YouVersion Logo
Search Icon

ရှင်မာကု 5

5
မကောင်းဆိုးဝါးတို့ကို နှင်ထုတ်တော်မူခြင်း
(မ၊ ၈:၂၈-၃၄။ လု၊ ၈:၂၆-၃၉)
1ထို့နောက် ကိုယ်တော်ယေရှုနှင့် တပည့်တော်တို့သည် ဂါလိလဲအိုင်ကို ဖြတ်သန်း၍ တစ်ဖက်ကမ်းရှိ ဂါရစမြို့အနီးသို့ ရောက်ကြသောအခါ 2ကိုယ်တော်သည် လှေပေါ်မှဆင်း၍ ကမ်းသို့ တက်သည်နှင့် မကောင်းဆိုးဝါးပူးကပ်ခံနေရသူတစ်ဦးသည် ချက်ချင်းပင်သင်္ချိုင်းဂူများအကြားမှ ထွက်၍ ကိုယ်တော်ထံသို့ လာလေ၏။ 3ထိုသူသည် သင်္ချိုင်းဂူများအကြားတွင် နေထိုင်ပြီး သူ့အား သံကြိုးများဖြင့် အဘယ်သူကမျှ ချုပ်နှောင်ထားရန် မတတ်နိုင်ကြပေ။ 4ထိုသူအား သံကြိုး၊ သံကွင်းများဖြင့် အကြိမ်ကြိမ်ချုပ်နှောင်သော်လည်း သူသည် ခွန်အားသန်မာလှသဖြင့် သံကြိုး၊ သံကွင်းများကို ဖြတ်တောက်တတ်၏။ သူ့အား မည်သူကမျှ ယဉ်ပါးအောင် မပြုနိုင်ကြပေ။ 5သူသည် နေ့စဉ်ညစဉ်တိုင်း သင်္ချိုင်းဂူများနှင့် တောင်ကုန်းများတွင် လှည့်လည်နေလျက် အော်ဟစ်ကာ မိမိကိုယ်ကို ချွန်ထက်သောကျောက်တုံးများဖြင့် လှီးဖြတ်နေတတ်၏။
6ထိုသူသည် ကိုယ်တော်ယေရှုကို အဝေးမှလှမ်းမြင်သည်နှင့် ချက်ချင်းပြေးလာပြီး ကိုယ်တော်၏ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်လေ၏။ 7ထို့နောက် သူသည် ကိုယ်တော့်အား “အမြင့်မြတ်ဆုံးသောဘုရားရှင်၏သားတော်ယေရှု၊ အသင်သည် အကျွန်ုပ်တို့ကို မည်သို့အလိုရှိသနည်း။ အကျွန်ုပ်တို့ကို အပြစ်ပေးတော်မမူပါရန် ဘုရားရှင်ကို တိုင်တည်၍ တောင်းပန်ပါ၏” ဟုကျယ်လောင်စွာ ဟစ်အော်လေ၏။ 8ထိုသူ ဤကဲ့သို့ တောင်းပန်ရခြင်းမှာ ကိုယ်တော်က “မကောင်းဆိုးဝါး၊ ဤသူ့ထံမှထွက်လော့” ဟုမိန့်ဆိုလိုက်ခြင်းကြောင့် ဖြစ်၏။
9ထို့နောက် ကိုယ်တော်က မကောင်းဆိုးဝါးအား “သင်၏အမည် မည်သို့ခေါ်သနည်း” ဟုမေးတော်မူရာ
ထိုမကောင်းဆိုးဝါးက “အကျွန်ုပ်တို့သည် များပြားသည့်အစုအဖွဲ့ဖြစ်သည့်အတွက် လေဂေါင်ဟုခေါ်ပါသည်” ဟုပြန်လည်ဖြေကြားလေ၏။ 10ထို့နောက် မိမိအား ဤဒေသမှ အဝေးသို့ နှင်မထုတ်ရန် ကိုယ်တော်အား အကြိမ်ကြိမ် တောင်းပန်လေ၏။
