YouVersion Logo
Search Icon

ရှင်မာကု 9

9
1ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်ကြီးနှင့် တပည့်တော်တို့အား “ဤနေရာ၌ရှိနေသောသူတို့ထဲမှ အချို့သည် တန်ခိုးနှင့်ပေါ်ထွန်းလာသော ဘုရားရှင်၏သာသနာတော်ကို မမြင်မီ သေရမည်မဟုတ်” ဟု မိန့်တော်မူ၏။
အဆင်း​သဏ္ဍာန် ပြောင်းလဲခြင်း
(မ၊ ၁၇:၁-၁၃။ လု၊ ၉:၂၈-၃၆)
2ထို့နောက် ခြောက်ရက်ကြာသောအခါ ကိုယ်တော်သည် ပေတရု၊ ယာကုပ်၊ ယောဟန်တို့နှင့်အတူ လူသူကင်းမဲ့သော မြင့်မားသည့်တောင်ပေါ်သို့ တက်ရောက်ကြ၏။ ထို့နောက် ကိုယ်တော်ယေရှုသည် တပည့်တော်တို့၏ရှေ့မှောက်တွင် အဆင်း​သဏ္ဍာန်ပြောင်းလဲတော်မူ၏။ 3ကိုယ်တော်၏ဝတ်ရုံတော်သည် ကမ္ဘာပေါ်ရှိ မည်သည့်ခဝါသည်မျှ ထိုကဲ့သို့ ဖြူဖွေးစေရန် မလျှော်ဖွပ်နိုင်လောက်အောင် အလွန်ဖြူစင်တောက်ပြောင်နေလေ၏။ 4ထို့နောက် အရိယာသူတော်စင်ဧလိယနှင့် မောရှေ#9:4 မောရှေ မောရှေဆိုသည်မှာ ဘုရားရှင်ထံမှ ပညတ်တော်ဆယ်ပါးကို လက်ခံရရှိခဲ့သူဖြစ်၍ ဂျူးလူမျိုးတို့ အီဂျစ်တို့၏ကျွန်ဘဝမှ လွတ်မြောက်စေပြီး ပင်လယ်နီကို နှစ်ခြမ်းခွဲစေခဲ့သော အရိယာသူတော်စင်ဖြစ်သည်။တို့သည် သူတို့၏ရှေ့၌ပေါ်လာ၍ ကိုယ်တော်ယေရှုနှင့်အတူ စကားပြောလျှက်ရှိနေကြ၏။
5ထိုအခါ ပေတရုက ကိုယ်တော်အား “ကိုယ်တော်#9:5 ကိုယ်တော်တချို့ကျမ်း၌ ဤနေရာတွင် ရဗ္ဗိဟုခေါ်ဝေါ်သုံးစွဲသည်။ ရဗ္ဗိဟူသောစကားလုံးသည် ဟေဗြဲစကားလုံးမှဆင်းသက်လာပြီး “ကျွန်ုပ်၏ကြီးမြတ်သူ” ဟု အဓိပ္ပါယ်ရပါသည်။ မာကုခရစ်ဝင်ကျမ်းအား ရေးသားခဲ့သည့်အချိန်တွင် ဤစကားလုံးအား အရေးပါသည့်ဘာသာရေးဆရာ သို့မဟုတ် ခေါင်းဆောင်တစ်ဦးအတွက် လေးစားမှုကိုပြသည့် ဂုဏ်ပုဒ်အဖြစ် အသုံးပြုခဲ့ကြပါသည်။ ဤစကားလုံးသည် ကျောင်းဆရာကိုရည်ညွှန်းခြင်းမဟုတ်ပါ။၊ ဤနေရာသည် နေချင်စဖွယ်ကောင်းသည့် အရပ်ဖြစ်ပါ၏။ ကျွန်ုပ်တို့သည် ကိုယ်တော့်အတွက် တဲတစ်ဆောင်၊ မောရှေအတွက် တဲတစ်ဆောင်နှင့် ဧလိယအတွက် တဲတစ်ဆောင်အဖြစ် တဲတော်သုံးဆောင် ဆောက်လုပ်ပေးပါရစေ” ဟုလျှောက်တင်လေ၏။ 6ပေတရုနှင့် အခြားသူတို့သည်လည်း ကြောက်လန့်နေကြသဖြင့် ပေတရုသည် မည်သို့လျှောက်ရမည်ကို မသိတော့သဖြင့် ထိုသို့လျှောက်ထားခြင်းဖြစ်၏။
