YouVersion Logo
Search Icon

ရှင်မာကု 7

7
ဘိုးဘေးတို့၏ထုံးတမ်းစဉ်လာများ
(မ၊ ၁၅:၁-၉)
1တစ်နေ့သောအခါ ဖာရိရှဲများနှင့် ဂျေရုဆလင်မြို့မှလာသော ကျမ်းတတ်ဆရာအချို့သည် ကိုယ်တော်ယေရှုအနီးသို့ စုဝေးရောက်ရှိလာကြ၏။ 2ထိုအချိန်၌ ကိုယ်တော်၏တပည့်တော်တို့သည် သူတို့၏လက်များကို ဆေးကြောခြင်းမပြုဘဲ အစားအစာများစားသုံးနေကြသည်ကို ထိုသူတို့သည် မြင်တွေ့ကြသောအခါ ပြစ်တင်ပြောဆိုကြ၏။ 3အကြောင်းမူကား ဖာရိရှဲများနှင့် ဂျူးလူမျိုးတို့သည် ဘိုးဘေးတို့၏ထုံးတမ်းစဉ်လာအရ သူတို့၏လက်များကို သေချာစွာ‌ဆေးကြောသန့်စင်ခြင်းမပြုဘဲ အစားအစာများကို စားသုံးခြင်းမပြုကြသောကြောင့်ဖြစ်၏။ 4သူတို့သည် ဈေးမှ ဝယ်ယူလာခဲ့သော မည်သည့်အရာကိုမဆို ဆေးကြောသန့်စင်ပြီးမှသာ အသုံးပြုကြရ၏။ ထိုကဲ့သို့ပင် ခုတင်၊ အိုးခွက်ပန်းကန်များကို ဆေးကြောသန့်စင်ခြင်းကဲ့သို့သော ထုံးတမ်းစဉ်လာစည်းကမ်းများစွာတို့ကိုလည်း သူတို့သည် တင်းကြပ်စွာ လိုက်နာကြလေ၏။
5ထို့ကြောင့် ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာတို့က ကိုယ်တော်ယေရှုအား “သင်၏တပည့်များသည် ဘိုးဘေးတို့၏ထုံးတမ်းစဉ်လာကို မလိုက်နာဘဲ အဘယ်ကြောင့် အစားအစာများကို မသန့်စင်သောလက်ဖြင့် စားသုံးနေကြသနည်း” ဟုမေးမြန်းကြ၏။
6ထိုအခါ ကိုယ်တော်က သူတို့အား “သူတော်ကောင်းယောင်ဆောင်တတ်ကြသည့် သင်တို့အကြောင်းအား အရိယာသူတော်စင် ဟေရှာယက ကြိုတင်နိမိတ်ဖတ် ဟောပြောထားခဲ့သည်မှာ မှန်လှပေ၏။
‘ဤသူတို့သည် ငါ့အား သူတို့၏နှုတ်အားဖြင့်သာ ရိုသေသမှုပြုနေကြ၍
သူတို့၏ စိတ်နှလုံး၌မူကား ငါနှင့်ဝေးကွာလှပေ၏။
7သူတို့သည် လူတို့ချမှတ်ထားသည့် ထုံးတမ်းစဉ်လာများကို ငါ၏ပညတ်တရားများအဖြစ် လူများအား သွန်သင်လျက်
ငါ့အား ဝတ်ပြုကိုးကွယ်ခြင်းသည် အချည်းနှီးသက်သက်ပင်ဖြစ်သည်’
ဟု ရေးသားခဲ့သည့်အတိုင်း 8သင်တို့သည် ဘုရားရှင်၏ပညတ်တော်ကိုပယ်၍ လူတို့၏ ထုံးတမ်းစဉ်လာကိုသာ ခံယူကျင့်သုံးနေကြ၏” ဟု မိန့်တော်မူ၏။
