YouVersion Logo
Search Icon

ရှင်မာကု 4

4
လယ်သမားတစ်ဦး ပုံဥပမာ
(မ၊ ၁၃:၁-၉။ လု၊ ၈:၄-၈)
1တဖန် ကိုယ်တော်ယေရှုသည် ဂါလိလဲအိုင်အနီးတွင် ဟောပြောသွန်သင်တော်မူလေရာ များစွာသောလူပရိသတ်တို့သည် ကိုယ်တော်ထံသို့ စုဝေးရောက်ရှိလာကြသဖြင့် ကိုယ်တော်သည်လည်း အိုင်စပ်ရှိ လှေပေါ်သို့တက်၍ ထိုင်တော်မူ၏။ လူထုပရိသတ်တို့မူကား ကမ်းစပ်ပေါ်တွင် ရှိနေကြလေ၏။ 2ကိုယ်တော်သည် လူတို့အား 3“နားထောင်ကြလော့။ တစ်နေ့သ၌ လယ်သမားတစ်ဦးသည် မျိုးစေ့ကြဲရန်အတွက် လယ်ကွင်းထဲသို့ သွားလေ၏။ 4ထို့နောက် မျိုးစေ့ကြဲသောအခါ အချို့သောမျိုးစေ့တို့သည် လမ်းပေါ်တွင် ကျသဖြင့် ငှက်တို့သည်လာ၍ ကောက်စားလိုက်ကြ၏။ 5အချို့သောမျိုးစေ့တို့သည် မြေဆီလွှာနည်းပါးသည့် ကျောက်ခံမြေပေါ်တွင် ကျသဖြင့် အပင်များပေါက်လာသော်လည်း မြေဆီလွှာအလုံအလောက်မရှိသည့်အတွက် အမြစ်မဆွဲနိုင်ကြပေ။ 6ထို့ကြောင့် နေထွက်သောအခါ၌ အပင်ပေါက်တို့သည် အပူရှိန်ကြောင့် ခြောက်သွေ့ညှိုးနွမ်းသွားကြလေ၏။ 7အချို့သောမျိုးစေ့တို့မူကား ဆူးချုံပင်များအကြားသို့ ကျရောက်သဖြင့် အပင်များပေါက်သော်လည်း ဆူးချုံပင်များ၏လောင်းရိပ်မိ၍ အသီးမသီးနိုင်ကြပေ။ 8အချို့သောမျိုးစေ့တို့မူကား ကောင်းသောမြေဆီလွှာပေါ်တွင် ကျသဖြင့် အပင်များပေါက်လာကာ ကြီးထွားလာပြီး အသီးအနှံများ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာတိုးပွား၍ သီးပွင့်ကြလေ၏။ 9နားရှိ၍ ကြားနိုင်ကြသောသူတို့၊ အာရုံစိုက်၍ နားထောင်ကြလော့” ဟူ၍ပုံဥပမာတို့ဖြင့် များစွာဟောပြောသွန်သင်တော်မူ၏။
ပုံဥပမာများ အသုံးပြုရသော အကြောင်းရင်း
(မ၊ ၁၃:၁၀-၁၇။ လု၊ ၈:၉-၁၀)
10ထို့နောက် ကိုယ်တော်သည် သာဝကတစ်ဆယ့်နှစ်ဦးအပါအဝင် အခြားသောနောက်လိုက်များနှင့်အတူရှိနေစဉ် သူတို့သည် ကိုယ်တော့်အား ပုံဥပမာ၏အနက်အဓိပ္ပါယ်ကို မေးကြရာ 11ကိုယ်တော်က “ဘုရားရှင်၏သာသနာတော်နှင့်ဆိုင်သော လျှို့ဝှက်နက်နဲသည့်အကြောင်းအရာတို့ကို သင်တို့သိစေရန်အလို့ငှာ ငါမိန့်ဆိုခဲ့ပြီးဖြစ်၏။ သို့သော် အခြားသောသူတို့ကိုမူကား ပုံဥပမာများဖြင့်သာ ဟောကြားရ၏။ 12ဤသည်ကား ကျမ်းစာတွင်ဆိုထားသော