7ထိုအချိန်တွင် မိုးတိမ်တိုက်ကြီးပေါ်လာပြီး သူတို့အပေါ်သို့ အုပ်မိုးကာ တိမ်တိုက်ထဲမှ “ဤသူကား ငါချစ်မြတ်နိုးရသော ငါ၏သားပင်ဖြစ်၏။ သူပြောဆိုသည်တို့ကို နာခံကြလော့” ဟုအသံတော်ထွက်ပေါ်လာ၏။
8ထို့နောက် သူတို့သည် ချက်ချင်းပင် လှည့်ပတ်ကြည့်ကြရာ အခြားသူနှစ်ဦးမရှိတော့ဘဲ ကိုယ်တော်ယေရှု တစ်ပါးတည်းသာလျှင် သူတို့နှင့်အတူ ရှိနေခဲ့သည်ကို တွေ့မြင်ကြရ၏။
9ထို့နောက် သူတို့သည် တောင်ပေါ်မှ ပြန်လည်ဆင်းလာချိန်၌ ကိုယ်တော်က တပည့်တော်တို့အား လူ့သားတော်သေရာမှ အသက်ပြန်ရှင်ချိန်မတိုင်မီအထိ သူတို့မြင်တွေ့ခဲ့ရသည်တို့ကို မည်သူ့ကိုမျှ မပြောရန် မိန့်မှာတော်မူ၏။ 10ထို့ကြောင့် တပည့်တော်တို့က ထိုအခြင်းအရာတို့ကို အခြားသူများအား မပြောဆိုကြတော့သော်လည်း ကိုယ်တော်ပြောဆိုသည့် သေခြင်းမှ အသက်ပြန်ရှင်မည်ဆိုသည့် စကားအဓိပ္ပါယ်နှင့်ပတ်သက်၍ နားမလည်နိုင်ကြဘဲ သူတို့အချင်းချင်း ပြောဆိုမေးမြန်းနေကြလေ၏။
11သူတို့က ကိုယ်တော်အား “ဧလိယသည် အရင်ဦးဆုံး လာရမည်ဟု ကျမ်းတတ်ဆရာများက အဘယ်ကြောင့် ဆိုကြပါသနည်း” ဟုမေးမြန်းကြသဖြင့်
12ကိုယ်တော်က “ဧလိယသည် အရင်ဦးဆုံးလာ၍ အရာအားလုံးကို ပြုပြင်ပေးမည်ဟုဆိုခြင်းသည် မှန်ပေ၏။ သို့ရာတွင် ကျမ်းစာ၌လည်း လူ့သားတော်သည် ဒုက္ခဝေဒနာများ ခံစားရ၍ ပစ်ပယ်ခြင်းကို ခံရမည်ဟု ရေးသားထားသည်မဟုတ်လော။ 13သင်တို့အား ငါဆိုသည်ကား ဧလိယသည် ရောက်လာခဲ့ပြီးပြီ။ သို့ရာတွင် ကျမ်းစာ၌ သူ့အကြောင်းအား ရေးသားထားသည့်အတိုင်း လူတို့သည် သူ့အား ပြုချင်သလိုပြုလုပ်ခဲ့ကြ၏” ဟု မိန့်တော်မူ၏။
မကောင်းဆိုးဝါးကို နှင်ထုတ်တော်မူခြင်း
(မ၊ ၁၇:၁၄-၂၁။ လု၊ ၉:၃၇-၄၃)
14ထို့နောက် ကိုယ်တော်နှင့်တပည့်တော်သုံးဦးတို့သည် အခြားကျန်ရှိသောတပည့်တော်များရှိရာသို့ ပြန်လည်ရောက်ရှိသောအခါ ၎င်းတို့သည် ကျမ်းတတ်ဆရာများနှင့် ငြင်းခုံနေကြပြီး များစွာသောလူအုပ်ကြီးသည် ဝိုင်းအုံနေသည်ကို မြင်တွေ့ရလေ၏။ 15စုဝေးလျက်ရှိသော လူအပေါင်းတို့သည် ကိုယ်တော်အား မြင်တွေ့ကြသောအခါ အလွန်ဝမ်းမြောက်လျက် ကိုယ်တော်ထံသို့ ပြေးသွားကြပြီး ကြိုဆိုနှုတ်ဆက်ကြလေ၏။