11ထိုအချိန်၌ အကောင်ရေများပြားလှသော ဝက်အုပ်ကြီးသည် တောင်ကုန်းပေါ်တွင် ကျက်စားလျက်ရှိနေသဖြင့် ထိုမကောင်းဆိုးဝါးက 12“အကျွန်ုပ်တို့ကို ဝက်အုပ်ကြီးထဲသို့ ပူးဝင်ခွင့်ပြုတော်မူပါ” ဟုအသနားခံတောင်းလျှောက်ကြသောအခါ 13ကိုယ်တော်က ချက်ချင်းပင် ခွင့်ပြုတော်မူ၏။ ထိုအခါ မကောင်းဆိုးဝါးများသည်လည်း လူထဲမှထွက်၍ ဝက်အုပ်ထံသို့ ပူးဝင်သွားကြပြီး ဝက်အကောင်နှစ်ထောင်ခန့်ရှိသော ဝက်အုပ်ကြီးသည် မတ်စောက်သောကမ်းပါးပေါ်မှ အိုင်ထဲသို့ တစ်ဟုန်ထိုးပြေးဆင်း၍ ရေနစ်သေဆုံးသွားကြလေ၏။
14ဝက်ကျောင်းသောသူတို့သည် ထိုအဖြစ်အပျက်ကို မြင်လိုက်ရသောအခါ ပြေးထွက်သွားကြပြီး ထိုသတင်းအား မြို့ရွာအနှံ့တွင် ပြောဆိုကြသဖြင့် လူအပေါင်းတို့သည်လည်း ထိုအဖြစ်အပျက်များကို ကြည့်ရှုရန်အတွက် မြို့ပြင်သို့ ထွက်လာခဲ့ကြလေသည်။ 15များစွာသောလူတို့သည် ကိုယ်တော်ယေရှုထံသို့ ရောက်ရှိလာကြပြီး မကောင်းဆိုးဝါးများစွာ ပူးကပ်ခံခဲ့ရသောသူသည် စိတ်အကောင်းပကတိဖြင့် ကောင်းမွန်စွာ ဝတ်ဆင်လျက် ထိုင်နေသည်ကို မြင်ကြသောအခါ ကြောက်ရွံ့တုန်လှုပ်ကြလေ၏။ 16မြင်တွေ့ခဲ့ရသူအားလုံးတို့က ထိုမကောင်းဆိုးဝါး ပူးကပ်ခံခဲ့ရသူနှင့် ဝက်တို့တွင် မည်သို့ဖြစ်ပျက်ခဲ့သည်ဆိုသော အကြောင်းများအား ပြောဆိုနေကြပြီးနောက် 17လူအများတို့သည် ကိုယ်တော်အား မိမိတို့၏အရပ်ဒေသမှ ထွက်ခွါသွားရန် တောင်းပန်ကြလေ၏။
18ထို့နောက် ကိုယ်တော်ယေရှု လှေပေါ်သို့ တက်သောအခါ မကောင်းဆိုးဝါးများပူးကပ်ခံခဲ့ရသူက ကိုယ်တော့်နောက်သို့ အတူလိုက်ပါခွင့်ပြုရန် တောင်းလျှောက်လေ၏။ 19သို့သော် ကိုယ်တော်က လိုက်ပါခွင့်မပြုဘဲ သူ့အား “အိမ်ကိုပြန်၍ ဘုရားရှင်က သင့်အပေါ် မည်သို့မဟာကရုဏာမေတ္တာတော်ထားကာ မည်မျှကျေးဇူးပြုတော်မူခဲ့သည်ကို သင်၏မိသားစုဆွေမျိုးတို့ကို ပြောကြားလော့” ဟုမိန့်တော်မူသဖြင့် 20ထိုသူသည် ဒေကာပေါလိပြည်အနှံ့သို့သွားခဲ့ပြီး#5:20ဒေကာပေါလိပြည်သည် ပါလက်စတိုင်းနိုင်ငံ အရှေ့ပိုင်းရှိ ရှေးဟောင်းဂရိမြို့ ၁၀မြို့ကို ခေါ်ဆိုခြင်းဖြစ်သည်။ ဂါလိလဲအိုင်နှင့် ဂျော်ဒန်မြစ်အရှေ့ဘက်ရှိ ဒေသတစ်ခုဖြစ်သည်။ ကိုယ်တော်ယေရှုက သူ့အား မည်သို့ကောင်းကျိုးပြုဆောင်ရွက်ပေးခဲ့ပုံ အလုံးစုံကို ပြောကြားလေ၏။ ထိုအကြောင်းကို ကြားရသူအပေါင်းတို့လည်း အံ့ဩခြင်းရှိကြကုန်၏။
သေဆုံးသူအား အသက်ပြန်ရှင်စေခြင်းနှင့် နာတာရှည်ရောဂါသည်ကို ကျန်းမာစေခြင်း
(မ၊ ၉:၁၈-၂၆။ လု၊ ၈:၄၀-၅၆)
