YouVersion Logo
Search Icon

ရှင်မာကု 10

10
ကွာရှင်းခြင်းအကြောင်း မေးခွန်း
(မ၊ ၁၉:၁-၁၂။ လု၊ ၁၆:၁၈)
1ထို့နောက် ကိုယ်တော်ယေရှုသည် ကပေရနောင်မြို့မှထွက်ခွါ၍ ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိ ယုဒပြည်သို့ သူ၏တပည့်တော်များနှင့်အတူ ကြွတော်မူလေသည်။ တဖန် လူအုပ်ကြီးသည်လည်း ကိုယ်တော်ရှိရာသို့ ရောက်ရှိလာခဲ့ကြရာ ကိုယ်တော်သည်လည်း ပြုလေ့ရှိသည့်အတိုင်း သူတို့အား ဟောပြောသွန်သင်တော်မူ၏။
2ထိုအခါ ဖာရိရှဲအချို့က ကိုယ်တော်ယေရှုအား စမ်းသပ်လိုသဖြင့် ချဉ်းကပ်လာပြီး “လင်ယောကျ်ားသည် မိမိဇနီးမယားအား ကွာရှင်းခြင်းမှာ ပညတ်တော်နှင့်ညီပါသလော” ဟုမေးလျှောက်လျှင်
3ကိုယ်တော်က ထိုသူတို့အား “မောရှေသည် သင်တို့အား မည်ကဲ့သို့ပညတ်ထားသနည်း” ဟုပြန်လည်၍မေးတော်မူ၏။
4ထိုသူတို့က “လင်ယောကျ်ားသည် မိမိဇနီးမယားအား ကွာရှင်းစာချုပ်၌ လက်မှတ်ရေးထိုး၍ ကွာရှင်းနိုင်ကြောင်းကို မောရှေမှ ခွင့်ပြုထားပါသည်” ဟုဖြေကြားလေသည်။
5ထိုအခါ ကိုယ်တော်ယေရှုက ထိုသူတို့အား “သင်တို့သည် ပြောဆိုဆုံးမရ ခက်ခဲသည့်အတွက် မောရှေသည် ထိုပညတ်ချက်အား ရေးခဲ့ခြင်းဖြစ်၏။ 6သို့သော် အစဦးဖန်ဆင်းချိန်ကတည်းကပင် ဘုရားရှင်သည် ယောက်ျားနှင့် မိန်းမကို ဖန်ဆင်းတော်မူခဲ့၏။ 7ထို့ကြောင့် လက်ထပ်ပြီးသောအခါ ယောကျ်ားသည် သူ၏မိဘများကို စွန့်ခွာ၍ ဇနီးမယားနှင့်အတူ ပေါင်းသင်းနေထိုင်ခြင်းဖြစ်၏။ 8ယောက်ျားနှင့်မိန်းမတို့သည်လည်း နှစ်ကိုယ်တစ်စိတ်ဖြစ်သွားကြ၍ လူနှစ်ဦးမဟုတ်တော့ဘဲ လူတစ်ဦးတည်းသာ ဖြစ်သွားကြ၏။ 9ဤသို့ဘုရားရှင် တွဲဖက်ပေးထားတော်မူသည်ကို အဘယ်လူသားကမှ မခွဲခွာသင့်ပေ” ဟုမိန့်တော်မူလေ၏။
10ထို့နောက် အိမ်သို့ ပြန်လည်ရောက်ရှိကြသောအခါ တပည့်တော်များက ထိုအကြောင်းအရာကို ကိုယ်တော်အား မေးမြန်းကြလေသည်။ 11ကိုယ်တော်ကလည်း “လင်ယောက်ျားတစ်ဦးသည် သူ၏ဇနီးမယားအား ကွာရှင်း၍ နောက်ထပ်အမျိုးသမီးတစ်ဦးအား လက်ထပ်ထိမ်းမြားလျှင် အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်ခြင်းဖြစ်၏။ 12ထိုကဲ့သို့ပင် ဇနီးမယားတစ်ဦးသည်လည်း သူ၏လင်ယောကျ်ားအား ကွာရှင်း၍ နောက်ထပ်အမျိုးသားတစ်ဦးအား လက်ထပ်ထိမ်းမြားလျှင် အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်ခြင်းပင်ဖြစ်၏” ဟု မိန့်တော်မူ၏။
ကလေးသူငယ်များအား ကောင်းကြီးမင်္ဂလာပေးခြင်း