9ထို့နောက် ကိုယ်တော်က ထိုသူတို့အား “သင်တို့သည် ထုံးတမ်းစဉ်လာများကို ထိန်းသိမ်းဖို့အတွက်နှင့် ဘုရားရှင်၏ပညတ်တော်အား ပစ်ပယ်ကြ၏။ 10မောရှေ၏ပညတ်ကျမ်း၌ ‘မိဘတို့အပေါ် ရိုသေကြပါ’ နှင့် ‘မိဘတို့အား စော်ကားပြောဆိုသောသူတို့သည် သေဒဏ်ကျခံရမည်’ ဟုရေးသားထား၏။ 11သို့သော် သင်တို့က ‘လူတစ်ဦးသည် မိဘတို့အား “ကျွန်ုပ် သင်တို့ကို ထောက်ပံ့ရမည့်ဥစ္စာတို့သည် ဘုရားရှင်အား လှူဒါန်းသည့် လှူဖွယ်ဝတ္ထုဟုခေါ်သော ကော်ဘန်ဖြစ်ပါပြီ” လို့ပြောလျှင်ရ၏’ ဟုသင်ကြားကြ၏။ 12ဤသည်ကား လူတို့သည် သူတို့၏မိခင်၊ ဖခင်များအား ထောက်ပံ့ကူညီခြင်းကို ပြုရန်မလိုအပ်ဟု သင်တို့သင်ကြားနေကြခြင်းပင်ဖြစ်၏။ 13ဤသို့ဖြင့်သင်တို့ လက်ဆင့်ကမ်းသင်ကြားလာခဲ့သည့် ထုံးတမ်းစဉ်လာများသည် ဘုရားရှင်၏နှုတ်ကပတ်တော်များအား ပယ်ဖျက်နေခြင်းသာဖြစ်၏။ ထိုကဲ့သို့သော တခြားအမှုကိစ္စများစွာတို့ကိုလည်း သင်တို့ပြုမှု၍ နေကြလေ၏” ဟု မိန့်တော်မူ၏။
14တဖန် ကိုယ်တော်က လူထုပရိသတ်ကို စုဝေးခေါ်ယူ၍ “သင်တို့အားလုံးသည်လည်း ငါမိန့်မှာသည်များကို နားထောင်ပြီး နားလည်ရန် ကြိုးစားကြလော့။ 15လူ၏ပြင်ပမှ လူ၏အထဲသို့ ဝင်သည့်အရာတို့သည် လူတို့ကို ညစ်ညမ်းစေခြင်းမရှိ။ လူ၏အထဲမှ ထွက်လာသည့်အရာများကသာ ညစ်ညမ်းစေခြင်းဖြစ်၏။ 16နားရှိပြီး ကြားနိုင်ကြသောသူတို့၊ အာရုံစိုက်၍ နားထောင်ကြလော့” ဟု မိန့်တော်မူ၏။
17ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်ထံမှ ထွက်ခွာ၍ အိမ်တစ်အိမ်သို့ ဝင်တော်မူသောအခါ တပည့်တော်တို့သည် ကိုယ်တော်အား ထိုပုံဥပမာ၏ဆိုလိုရင်းကို မေးမြန်းကြလေ၏။ 18ကိုယ်တော်က “သင်တို့သည် ဤမျှလောက်တောင် အသိတရားကင်းမဲ့ကြသလော။ သင်တို့စားသောက်သည့် အပြင်မှအစားအစာများသည် သင်တို့အား မညစ်ညမ်းစေနိုင်။ 19အကြောင်းမူကား ထိုအရာများသည် သင်တို့၏ နှလုံးသားထဲသို့ ရောက်သွားသည်မဟုတ်ဘဲ အစာအိမ်ထဲသို့သာရောက်၍ အပြင်သို့ ပြန်ပြီး စွန့်ထုတ်လိုက်ကြသည်မဟုတ်လော” ဟု မိန့်တော်မူ၏။ ဤသို့မိန့်ဆိုခြင်းမှာ ကိုယ်တော်ယေရှုက အစားအစာအားလုံးတို့သည် စားသုံးရန် သင့်လျော်သည်ဟု ဆိုလိုခြင်းဖြစ်၏။