21နောက်ထပ်တဖန် ကိုယ်တော်ယေရှုသည် ဂါလိလဲအိုင်ကို လှေဖြင့်ဖြတ်သွားပြီး တစ်ဖက်ကမ်းစပ်တွင်ရှိနေလေရာ များစွာသောလူတို့သည် ကိုယ်တော့်အနားသို့ စုဝေးလာကြ၏။ 22ထိုအချိန်တွင် ယာဣရုအမည်ရှိ ဓမ္မာရုံတာဝန်ခံတစ်ဦးသည်လည်း ထိုနေရာသို့ ရောက်လာသောအခါ သူသည် ကိုယ်တော့်ကို မြင်သည်နှင့် ကိုယ်တော်၏ခြေရင်း၌ ဒူးထောက်လျက် 23“ကိုယ်တော်၊ အကျွန်ုပ်၏သမီးဖြစ်သူသည် သေလုမျောပါးဖြစ်နေသဖြင့် ကိုယ်တော်၏လက်တော်ဖြင့်တို့ထိကာ အသက်ရှင်စေဖို့ရန်အတွက် အကျွန်ုပ်၏အိမ်သို့ ကြွတော်မူပါ” ဟုကြိမ်ဖန်များစွာ တောင်းလျှောက်လေ၏။ 24ထို့ကြောင့် ကိုယ်တော်သည်လည်း ယာဣရု၏ခေါ်ဆောင်ရာသို့ ကြွတော်မူသဖြင့်
များစွာသောလူတို့သည်လည်း တိုးဝှေ့၍လိုက်ပါသွားခဲ့ကြရာ ကိုယ်တော်အား တွန်းမိတိုက်မိကြ၏။ 25ထိုလူအုပ်ထဲတွင် တစ်ဆယ့်နှစ်နှစ်ကြာမျှ သွေးသွန်ရောဂါခံစားနေရသော အမျိုးသမီးတစ်ဦးသည်လည်း ရှိနေလေ၏။ 26သူမသည် သမားတော်များစွာတို့နှင့် ပြသခဲ့သော်လည်း မည်သူမျှ သူမ၏ရောဂါကို ပျောက်ကင်းအောင် ကုသပေးနိုင်ခြင်းမရှိခဲ့ကြပေ။ သူမ၏စည်းစိမ်များ ကုန်သည်အထိ ဆေးကုသသော်လည်း သူမ၏ရောဂါမှာ မပျောက်ကင်းသည့်အပြင် ပိုမိုဆိုးရွားလာခဲ့လေသည်။ 27ထို့နောက် သူမသည် ကိုယ်တော့်သတင်းကိုကြားသဖြင့် လူအုပ်ထဲသို့ လိုက်ပါလာခဲ့ပြီး ကိုယ်တော်၏နောက်တော်ပါးမှ လိုက်လာလေ၏။ 28ထို့နောက် သူမသည် “ငါသည် ကိုယ်တော်၏ဝတ်ရုံကို လက်ဖြင့်တို့ထိရုံနှင့်ပင် ငါ၏ရောဂါပျောက်ကင်းသွားမည်” ဟုသူမကိုသူမဆို၍ ကိုယ်တော်၏ဝတ်ရုံစအား တို့ထိလိုက်လေ၏။ 29ထိုသို့ တို့ထိလိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် သူမ၏ခန္ဓာကိုယ်အတွင်း၌ ခံစားနေရသော သွေးသွန်ရောဂါမှာ ပျောက်ကင်းသွားသည်ကို သိလိုက်ရ၏။
30ထိုအချိန်တွင် ကိုယ်တော်ယေရှုသည် သူ့ထံမှ တန်ခိုးစွမ်းအား ထွက်သွားသည်ကို ချက်ချင်းသိလိုက်ရပြီး လူထုပရိတ်သတ်ဘက်သို့လှည့်ကာ “ငါ၏ဝတ်ရုံကို မည်သူတို့ထိသနည်း” ဟုမေးမြန်းလေသည်။
31ထိုအခါ တပည့်တော်တို့က “ကိုယ်တော်၊ ကိုယ်တော့်အနီး၌ လူပေါင်းများစွာ တိုးဝှေ့နေကြသည်ကို မြင်ပါလျက်နှင့် ကိုယ်တော့်ကို မည်သူတို့ထိသနည်းဟု အဘယ်ကြောင့်မေးပါသနည်း” ဟုလျှောက်တင်လေသည်။