(မ၊ ၁၉:၁၃-၁၅။ လု၊ ၁၈:၁၅-၁၇)
13တစ်နေ့တွင် အချို့သောမိဘများသည် သူတို့၏ကလေးငယ်များကို ကိုယ်တော်၏လက်ဖြင့်တို့ထိ၍ ကောင်းကြီးမင်္ဂလာပေးရန်အတွက် ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်များက ထိုသူတို့အား ကိုယ်တော့်ကို မနှောင့်ယှက်ရန် တားမြစ်ကြလေသည်။ 14ကိုယ်တော်ယေရှုသည် ထိုအကြောင်းအရာများကိုမြင်သောအခါ အမျက်ထွက်တော်မူပြီး တပည့်တော်တို့အား “ကလေးငယ်များအား ငါ့ထံသို့ လာခွင့်ပေးကြလော့။ မတားဆီးကြနှင့်။ ဘုရားရှင်၏သာသနာတော်၌ နေထိုင်ရမည့်သူများသည် ဤကလေးငယ်များကဲ့သို့ နှိမ့်ချတတ်၍ ယုံကြည်ခြင်းရှိသောသူများသာဖြစ်၏။ 15သင်တို့အား ငါအမှန်ဆိုမည်။ နားထောင်ကြလော့။ ဘုရားရှင်၏သာသနာတော်အား ကလေးသူငယ်များကဲ့သို့ ယုံကြည်လက်ခံခြင်းမရှိသောသူသည် ထိုသာသနာတော်ထဲသို့ ဘယ်သောအခါမျှ ဝင်ရမည်မဟုတ်” ဟုမိန့်တော်မူပြီးလျှင် 16ကလေးငယ်များကို ပွေ့ချီ၍ သူတို့၏ကိုယ်ပေါ်တွင် လက်တော်ကိုတင်ကာ ကောင်းချီးမင်္ဂလာပေးတော်မူ၏။
ချမ်းသာကြွယ်ဝသောလူတစ်ဦး
(မ၊ ၁၉:၁၆-၃၀။ လု၊ ၁၈:၁၈-၃၀)
17ထို့နောက် ကိုယ်တော်သည် တပည့်တော်များနှင့်အတူ ထိုနေရာမှ စတင်ထွက်ခွါစဉ်တွင် လူတစ်ဦးသည် ပြေးလာပြီး ကိုယ်တော်၏ရှေ့တွင် ဒူးထောက်၍ “ကောင်းမြတ်သောဆရာ၊ နိစ္စထာဝရအသက်အား ရရှိရန် ကျွန်ုပ်မည်သည်ကို ပြုလုပ်ရပါမည်နည်း” ဟုမေးလျှောက်လေသည်။
18ထိုအခါ ကိုယ်တော်က “သင်သည် ငါ့အား အဘယ်ကြောင့် ကောင်းမြတ်သည်ဟု ဆိုရသနည်း။ ဘုရားရှင်တစ်ပါးတည်းသာလျှင် ကောင်းမြတ်တော်မူ၏။ 19သူတစ်ပါးအသက်အား မသတ်ရ၊ အိမ်ထောင်ရေးမဖောက်ပြန်ရ၊ မခိုးယူရ၊ မမှန်ကန်သည့်စကား မပြောဆိုရ၊ လိမ်ညာလှည့်စားမှုမပြုရ၊ မိဘကို ရိုသေလေးစားပါဆိုသည့် ဘုရားရှင်၏ပညတ်တော်များကို သင်သိသည် မဟုတ်လော” ဟု မိန့်တော်မူ၏။
20ထိုသူကလည်း “ဆရာ၊ ကျွန်ုပ် ငယ်စဉ်ကပင် ဤပညတ်တော်များအား လိုက်နာစောင့်ထိန်းခဲ့ပါသည်” ဟုလျှောက်တင်လေရာ
21ကိုယ်တော်က သူ့အား မေတ္တာကရုဏာဖြင့် ကြည့်တော်မူ၍ “သင်ပြုလုပ်ရမည့် အရာတစ်ခုလိုသေး၏။ သင့်ဥစ္စာရှိသမျှကို ရောင်းချ၍ ဆင်းရဲနွမ်းပါးသည့်သူများအား လှူဒါန်းလော့။ ထိုသို့ပြုလျှင် သင်သည် ရွှေမြို့တော်၌ ကောင်းကျိုးချမ်းသာကို ရလိမ့်မည်။ ထို့နောက် ငါ့နောက်သို့လိုက်လော့” ဟု မိန့်တော်မူ၏။