‘ထိုသူတို့သည် ငါပြုသည်တို့ကို မြင်သော်လည်း မသင်ယူတတ်ကြ။
ငါဟောပြောသည်တို့ကို ကြားသော်လည်း နားမလည်တတ်ကြသောကြောင့်ဖြစ်၏။
အကယ်၍ ထိုသူတို့သည် သိ၊ မြင်၊ နားလည်နိုင်ကြမည်ဆိုလျှင်
သူတို့၏အပြစ်ဒုစရိုက်များကို နောင်တရကြ၍ အပြစ်ကျူးလွန်ခြင်းကို ရပ်တန့်လိုက်ကြမည်ဖြစ်သဖြင့်
ဘုရားရှင်သည်လည်း သူတို့ကို ခွင့်လွှတ်တော်မူလိမ့်မည်ဖြစ်၏’ ဆိုသည်ကို ပြည့်စုံစေခြင်းဖြစ်သည်” ဟု မိန့်တော်မူ၏။
လယ်သမားပုံဥပမာ၏အဓိပ္ပါယ်
(မ၊ ၁၃:၁၈-၂၃။ လု၊ ၈:၁၁-၁၅)
13ထို့နောက် ကိုယ်တော်က ဆက်လက်၍ “သင်တို့သည် ဤပုံဥပမာကိုပင် နားမလည်နိုင်ကြသလော။ သို့ဆိုလျှင် အခြားသောပုံဥပမာတို့ကို အဘယ်သို့နားလည်နိုင်ကြမည်နည်း။ 14လယ်သမားကြဲလိုက်သော မျိုးစေ့ဆိုသည်မှာ ဘုရားရှင်၏တရားတော်တို့ဖြစ်၏။ 15လမ်းပေါ်တွင်ကျသောမျိုးစေ့ကဲ့သို့သောလူတို့သည် ဘုရားရှင်၏တရားတော်တို့ကို နာယူကြသော်လည်း ချက်ချင်းပင် မာရ်နတ်သည်လာ၍ သူတို့ကြားနာထားသည်တို့ကို မေ့လျော့စေရန် ဆောင်ရွက်လေ၏။ 16ကျောက်ခံမြေပေါ်တွင် ကျသောမျိုးစေ့ကဲ့သို့သောလူတို့သည် ဘုရားရှင်၏တရားတော်တို့ကို ကြားနာရသည့်အခါ၌ ချက်ချင်းပင် ဝမ်းမြောက်ဝမ်းသာလက်ခံကြ၏။ 17သို့သော် ထိုသူတို့၏စိတ်နှလုံး၌ နက်ရှိုင်းစွာအမြစ်မဆွဲသဖြင့် ခဏတာမျှသာ ယုံကြည်လက်ခံကြ၏။ ထိုသို့ ယုံကြည်ခြင်းကြောင့် သူတို့၌ အခက်အခဲနှင့် နှိပ်စက်ညှင်းဆဲခြင်းများကြုံတွေ့ရသောအခါ သူတို့၏ယုံကြည်ခြင်းသည် ချက်ချင်းပင်ကွယ်ပျောက်သွားတတ်ကြ၏။ 18ဆူးချုံပင်များအကြားသို့ကျသော မျိုးစေ့ကဲ့သို့လူတို့သည် ဘုရားရှင်၏တရားတော်တို့ကို နာကြားရသော်လည်း 19လောကီစည်းစိမ်ချမ်းသာများနှင့် အခြားသောအလိုလောဘတို့ကြောင့် စိုးရိမ်ပူပန်နေတတ်ကြသည့်အတွက် တရားတော်တို့ကို မေ့လျော့ကာ ဘုရားရှင်အလိုတော်ရှိသည်တို့ကို လုပ်ဆောင်နိုင်ခြင်းမရှိကြချေ။ 