16ကိုယ်တော်က သူတို့အား “သင်တို့ မည်သည့်အကြောင်းကို ငြင်းခုံနေကြသနည်း” ဟုမေးတော်မူလျှင်
17လူအုပ်ထဲမှ တစ်ဦးက “ကိုယ်တော်၊ အကျွန်ုပ်၏သားကို မကောင်းဆိုးဝါးသည် ပူးဝင်၍ ဆွံ့အစေရန် ပြုလုပ်ထားသည့်အတွက် သူ့အား ကိုယ်တော့်ထံသို့ ခေါ်လာခဲ့ခြင်းဖြစ်ပါ၏။
18မကောင်းဆိုးဝါးက သူ့အား ပူးကပ်သည့်အခါတိုင်း မြေပေါ်၌ လှဲချ၍ သူ၏ပါးစပ်မှ အမြှုပ်များထွက်စေပါသည်။ အံကိုလည်း ကြိတ်စေ၍ တစ်ကိုယ်လုံး တောင့်တင်းသွားစေပါသည်။ သို့ဖြစ်ပါ၍ ကိုယ်တော်၏တပည့်များကို တောင်းပန်၍ ထိုမကောင်းဆိုးဝါးအား နှင်ထုတ်ခိုင်းသော်လည်း ထိုသူတို့သည် လုပ်ဆောင်နိုင်ခြင်းမရှိပါ” ဟုလျှောက်တင်လေ၏။
19ထိုအခါ ကိုယ်တော်ယေရှုက တပည့်တော်တို့အား “ဤမျှပင်ယုံကြည်ခြင်းကင်းမဲ့သောသူတို့၊ ငါသည် သင်တို့နှင့်အတူ အဘယ်မျှကြာအောင် ထပ်ပြီးနေရအုံးမည်နည်း။ သင်တို့အား အဘယ်မျှကြာကြာ သည်းခံရမည်နည်း။ လူငယ်ကို ငါ့ထံသို့ ခေါ်လာကြလော့” ဟု မိန့်တော်မူ၏။
20ထို့နောက် သူတို့သည် ထိုလူငယ်အား ကိုယ်တော့်ထံသို့ ခေါ်ဆောင်လာခဲ့ကြလေသည်။ ကိုယ်တော့်ကို မြင်သည်နှင့် မကောင်းဆိုးဝါးပူးကပ်နေသော ထိုလူငယ်၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် အပြင်းအထန်တုန်လှုပ်ကာ မြေပေါ်သို့လဲကျပြီး ပါးစပ်မှ အမြှုပ်များထွက်လျက် လူးလှိမ့်နေလေ၏။
21ကိုယ်တော်သည် ထိုလူငယ်၏ဖခင်အား “သူသည် ဤသို့ဖြစ်နေသည်မှာ မည်မျှကြာပြီနည်း” ဟုမေးလျှင်
ထိုသူကလည်း “ကလေးဘဝကပင် ဖြစ်ပါ၏။ 22မကောင်းဆိုးဝါးသည် သူ့အား မကြာခဏ မီးထဲ၊ ရေထဲသို့ ပစ်ချ၍ သတ်ရန်ကြိုးစားပါသည်။ ကိုယ်တော် တတ်နိုင်တော်မူလျှင် ကျွန်ုပ်တို့အား သနားကရုဏာသက်သည့်အနေဖြင့် ကူညီပေးတော်မူပါ” ဟုလျှောက်တင်လေ၏။
23ကိုယ်တော်ကလည်း “သင်ယုံကြည်နိုင်သလော။ ယုံကြည်သူအဖို့ မည်သည့်အရာကိုမဆို တတ်နိုင်၏” ဟု မိန့်တော်မူ၏။
24ထိုအခါ လူငယ်၏ဖခင်က “အကျွန်ုပ် ယုံကြည်ပါ၏။ ပို၍ ယုံကြည်လာစေရန်လည်း ကူညီမစတော်မူပါ” ဟုငိုကြွေး၍ လျှောက်တင်လေ၏။
