကို ဆုံးမတော်မူပြီး 15ကိုယ်တော်က "ငါရွေးချယ်ထားသည့် အစေခံတို့ကို မထိခိုက်ကြနှင့်။ ငါ၏ပရောဖက်တို့အား လက်ဖျားနှင့်ပင် မတို့ကြနှင့်" ဟုရှင်ဘုရင်တို့အား သတိပေးတော်မူ၏။ 16ကိုယ်တော်သည် သူတို့ပြည်၌ ငတ်မွတ်ခေါင်းပါးခြင်း ဘေးဆိုက်ရောက်စေတော်မူသဖြင့် စားနှပ်ရိက္ခာပြတ်လတ်သွားသောအခါ 17ကိုယ်တော်သည် ကျွန်အဖြစ်ရောင်းစားခြင်းခံရသော ယောသပ်ကို သူတို့ရှေ့မှစေလွှတ်တော်မူ၏။ 18လူတို့သည် သူ၏ခြေကို ခြေချင်းများနှင့်နာကြင်စေကြ၏။ သူ၏လည်ပင်းတွင်လည်း သံလည်ပတ်ကိုတပ်ကြ၏။ 19သူ၏စကားပြည့်စုံခြင်းသို့ရောက်သည်အထိ ထာဝရဘုရား၏မိန့်တော်မူချက်သည် သူ့ကိုစစ်ကြောတော်မူ၏။ 20ရှင်ဘုရင်သည် လူကိုစေလွှတ်၍ သူ့ကိုလွှတ်ပေး၏။ လူတို့ကိုအုပ်စိုးသူသည် သူ့ကိုချမ်းသာခွင့်ပေး၍ 21မိမိ၏နန်းတော် သခင်အဖြစ်လည်းကောင်း၊ မိမိပိုင်ဆိုင်သော ရှိသမျှအရာတို့ကို အုပ်စိုးသူအဖြစ်လည်းကောင်း သူ့ကိုခန့်ထား၏။ 22ထိုသို့ခန့်ထားခြင်းမှာ မိမိ၏အကြီးအကဲတို့ကို သူ၏စိတ်ဆန္ဒအတိုင်း ဆုံးမစေရန်နှင့် မိမိ၏သက်ကြီးဝါကြီးတို့ကို ညဏ်ပညာရှိစေရန်အတွက်ဖြစ်၏။ 23ထို့နောက် အစ္စရေးလူမျိုးတို့သည် အီဂျစ်ပြည်သို့ရောက်လာပြီး ယာကုပ်သည် ထိုပြည်၌ ဧည့်သည်အဖြစ် တည်းခိုနေထိုင်လေ၏။ 24ထို့နောက် ကိုယ်တော်သည် မိမိ၏လူမျိုးတော်ကို အလွန်ပွာများစေ၍ သူတို့၏ရန်သူများထက် ပို၍အားကြီးစေတော်မူ၏။ 25မိမိလူမျိုးတော်ကိုမုန်းစေရန်နှင့် အစေအပါးတို့အပေါ် ပရိယာယ်သုံးကြစေရန် ထိုရန်သူ၏စိတ်နှလုံးကို ပြောင်းလဲစေတော်မူ၏။ 26ကိုယ်တော်သည် မိမိအစေအပါးမောရှေနှင့် မိမိရွေးချယ်တော်မူသော အာရုန်ကို စေလွှတ်တော်မူ၏။ 27သူတို့သည် အီဂျစ်ပြည်တွင် အံ့ဖွယ်သောတန်ခိုးနှင့် နိမိတ်လက္ခဏာတို့များကို ပြကြ၏။ 28ကိုယ်တော်သည် ထိုပြည်ကို တစ်ပြည်လုံးတွင် အမှောင်ကျစေတော်မူ၏။ သို့သော် ထိုသူတို့သည် ကိုယ်တော်၏အမိန့်တော်ကို ဖီဆန့်ခဲ့ကြသည်မဟုတ်ပါလော။ 29ကိုယ်တော်သည် သူတို့၏ရေများကို သွေးဖြစ်စေ၍ သူတို့၏ငါးများကို သေစေတော်မူ၏။ 30သူတို့၏ပြည်ကိုသာမက သူတို့ရှင်ဘုရင်များ၏ အတွင်းဆောင်တို့၌ပင် ဖားများနှင့်ပြည့်နှက်စေတော်မူ၏။ 31ကိုတော်အမိန့်ပေးတော်မူသောအခါ ငှက်နှင် ယင်ရဲအုပ်တို့သည် တစ်ပြည်လုံးသို့ အုပ်လိုက်ရောက်ရှိလာကြကုန်၏။ 32ကိုယ်တော်သည် သူတို့အား မိုးရေအစား မိုးသီးကိုပေး၍ သူတို့ပြည်၌ လျှပ်စီးလျှပ်နွယ်များကို ဖြစ်ပွားစေတော်မူ၏။ 33သူတို့၏ စပျစ်ပင်များနှင့် သဖန်းပင်များကို ဖျက်စီးတော်မူ၍ သူတို့ပြည်ရှိသစ်ပင်များကိုလည်း ချိုးတော်မူ၏။ 34ကိုယ်တော်အမိန့်ပေးတော်မူသောအခါ မရေမတွက်နိုင်သောကျိုင်းကောင်နှင် နှံကောင်တို့သည် ရောက်လာ 35သူတို့ပြည်၌ ရှိသောအပင်အားလုံးကို ကိုက်စားကြ၏။ သူတို့မြေပေါ်မှ အသီးအနှံတို့ကိုလည်း ကိုက်စားကြ၏။ 36ကိုယ်တော်သည် အီဂျစ်ပြည်ရှိအိမ်ထောင်စု အပေါင်းမှ သားဦးတို့ကို သေဒဏ်ခတ်တော်မူ၏။ 37ထို့နောက် အစ္စရေးလူမျိုးတို့အား ရွေငွေများနှင့်တကွ ခေါ်ထုတ်သွားတော်မူ၏။ ထိုစဉ် ကိုယ်တော်၏လူမျိုးများတွင် အားနည်းသောသူ တစ်ယောက်မျှမရှိချေ။ 38သူတို့ထွက်ခွါသွားသောအခါ အီဂျစ်ပြည်သည် ဝမ်းမြောက်၏။ အကြောင်းမူကား သူတို့ကြောက်ရွံသောစိတ်သည် ထိုတိုင်းသူပြည်သားတို့ကို လွှမ်းမိုးခဲ့၏။ 39ကိုယ်တော်သည် သူတို့ကို အုပ်မိုးရန် မိုးတိမ်ကိုလည်းကောင်း၊ ညအချိန်တွင် အလင်းပေးရန်မီးကိုလည်းကောင်း ဖြန့်ထားတော်မ 40သူတို့တောင်းသောအခါ ကိုယ်တော်သည် ငုံးကိုယူဆောင်လာပြီး ကောင်ကင်မှမုန့်ဖြင့် သူတို့ကို ဝလင်စေတော်မူ၏။ 41ကိုယ်တော်သည် ကျောက်ဆောင်ကိုဖွင့်တော်မူသောအခါ ရေများစီးထွက်၍ ခြောက်သွေ့သောနေရာတွင် မြစ်ကဲ့သို့စီးဆင်းလေ၏။ 42အကြောင်းမူကား ကိုယ်တော်သည် မိမိအစေအပါးအာဗြဟံအားပေးထားသည့် သန့်ရှင်းမြင့်မြတ်သောကတိတော်ကို သတိရတော်မူ၏။ 43ဤသို့ဖြင့် မိမိလူမျိုးတော်ကို ရွှင်မြူးစေလျက်၊ မိမိရွေးကောက်သောသူတို့ကို ရွှင်လန်းစွာကြွေးကြော်စေလျက် ခေါ်ထုတ်တော်မူ၏။ 44ကိုယ်တော်သည် လူမျိုးခြားတို့၏ပြည်ကို သူတို့အား ပေးတော်မူသဖြင့် သူတို့သည် ထိုလူမျိုးတို့၏ ကြိုးပမ်းအားထုတ်မှုအကျိုးကို အမွေဆက်ခံရကြ၏။ 45ဤသို့ပြုတော်မူခြင်းမှာ ကိုယ်တော်၏လူစုတော်သည် ကိုယ်တော်ပေးအပ်ထားတော်မူသည် ပညတ်များကိုစောင့်ထိန်း၍ အမိန့်တော်များကို လိုက်နာကြစေရန်ပင်ဖြစ်၏။ ဘုရားရှင်အား ချီးမွမ်းထောမနာပြုကြလော့။

Currently Selected:

Psalms 105: TPV-RV

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in