22ထိုသူသည် အလွန်ချမ်းသာကြွယ်ဝသောသူဖြစ်သောကြောင့် ကိုယ်တော်၏စကားကို ကြားလိုက်သည်နှင့် မျက်နှာညှိုးငယ်သွားပြီး စိတ်ပျက်ဝမ်းနည်းစွာဖြင့် ထွက်ခွါသွားလေ၏။
23ထို့နောက် ကိုယ်တော်ယေရှုသည် တပည့်တော်တို့ကို လှည့်ကြည့်၍ “ချမ်းသာကြွယ်ဝသောသူတို့သည် ဘုရားရှင်၏သာသနာတော်အား ဝင်ရောက်နိုင်ရန် အလွန်ခက်ခဲလှ၏” ဟု မိန့်တော်မူ၏။
24ထိုအခါ တပည့်တော်တို့သည် ကိုယ်တော်၏စကားကြောင့် စိတ်ရှုပ်ထွေးသွားကြ၏။ သို့သော် ကိုယ်တော်က ဆက်လက်၍ သူတို့အား “တပည့်တို့၊ ဘုရားရှင်၏သာသနာတော်အား ဝင်ရဖို့ဆိုသည်မှာအလွန်ပင်ခက်ခဲလှ၏။ 25ချမ်းသာကြွယ်ဝသောသူတစ်ဦးသည် ဘုရားရှင်၏သာသနာတော်သို့ ဝင်နိုင်ဖို့ထက် အပ်နဖါးပေါက်ထဲသို့ ကုလားအုတ်တစ်ကောင်ဝင်သည်က ပို၍လွယ်ကူလိမ့်မည်” ဟုမိန့်ဆိုလေ၏။
26တပည့်တော်တို့သည်လည်း ပို၍စိတ်ရှုပ်ထွေးသွားကြပြီး “ဤသို့ဆိုလျှင် မည်သူသည် ကယ်တင်ခံရပါမည်နည်း” ဟု အချင်းချင်း ပြောဆိုကြလေသည်။
27ကိုယ်တော်က တပည့်တော်တို့အားကြည့်တော်မူ၍ သူတို့အား “လူသားများအတွက် မဖြစ်နိုင်သော်လည်း ဘုရားရှင်အတွက်မူကား အရာအားလုံး ဖြစ်နိုင်၏” ဟု မိန့်တော်မူ၏။
28ထိုအခါ ပေတရုက “ကျွန်ုပ်တို့သည်လည်း ကိုယ်တော့်နောက်သို့လိုက်ရန် အရာအားလုံး စွန့်လွှတ်ခဲ့ပြီးပါပြီ” ဟုလျှောက်တင်သဖြင့်
29ကိုယ်တော်က “သင်တို့အား ငါဆိုမည်၊ ငါ့အတွက်သော်လည်းကောင်း၊ မင်္ဂလာသတင်းကောင်းအတွက်သော်လည်းကောင်း မိမိ၏အိမ်၊ ညီအစ်ကိုမောင်နှမ၊ မိဘ၊ သားသမီး၊ မြေယာများကို စွန့်လွှတ်သောသူသည် 30ယခုဘဝ၌ ညှင်းပန်းနှိပ်စက်မှုများကို ကြုံတွေ့ရမည်ဖြစ်သော်လည်း အဆပေါင်းတစ်ရာမက အကျိုးကျေးဇူးများဖြစ်သည့် အိမ်များ၊ ညီအစ်ကိုမောင်နှမများ၊ မိဘ၊ သားသမီးများနှင့် မြေယာများကိုလည်းကောင်း၊ နောင်ကာလ၌လည်း နိစ္စထာဝရအသက်ကိုလည်းကောင်း ရရှိကြလိမ့်မည်။ 31ယခုအချိန်၌ နောက်ဆုံးရောက်နေသောသူများသည် ရှေ့ဆုံးသို့ရောက်ကြ၍ ယခုအချိန်၌ ရှေ့ဆုံးရောက်နေသောသူများသည် နောက်ဆုံးသို့ ရောက်ကြရလိမ့်မည်” ဟုမိန့်တော်မူလေ၏။
အသေခံရမည့်အကြောင်းနှင့် အသက်ပြန်ရှင်မည့်အကြောင်းကို တတိယအကြိမ်မိန့်ကြားခြင်း
(မ၊ ၂၀:၁၇-၁၉။ လု၊ ၁၈:၃၁-၃၄)