25သူတို့ထံသို့ လာနေကြသော လူအုပ်ကြီးသည် နီးကပ်လာသဖြင့် ကိုယ်တော်က ထိုမကောင်းဆိုးဝါးအား “လူအား နားမကြား၊ စကားမပြောနိုင်အောင် ပြုလုပ်ထားသော မကောင်းဆိုးဝါး။ ဤလူငယ်ထံမှ ထွက်သွား၍ နောက်ထပ်ပြန်မလာရန် ငါအမိန့်ပေး၏” ဟုပြင်းပြင်းထန်ထန်မိန့်တော်မူ၏။
26ထိုအခါ မကောင်းဆိုးဝါးသည် အော်ဟစ်လျက် လူငယ်အား အပြင်းအထန်တုန်လှုပ်စေပြီးနောက် သူ့ထံမှ ထွက်သွားလေ၏။ လူငယ်သည်လည်း မလှုပ်မယှက် လူသေကဲ့သို့ လဲနေသောကြောင့် လူအများက “သူသေဆုံးပြီ” ဟုပြောဆိုနေကြ၏။ 27သို့သော် ကိုယ်တော်သည် လူငယ်၏လက်ကိုကိုင်လျက် သူ့ကိုထူမတော်မူရာ လူကောင်းပကတိအတိုင်း မတ်တပ်ထရပ်လေ၏။
28ထို့နောက်တွင် ကိုယ်တော်ယေရှုသည် အိမ်တစ်အိမ်၌ တပည့်တော်များနှင့်အတူ သီးသန့်ရှိနေစဉ် တပည့်တော်တို့က ကိုယ်တော်အား “ကျွန်ုပ်တို့သည် အဘယ်ကြောင့် ဤမကောင်းဆိုးဝါးအား မနှင်ထုတ်နိုင်ရပါသနည်း” ဟုမေးလျှောက်ကြသော်
29ကိုယ်တော်က “ဆုတောင်း​ခြင်းနှင့် အစာရှောင်ခြင်း နည်းလမ်းမှလွဲ၍ တခြားမည်သည့်နည်းနှင့်မှ ထိုကဲ့သို့မကောင်းဆိုးဝါးကို မနှင်ထုတ်နိုင်” ဟုမိန့်တော်မူလေ၏။
သေရမည့်အကြောင်းနှင့် အသက်ပြန်ရှင်မည့်အကြောင်းကို ဒုတိယအကြိမ်မိန့်ကြားခြင်း
(မ၊ ၁၇:၂၂-၂၃။ လု၊ ၉:၄၃-၄၅)
30ထို့နောက် ကိုယ်တော်ယေရှုသည် သူ၏တပည့်တော်များနှင့်အတူ ထိုနေရာမှ ထွက်ခွာလာပြီး ဂါလိလဲပြည်ကို ဖြတ်သန်း၍ ခရီးဆက်လေ၏။ ကိုယ်တော်သည် မည်သူ့ကိုမှ မိမိရှိနေသည့်နေရာကို မသိစေလိုခဲ့ပါ။ 31အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် သူ၏တပည့်တော်များနှင့်သာ အတူရှိချင်ပြီး သူတို့အား ဟောပြောသွန်သင်လိုသောကြောင့် ဖြစ်သည်။ ကိုယ်တော်က တပည့်တော်များအား “လူ့သားတော်သည် သူ့အား သတ်ကြမည့် လူအများ၏လက်အတွင်းသို့ အပ်နှံခြင်းခံရလိမ့်မည်။ သူသည် အသေသတ်ခံရပြီး သုံးရက်မြောက်နေ့၌ အသက်ပြန်ရှင်လိမ့်မည်” ဟုမိန့်ဆိုလေ၏။ 32တပည့်တော်တို့သည် ဤစကား၏ဆိုလိုရင်းကို နားမလည်နိုင်ကြသော်လည်း ကိုယ်တော်အား မမေးဝံ့ကြချေ။
အကြီးမြတ်ဆုံးသောသူ
(မ၊ ၁၈:၁-၅။ လု၊ ၉:၄၆-၄၈)