20ကျန်ရှိသည့်မြေဆီလွှာကောင်း‌ပေါ်တွင်ကျသော မျိုးစေ့ကဲ့သို့လူတို့သည်ကား တရားတော်တို့ကို နာကြားကြရသည့်အချိန်၌ ယုံကြည်လက်ခံကြကာ ဘုရားရှင်အလိုတော်ရှိသည်တို့ကိုသာ လုပ်ဆောင်ကြသည့်အတွက် အသီးအနှံများ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာပွားများကြသောအပင်နှင့်တူလေ၏” ဟုရှင်းပြတော်မူ၏။
မီးအိမ်ပုံဥပမာ
(လု၊ ၈:၁၆-၁၈)
21ထို့နောက် ကိုယ်တော်က သူတို့အား အခြားပုံဥပမာတစ်ခုကို မိန့်ဆိုသည်မှာ “သင်တို့သည် မီးအိမ်ကို ထွန်းညှိပြီးနောက် တောင်းနှင့်အုပ်၍သော်လည်းကောင်း၊ အိပ်ခုတင်အောက်မှာသော်လည်းကောင်း သိမ်းဆည်းထားတတ်ကြသလော။ မီးအိမ်ကို မီးတိုင်ပေါ်တွင် ချိတ်ဆွဲထားမှသာ အလင်းရောင် ကောင်းစွာရမည်မဟုတ်လော။ 22ထိုသို့ပင် ဆိတ်ကွယ်ရာ၌ရှိသောအရာတို့သည် လူအများရှေ့၌ ပေါ်ထွက်လာရမည်သာဖြစ်၏။ လျှို့ဝှက်လုပ်ဆောင်သောအရာတို့သည်လည်း လူတိုင်းသိလာကြရမည်သာဖြစ်၏။ 23နားရှိ၍ ကြားနိုင်ကြသောသူတို့၊ အာရုံစိုက်၍ နားထောင်ကြလော့။
24သင်တို့ကြားနာရသည်တို့ကို တွေးတောဆင်ခြင်ကြလော့။ သင်တို့ သူတစ်ပါးကို တိုင်းတာသည့်စံနှုန်းအတိုင်းပင် သင်တို့အား ပြန်လည်၍ တိုင်းတာစီရင်ခံရလိမ့်မည်။ ထိုထက်ပို၍ပင် တိုင်းတာခံရနိုင်၏။ 25တစ်စုံတရာရှိ၍ ထိုအရာကို ပွားများစေနိုင်သောသူကို ပို၍ပေးခြင်းခံရလိမ့်မည်။ သို့သော် ပွားများရန်မတတ်နိုင်သောသူထံမှ သူ၌ရှိသောအရာတို့ကိုပင် သိမ်းယူခံရလိမ့်မည်” ဟူ၍မိန့်တော်မူ၏။
မျိုးစေ့ပုံဥပမာ
26ကိုယ်တော်က ထပ်မံ၍ မိန့်ကြားသည်မှာ “ဘုရားရှင်၏သာသနာတော်ဆိုသည်ကား ဤသို့ဖြစ်၏။ လယ်သမားတစ်ဦးသည် လယ်၌ မျိုးစေ့တို့ကို ကြဲပြီးနောက် 27သူသည် နေ့၊ ည ပုံမှန်ပင် အိပ်လျက်၊ ထလျက်နေသော်လည်း မျိုးစေ့တို့သည် အညှောင့်ထွက်၍ ကြီးထွားလာလေ၏။ လယ်သမားသည်ကား မျိုးစေ့တို့ မည်သို့မည်ပုံအပင်ဖြစ်လာသည်ကို သူမသိပေ။ 28မြေကြီးသည် အလိုအလျောက်ပင် မျိုးစေ့ကို အညှောင့်ထွက်စေ၍ ရိုးတံပေါက်စေပြီး ကြီးထွားလာစေကာ အသီးအနှံသီးပွင့်လာစေ၏။ 29ထိုအသီးအနှံများ ရင့်မှည့်လာသည့်အခါ လယ်သမားသည် တံစဉ်ဖြင့် ချက်ချင်းပင် ရိတ်သိမ်းတတ်လေ၏” ဟူ၍ဖြစ်၏။