20ထို့နောက် ကိုယ်တော်က “သင်တို့အတွင်းမှ ထွက်လာသောအရာများသည် သင်တို့အား ညစ်ညမ်းစေ၏။ 21အကြောင်းမူကား သင်တို့၏စိတ်နှလုံးအတွင်းမှ မကောင်းသောအကြံအစည်များ၊ သူတစ်ပါးသားမယားအား ပြစ်မှားခြင်း၊ ခိုးဝှက်ခြင်း၊ လူ့အသက် သတ်ခြင်း၊ 22အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်ခြင်း၊ လောဘကြီးခြင်း၊ ကောက်ကျစ်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ ရိုင်းပြခြင်း၊ မနာလိုခြင်း၊ မာနကြီးခြင်း၊ မောဟကြီးခြင်း၊ မကောင်းမြင်စိတ်များခြင်း 23ဆိုသည့် အရာများသာလျှင် သင်တို့အား ညစ်ညမ်းစေသော အရာများဖြစ်၏” ဟုရှင်းပြတော်မူ၏။
လူမျိုးခြားအမျိုးသမီးတစ်ဦး၏ ယုံကြည်ခြင်း
(မ၊ ၁၅:၂၁-၂၈)
24ထို့နောက် ကိုယ်တော်ယေရှုသည် ထိုနေရာမှ ထွက်ခွာလာပြီး တုရုမြို့အနီးရှိအရပ်ဒေသသို့ ရောက်လေ၏။ သူသည် အိမ်တစ်အိမ်၌ တည်းခိုလျက်ရှိပြီး ထိုအကြောင်းကို မည်သူ့ကိုမျှ မသိစေလိုသော်လည်း ကွယ်ဝှက်၍မရဘဲ လူတို့သည် သိရှိသွားကြလေ၏။ 25ထို့ကြောင့် မကောင်းဆိုးဝါး ပူးကပ်ခံနေရသည့် မိန်းကလေးငယ်တစ်ဦး၏မိခင်ဖြစ်သူသည် ကိုယ်တော်၏အကြောင်းကိုကြားလျှင် ကိုယ်တော်ထံသို့ ရောက်ရှိလာပြီး ခြေတော်ရင်း၌ ဒူးထောက်တောင်းပန်လေ၏။ 26ထိုအမျိုးသမီးသည် ဆီးရီးယားနိုင်ငံ၊ ဖိုနီးရှီးယားဒေသတွင် မွေးဖွားသော ဂျူးလူမျိုးမဟုတ်သည့် ဂရိလူမျိုး လူမျိုးခြားတစ်ဦး ဖြစ်လေသည်။ သူမသည် မိမိ၏သမီးထံ ပူးကပ်နေသော မကောင်းဆိုးဝါးအား နှင်ထုတ်ပေးပါရန် ကိုယ်တော်အား တောင်းလျှောက်လေ၏။
27သို့သော် ကိုယ်တော်ယေရှုက သူမအား “ဦးစွာပထမ ငါ့လူမျိုးများဖြစ်သော ဂျူးတို့ကို ကူညီရအံ့။ သို့မဟုတ်ပါက ကလေးငယ်ထံမှ မုန့်ကိုယူ၍ ခွေးကိုကျွေးသည်နှင့်တူမည်မဟုတ်လော#7:27 မူရင်းတွင် ဤသို့ရေးသားထားသည်။ “ကလေးများအား အရင်ဆုံး ကျွေးမွေးရမည်။ ကလေးများ၏ စားစရာကို ယူ၍ ခွေးအားချကျွေးရန် မသင့်တော်ပေ”” ဟုမိန့်တော်မူလျှင်