33ထို့နောက် ကပေရနောင်မြို့သို့ ကြွတော်မူပြီး အိမ်တစ်အိမ်၌ တပည့်တော်တို့နှင့်အတူ ရှိတော်မူစဉ် ကိုယ်တော်က တပည့်တော်တို့အား “သင်တို့ လမ်း၌ မည်သည့်အကြောင်းအရာကို အချင်းချင်းငြင်းခုံခဲ့ကြသနည်း” ဟုမေးတော်မူလျှင် 34တပည့်တော်တို့သည် နှုတ်ဆိတ်နေကြ၏။ အဘယ်ကြောင့်ဆိုသော် လမ်း၌ သူတို့ထဲတွင် မည်သူသည် အကြီးမြတ်ဆုံးဖြစ်သည် ဆိုသည့်အကြောင်းကို အချင်းချင်းငြင်းခုံခဲ့ကြသောကြောင့်ဖြစ်သည်။
35ထိုအခါ ကိုယ်တော်သည် ထိုင်တော်မူ၍ သာဝကတစ်ဆယ့်နှစ်ဦးကိုခေါ်ကာ “အကြီးမြတ်ဆုံးဖြစ်လိုသောသူသည် မိမိကိုယ်ကို အခြားသောသူများအားလုံး၏ နောက်ဆုံးဟုသတ်မှတ်၍ လူအများ၏အစေအပါးကဲ့သို့ ပြုမူရမည်” ဟု မိန့်တော်မူ၏။
36ထို့နောက် ကိုယ်တော်သည် ကလေးငယ်တစ်ဦးကို သူတို့၏အလယ်တွင် ရပ်စေပြီး ကလေးငယ်အပေါ်၌ သူ၏လက်တော်ကိုတင်၍ တပည့်တော်တို့အား 37“ငါ၏ အမည်နာမအား အမှီပြု၍ ဤကလေးငယ်ကို လက်ခံကြိုဆိုသည့်သူသည် ငါ့အားလက်ခံကြိုဆိုသည့်သူဖြစ်၏။ ငါ့အားလက်ခံကြိုဆိုသည့်သူသည်လည်း ငါ့ကိုသာမက ငါ့အားစေလွှတ်တော်မူသည့် ဘုရားရှင်အား လက်ခံကြိုဆိုသည့်သူဖြစ်၏” ဟု မိန့်တော်မူ၏။
ကိုယ်တော်ယေရှု၏ အမည်နာမတော်
(လု၊ ၉:၄၉-၅၀)
38ထို့နောက် ယောဟန်က “ကိုယ်တော်၊ ကျွန်ုပ်တို့သည် ကိုယ်တော်၏အမည်နာမနှင့် မကောင်းဆိုးဝါးအား နှင်ထုတ်နေသည့် လူတစ်ယောက်အား မြင်တွေ့ခဲ့ပါသည်။ သို့သော် ထိုသူသည် ကျွန်ုပ်တို့အဖွဲ့အတွင်းမှ မဟုတ်သောကြောင့် ကျွန်ုပ်တို့သည် သူ့အား ဤသို့မလုပ်ရန်တားမြစ်ခဲ့ပါ၏” ဟုလျှောက်တင်လေ၏။
39ထိုအခါ ကိုယ်တော်က “သူ့အား မတားကြနှင့်။ ငါ၏အမည်နာမနှင့် အံ့ဖွယ်အမှုကို ပြုလုပ်သောသူသည် ငါ့မကောင်းသတင်းအား ပြောဆိုမည့်သူမဟုတ်။ 40ငါတို့အား မဆန့်ကျင်သောသူသည် ငါတို့၏ဘက်သားဖြစ်၏။ 41တစ်စုံတစ်ဦးက သင်သည် ခရစ်တော်၏တပည့်ဖြစ်သည်ကိုထောက်၍ ရေတစ်ခွက်ပင် တိုက်ခဲ့ပါက ဤသို့ပြုလုပ်သောကြောင့် ထိုလူသည် ကောင်းကျိုးဆုလာဒ်များစွာရရှိမည်မှာ အသေအချာပင်ဖြစ်၏။”
ကိုယ်တော်ယေရှု၏သတိပေးချက်များ
(မ၊ ၁၈:၆-၉။ လု၊ ၁၇:၁-၂)