32ထို့နောက် ဂျေရုဆလင်သို့ သွားရာလမ်းတွင် ကိုယ်တော်ယေရှုသည် တပည့်တော်တို့၏ရှေ့မှ ဦးစွာကြွတော်မူသဖြင့် တပည့်တော်တို့သည် အံ့အားသင့်လျက် သူတို့၏နောက်မှ လိုက်ပါလာကြသူတို့မှာလည်း ကြောက်ရွံ့လျက်ရှိကြ၏။ ထို့နောက် ကိုယ်တော်က သာဝကတစ်ဆယ့်နှစ်ဦးကို အနားသို့ခေါ်၍ များမကြာမီ သူ့တွင် မည်ကဲ့သို့ ဖြစ်ပျက်လိမ့်မည်ဆိုသည့်အကြောင်းကို ထပ်မံ၍ မိန့်ဆိုလေ၏။ 33ကိုယ်တော်က “နားထောင်ကြလော့၊ လူ့သားတော်အား ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းတတ်ဆရာများလက်ထဲသို့ အပ်နှံခြင်းခံရမည့် ဂျေရုဆလင်မြို့သို့ ငါတို့သွားနေကြခြင်းဖြစ်၏။ သူတို့သည် လူ့သားတော်အား သေဒဏ်ပေးစီရင်ကြပြီးနောက် လူမျိုးခြားများလက်သို့ အပ်နှံကြလိမ့်မည်။ 34သူတို့သည် သူ့အား လှောင်ပြောင်ကဲ့ရဲ့ကြ၊ တံတွေးနဲ့ထွေးကြလျက် ရိုက်နှက်သတ်ပစ်ကြလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့၌ သူသည် အသက်ပြန်ရှင်လိမ့်မည်” ဟု မိန့်တော်မူ၏။
ဒုက္ခဆင်းရဲနှင့် အစေခံခြင်း
(မ၊ ၂၀:၂၀-၂၈)
35ထို့နောက် ဇေဗေဒဲ၏သားများဖြစ်ကြသော ယာကုပ်နှင့်ယောဟန်တို့သည် ကိုယ်တော်ထံသို့လာ၍ “ကိုယ်တော်၊ ကျွန်ုပ်တို့ တောင်းဆိုစရာတစ်ခုရှိပါ၏” ဟုဆိုလျှင်
36ကိုယ်တော်က သူတို့အား “သင်တို့ မည်သည်ကို အလိုရှိသနည်း” ဟု မိန့်တော်မူ၏။
37သူတို့ကလည်း “ပလ္လင်တော်၌ ဘုန်းအသရေတော်နှင့် ကိုယ်တော် အုပ်စိုးမည့်အချိန်သို့ရောက်လျှင် အကျွန်ုပ်တို့နှစ်ဦးအား ကိုယ်တော်၏လက်ဝဲဘက်၌ တစ်ဦး၊ လက်ယာဘက်၌တစ်ဦး ထိုင်ခွင့်ပေးတော်မူပါ” ဟုလျှောက်တင်ကြ၏။
38ထိုအခါ ကိုယ်တော်က “သင်တို့သည် မည်သည့်အရာအား တောင်းနေကြသည်ကို မသိကြသလော။ ငါခံရမည့်ဒုက္ခဝေဒနာအား သင်တို့ခံစားနိုင်မည်လော။ ငါကြုံရမည့် သေခြင်းတရားမျိုးကိုရော သင်တို့ခံနိုင်ကြမည်လော” ဟုမေးတော်မူ၏။
39သူတို့ကလည်း “အကျွန်ုပ်တို့ ခံယူနိုင်ပါသည်” ဟုလျှောက်တင်သဖြင့်
ကိုယ်တော်က “ငါခံရမည့်ဒုက္ခဝေဒနာအား အမှန်ပင် သင်တို့ခံကြရလိမ့်မည်။ ငါကြုံရမည့် သေခြင်းတရားမျိုးကိုလည်း အမှန်ပင် သင်တို့ကြုံကြရလိမ့်မည်။ 40သို့သော် ငါ၏လက်ယာဘက်၊ လက်ဝဲဘက်၌ မည်သူထိုင်ရမည် ဆိုသည်ကိုမူကား ငါဆုံးဖြတ်ရမည်မဟုတ်။ ဘုရားရှင်သာလျှင် ပြင်ဆင်ဆုံးဖြတ်ပေးမည်ဖြစ်၏” ဟု မိန့်တော်မူ၏။