28ထိုအမျိုးသမီးက “မှန်ပါ၏။ သို့သော်လည်း စားပွဲအောက်၌ရှိသော ခွေးများပင်လျှင် ကလေးများ၏ စားကြွင်းစားကျန်များအား စားရပါ၏” ဟုပြန်လည်ဖြေကြားသဖြင့်
29ကိုယ်တော်က သူမအား “အိမ်သို့ပြန်သွားလော့။ ဤအဖြေစကားကြောင့် သင့်သမီးကိုယ်ထဲမှ မကောင်းဆိုးဝါးသည် ထွက်သွားခဲ့လေပြီ” ဟု မိန့်တော်မူ၏။
30ထိုအမျိုးသမီးလည်း အိမ်ပြန်ရောက်သောအခါ သူမ၏သမီးတွင် မကောင်းဆိုးဝါးပူးကပ်ခြင်းမရှိတော့ဘဲ အိပ်ရာထဲတွင် ကျန်းမာစွာ လဲလျောင်းလျက်ရှိသည်ကို တွေ့ရလေ၏။
ဆွံ့အနားမကြားသူအား ကုသပေးခြင်း
31ထို့နောက် ကိုယ်တော်သည် တုရုမြို့အနီးအရပ်ဒေသမှထွက်ခွာပြီး ဇိဒုန်မြို့ကိုဖြတ်၍ ဒေကာပေါလိဒေသအတွင်းရှိ ဂါလိလဲအိုင်သို့ ရောက်တော်မူ၏။ 32ထို့နောက် လူအချို့သည် ဆွံ့အနားမကြားသူတစ်ဦးကို ကိုယ်တော်ထံသို့ ခေါ်လာပြီး ထိုသူ့ကို ကိုယ်တော်၏လက်ဖြင့် တို့ထိပေးပါရန် တောင်းပန်ကြလေ၏။
33ကိုယ်တော်သည် ထိုလူအား သီးသန့်တစ်နေရာသို့ ခေါ်ဆောင်၍ ထိုသူ၏နားနှစ်ဖက်ကို ကိုယ်တော်၏လက်ညှိုးဖြင့် တို့ထိတော်မူပြီးနောက် သူ၏လက်ကို တံတွေးဖြင့်ဆွတ်၍ ထိုသူ၏လျှာအား တို့ထိတော်မူ၏။ 34ထို့နောက် ကိုယ်တော်သည် ကောင်းကင်သို့ မှန်းမျှော်လျက် သက်ပြင်းချကာ “ဧဖသ” ဟု မိန့်တော်မူ၏။ ၎င်းမှာ “ပွင့်စေ” ဟု အဓိပ္ပါယ်ရသည်။ 35ချက်ချင်းဆိုသလိုပင် ထိုသူ၏နားသည်ပွင့်၍ လျှာသည်လည်း အနှောင်အဖွဲ့မှလွတ်သကဲ့သို့ဖြစ်ပြီး ထိုသူသည် ကောင်းမွန်စွာ စကားပြောဆိုနိုင်လေ၏။
36ကိုယ်တော်သည် လူအပေါင်းတို့အား မိမိလုပ်ဆောင်သမျှတို့ကို မည်သူ့ကိုမျှ ပြန်လည်ပြောဆိုခြင်းမပြုရန် မိန့်မှာခဲ့သော်လည်း ထိုသို့မိန့်မှာလေလေ လူအပေါင်းတို့က ထိုအကြောင်းကို ပို၍ပြောကြလေလေဖြစ်ကြ၏။ 37လူအပေါင်းတို့သည်လည်း လွန်စွာအံ့ဩဝမ်းမြောက်၍ “ကိုယ်တော်သည် အရာခပ်သိမ်းတို့အား ကောင်းစွာပြုတော်မူခဲ့ပြီ။ ဆွံ့အနားမကြားသူကိုပင် ပြန်ကြား၍ စကားပြောနိုင်အောင် ပျောက်ကင်းစေတော်မူ၏” ဟုပြောဆိုကြကုန်လေ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in