42“တစ်စုံတစ်ဦးက ငါ့ကိုယုံကြည်သူများထဲမှ တစ်ယောက်ကိုဖြစ်စေ ယုံကြည်မှုပျက်ပြား၍ အပြစ်တစ်စုံတစ်ရာပြုမိစေရန် လုပ်ဆောင်လျှင် ထိုသို့လုပ်မိသူသည် လည်ပင်း၌ လေးလံသောကျောက်တုံးကို ချိတ်ဆွဲလျက် ပင်လယ်ထဲသို့ ခုန်ချလိုက်ခြင်းသည်သာ ပို၍ကောင်းလိမ့်မည်။ 43သင့်လက်တစ်ဖက်သည် အပြစ်ဒုစရိုက်ကို ကျူးလွန်မိခဲ့လျှင် ထိုလက်အား ဖြတ်ပစ်လော့။ လက်နှစ်ဖက်အစုံပါသော်လည်း မငြိမ်းနိုင်သည့်မီးဖြစ်သော ငရဲပြည်သို့ သွားရခြင်းထက် လက်တစ်ဖက်မရှိသည့် မသန်မစွမ်းဘဝသည် ပို၍မြတ်ပေလိမ့်မည်။ 44ငရဲသို့ ရောက်သွားသူတိုင်း၏ ကိုယ်ခန္ဓာအားစားသော လောက်ကောင်များသည် မည်သည့်အခါမှမသေဆုံးနိုင်၊ လူတို့ကို လောင်မြိုက်သည့် မီးများသည်လည်း မည်သည့်အခါမှ ငြိမ်းမည်မဟုတ်။ 45ဤကဲ့သို့ပင် သင်၏ခြေတစ်ဖက်သည် အပြစ်ဒုစရိုက်ကို ကျူးလွန်မိခဲ့လျှင် ထိုခြေတစ်ဖက်အား ဖြတ်ပစ်လော့။ ခြေတစ်ဖက်မရှိဘဲ အသက်ရှင်ရသည်ထက် ခြေနှစ်ဖက်ရှိပြီး ငရဲကျရသည်က ပို၍ဆိုးဝါးလိမ့်မည်။ 46ငရဲသို့ ရောက်သွားသူတိုင်း၏ ကိုယ်ခန္ဓာအားစားသော လောက်ကောင်များသည် မည်သည့်အခါမှမသေဆုံးနိုင်၊ လူတို့ကို လောင်မြိုက်သည့် မီးများသည်လည်း မည်သည့်အခါမှ ငြိမ်းမည်မဟုတ်။ 47ထိုကဲ့သို့ပင် သင့်မျက်လုံးတစ်လုံးသည် အပြစ်ဒုစရိုက်ကို ကျူးလွန်မိခဲ့လျှင် ထိုမျက်လုံးအား ဖောက်ထုတ်လော့။ မျက်လုံးနှစ်လုံး အစုံရှိသော်လည်း ငရဲကျနေသည်ထက် မျက်လုံးတစ်လုံးမပါသော်လည်း ဘုရားရှင်၏ရွှေမြို့တော်သို့ ဝင်ရခြင်းသည် ပို၍ကောင်းပေလိမ့်မည်။ 48ငရဲသို့ ရောက်သွားသူတိုင်း၏ ကိုယ်ခန္ဓာအားစားသော လောက်ကောင်များသည် မည်သည့်အခါမှမသေဆုံးနိုင်၊ လူတို့ကို လောင်မြိုက်သည့် မီးများသည်လည်း မည်သည့်အခါမှ ငြိမ်းမည်မဟုတ်။
49ယဇ်ကောင်ကို ဆားနှင့်သန့်စင်ရသကဲ့သို့ လူတို့သည်လည်း မီးနှင့် သန့်စင်ခြင်းကို ခံကြရလိမ့်မည်။
50ဆားသည် ကောင်းမွန်၏။ သို့သော် အငံဓါတ်ပျောက်ဆုံးသွားလျှင် မည်သို့မှပြန်၍ အငံဓါတ်ရအောင် လုပ်နိုင်တော့မည်မဟုတ်။ ဆားသည် အစားအစာများအား အရသာတိုးစေသကဲ့သို့ သင်တို့သည်လည်း သူတစ်ပါးကောင်းကျိုးအတွက် ဆောင်ရွက်၍ အချင်းချင်းသင့်မြတ်စွာနေကြလော့” ဟုမိန့်တော်မူလေ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in