41ထိုသို့ပြောဆိုနေကြသည်ကို ကြားသော အခြားတပည့်တော်ဆယ်ဦးတို့သည် ယာကုပ်နှင့် ယောဟန်တို့အား စိတ်ဆိုးအမျက်ထွက်ကြလေ၏။ 42ထို့ကြောင့် ကိုယ်တော်က သူတို့အားလုံးကို ကိုယ်တော်ထံသို့ခေါ်၍ “လူမျိုးခြားတို့၏ရှင်ဘုရင်များ၊ အကြီးအကဲများသည် သူတို့၏ ပြည်သူပြည်သားများအပေါ် အာဏာရှင်ဆန်ဆန် အုပ်ချုပ်စိုးစံကြသည်ကို သင်တို့သိကြသည်မဟုတ်လော။ 43သို့သော် သင်တို့မူကား ထိုသို့မပြုမူကြနှင့်။ သင်တို့ထဲမှ အကြီးအကဲဖြစ်လိုသောသူသည် အစေအပါးကဲ့သို့ ပြုမူရမည်။ 44လူအများ၏ခေါင်းဆောင်ဖြစ်လိုသောသူသည် လူတို့ကို အစေအပါးကဲ့သို့ အလုပ်အကျွေးပြုရမည်။ 45အကြောင်းမူကား လူ့သားတော်ပင်လျှင် လူတို့၏အလုပ်အကျွေးပြုခြင်းကို ခံယူရန်ကြွလာခြင်းမဟုတ်။ လူတို့အား အလုပ်အကျွေးပြုရန်နှင့် လူသားတို့အား ရွေးနှုတ်ကယ်တင်ခြင်းရစေရန် သူ့အသက်ကို စွန့်ခြင်းငှာ ကြွလာခြင်းဖြစ်သည်” ဟု မိန့်တော်မူ၏။
မျက်မမြင်တစ်ဦးအား မျက်စိပြန်မြင်စေခြင်း
(မ၊ ၂၀:၂၉-၃၄။ လု၊ ၁၈:၃၅-၄၃)
46ထို့နောက် ကိုယ်တော်နှင့်တပည့်တော်တို့သည် လူအုပ်ကြီးနှင့်အတူ ဂျေရိခေါမြို့သို့ ရောက်ရှိခဲ့ကြပြီး ထိုမြို့မှ ပြန်လည်ထွက်ခွာရာလမ်း၌ တိမဲ၏သားဖြစ်သူ ဗာတိမဲအမည်ရှိ မျက်မမြင်တစ်ဦးသည် လမ်းဘေးတွင်ထိုင်၍ တောင်းရမ်းနေလေ၏။ 47ထိုသူသည် နာဇရက်မြို့သားယေရှု ကြွလာကြောင်းကို ကြားသိရသောအခါ ကျယ်လောင်သောအသံဖြင့် “ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်အား ကယ်မသနားတော်မူပါ” ဟုဟစ်အော်လေ၏။
48လူအများက သူ့အား ထိုသို့အော်ဟစ်ခြင်းမပြုဘဲ တိတ်ဆိတ်စွာနေရန် တားမြစ်ကြသော်လည်း ထိုသူက “ဒါဝိဒ်၏သားတော်ယေရှု၊ အကျွန်ုပ်အား ကယ်မသနားတော်မူပါ” ဟုပို၍ကျယ်လောင်စွာ ဟစ်အော်ပြီး တောင်းပန်လေသည်။
49ထိုအခါ ကိုယ်တော်ယေရှုက ရပ်တန့်၍ ထိုသူကို ကိုယ်တော်ထံသို့ခေါ်လာရန် မိန့်တော်မူ၏။
လူတို့က မျက်မမြင်သူအား “အားမငယ်နှင့်။ ထလော့။ ကိုယ်တော်သည် သင့်အားခေါ်တော်မူသည်” ဟုဆိုကြရာ 50ထိုအခါ သူသည် သူ၏ဝတ်ရုံကိုချွတ်၍ လွှင့်ပစ်ခဲ့ပြီး နေရာမှထကာ ကိုယ်တော်ယေရှုထံသို့ လာလေ၏။
51ကိုယ်တော်က သူ့အား “သင်မည်သည်ကို အလိုရှိသနည်း” ဟုမေးတော်မူရာ
ထိုမျက်မမြင်က “ကိုယ်တော်၊ အကျွန်ုပ်၏မျက်စိပြန်မြင်လိုပါသည်” ဟုလျှောက်တင်လေ၏။
52ကိုယ်တော်ကလည်း “သင့်ယုံကြည်ခြင်းသည် သင့်အားကျန်းမာစေခဲ့ပြီ။ သွားလော့” ဟုမိန့်တော်မူရာ ချက်ချင်းပင် ထိုသူသည် မျက်စိပြန်မြင်သွားပြီး လမ်းမကြီးတစ်လျှောက် ကိုယ်တော်သွားရာနောက်သို့ လိုက်ပါသွားလေ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in