32သို့သော် ကိုယ်တော်ယေရှုသည် သူ့ကို မည်သူက တို့ထိလိုက်သည်ကို မြင်နိုင်ရန် လည့်၍ကြည့်ရှုတော်မူ၏။ 33ထိုအမျိုးသမီးလည်း မိမိ၌မည်ကဲ့သို့ ဖြစ်ပျက်သည်ကို သိသဖြင့် ကြောက်ရွံ့တုန်လှုပ်ကာ ကိုယ်တော်၏ရှေ့တွင် ဒူးထောက်ပျပ်ဝပ်၍ ဖြစ်ပျက်ခဲ့သမျှကို အမှန်အတိုင်း အလုံးစုံဝန်ခံလေ၏။ 34ထိုအခါ ကိုယ်တော်သည် သူမအား “ငါ့သမီး၊ သင်၏ယုံကြည်ခြင်းသည် သင်၏ရောဂါကိုပျောက်ကင်းစေခြင်းဖြစ်၏။ သင်ခံစားရနေရသည့်ဝေဒနာမှ လွတ်မြောက်ပြီဖြစ်သောကြောင့် ငြိမ်းချမ်းစွာသွားလော့” ဟု မိန့်တော်မူ၏။
35ကိုယ်တော်သည် ထိုသို့မိန့်ကြားနေစဉ် ဓမ္မာရုံတာဝန်ခံယာဣရု၏အိမ်မှ လူအချို့ရောက်လာပြီး ယာဣရုအား “သင်၏သမီးမှာ သေဆုံးသွားခဲ့ပြီ။ ထို့ကြောင့် ကိုယ်တော့်ကို နှောင့်ယှက်ခြင်းမပြုတော့နှင့်” ဟုဆိုကြလေ၏။
36ဤသည်ကို ကြားသော် ကိုယ်တော်က ယာဣရုအား “မစိုးရိမ်နှင့်။ ယုံကြည်ခြင်းရှိလော့” ဟုမိန့်တော်မူပြီးနောက်
37ကိုယ်တော်သည် ပေတရု၊ ယာကုပ်နှင့် ယာကုပ်၏ညီအစ်ကိုဖြစ်သူယောဟန်တို့မှလွဲ၍ မည်သူ့ကိုမှ နောက်တော်သို့ လိုက်ပါခွင့်မပေးတော့ဘဲ 38ယာဣရု၏အိမ်သို့ ဆက်လက်၍သွားကြရာ ထိုအိမ်၌ လူတို့သည် အော်ဟစ်ငိုကြွေးနေသဖြင့် ဆူညံနေကြသည်ကို မြင်ရကြားရလေ၏။ 39ထို့ကြောင့် ကိုယ်တော်သည် အိမ်ထဲသို့ဝင်သွားပြီး ထိုသူတို့အား “သင်တို့ အဘယ်ကြောင့် ဝမ်းနည်းပက်လက်ငိုကြွေးနေကြသနည်း။ မိန်းကလေးငယ်သည် သေလွန်သည်မဟုတ်၊ အိပ်ပျော်နေခြင်းသာဖြစ်၏” ဟုမိန့်ဆိုသဖြင့် 40လူအများက မိန်းကလေးငယ်သေလွန်ကြောင်းကို သိကြပြီးဖြစ်သဖြင့် ကိုယ်တော်အား လှောင်ပြောင်ကြလေ၏။
သို့သော်လည်း ကိုယ်တော်သည် ထိုသူတို့အား အိမ်အပြင်သို့ထွက်စေပြီး မိန်းကလေး၏မိခင်၊ ဖခင်နှင့် တပည့်တော်သုံးဦးတို့ကို ခေါ်၍ ထိုမိန်းကလေးငယ် လဲလျောင်းသည့်အနီးသို့ သွားကြ၏။ 41ထို့နောက် ကိုယ်တော်သည် မိန်းကလေးငယ်၏လက်ကိုကိုင်၍ “တလိသကုမိ” ဟု မိန့်တော်မူ၏။ အဓိပ္ပါယ်မှာ “မိန်းကလေးငယ်၊ သင့်အားငါဆိုမည်၊ ထလော့” ဟူ၍ဖြစ်၏။ 42ဤသို့မိန့်ဆိုလိုက်သည်နှင့် ချက်ချင်းပင် ထိုတစ်ဆယ့်နှစ်နှစ်အရွယ် သေဆုံးသူမိန်းကလေးငယ်သည် မတ်တပ်ရပ်ပြီး လမ်းလျှောက်လေ၏။ ထိုနေရာ၌ ရှိနေသူတို့သည်လည်း လွန်စွာ အံ့ဩမှင်သက်ကြရလေ၏။ 43ကိုယ်တော်က ထိုသူတို့အား ဖြစ်ပျက်ခဲ့သမျှကို မည်သူ့ကိုမျှမပြောပြရန် တင်းကြပ်စွာမိန့်မှာပြီးနောက် မိန်းကလေးငယ်၏မိဘများအား သူမကို စားစရာအချို့ပေးရန် မိန့်တော်မူလေ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in