မုန်ညင်းနက်စေ့ပုံဥပမာ
(မ၊ ၁၃:၃၁-၃၂၊၃၄။ လု၊ ၁၃:၁၈-၁၉)
30ထို့နောက် ကိုယ်တော်က “ဘုရားရှင်၏သာသနာတော်သည် မည်သည်နှင့်တူသနည်း။ မည်သည့်ပုံဥပမာနှင့်နှိုင်းယှဉ်ပြရမည်နည်းမူကား၊ 31မုန်ညင်းနက်စေ့နှင့်တူ၏။ မုန်ညင်းနက်စေ့သည် မြေ၌စိုက်သောအခါ၌ အလွန်ပင်သေးငယ်လှသော်လည်း 32အပင်ပေါက်လာသောအခါ၌မူ အခြားသောမြက်ပင်တို့ထက် ကြီးမား၍ ငှက်များအသိုက်ဖွဲ့၍ နားနေလောက်သော အကိုင်းအခက်ကြီးများကို ဖြစ်စေတတ်၏” ဟုမိန့်တော်မူလေသည်။
33ထိုကဲ့သို့သော အခြားပုံဥပမာများစွာတို့ဖြင့် ကိုယ်တော်သည် လူထုပရိသတ်တို့ နားလည်နိုင်ကြသလောက် ဟောပြောသွန်သင်တော်မူ၏။ 34ကိုယ်တော်သည် ပုံဥပမာများမပါဘဲ လူတို့ကို ဟောပြောသွန်သင်တော်မမူ။ သို့သော် တပည့်တော်တို့ကိုမူကား အကြောင်းအရာအလုံးစုံကို သီးသန့်ရှင်းပြတော်မူ၏။
လှိုင်းနှင့်လေတို့ကို ငြိမ်သက်စေတော်မူခြင်း
(မ၊ ၈:၂၃-၂၇။ လု၊ ၈:၂၂-၂၅)
35ထိုနေ့ညနေခင်းတွင် ကိုယ်တော်က တပည့်တော်တို့အား “အိုင်တစ်ဖက်ကမ်းသို့ကူးကြစို့” ဟု မိန့်တော်မူ၏။ 36ထို့နောက် ကိုယ်တော်ယေရှုနှင့် တပည့်တော်တို့သည် လူအုပ်ကြီးကိုထားခဲ့၍ လှေဖြင့် တစ်ဖက်ကမ်းသို့ ဖြတ်ကူးကြလေ၏။ လူတို့သည်လည်း အခြားသောလှေများဖြင့် ကိုယ်တော်၏လှေနောက်သို့ အတူလိုက်ပါလာကြလေသည်။ 37ရုတ်တရက် လေပြင်းမုန်တိုင်းတိုက်၍ လှိုင်းကြီးလာသောကြောင့် လှေထဲတွင် ရေများ ပြည့်လာလေ၏။ 38ထိုအချိန်တွင် ကိုယ်တော်သည် လှေ၏နောက်ဖက်အပိုင်းတွင် အိပ်ပျော်လျက်ရှိသောကြောင့် တပည့်တော်များက “ကိုယ်တော်၊ အကျွန်ုပ်တို့ သေရပါတော့မည်ကို ဂရုမပြုဘဲနေပါသလော” ဟုကိုယ်တော်အားနှိုး၍ လျှောက်တင်ကြရာ
39ကိုယ်တော်ကထ၍ လှိုင်းနှင့်လေများကို “ငြိမ်လော့၊ ရပ်လော့” ဟုအမိန့်ပေးလိုက်ရာ လှိုင်းနှင့်လေတို့သည် ငြိမ်သက်သွားကြ၏။
40ထို့နောက် ကိုယ်တော်က တပည့်တော်များအား “သင်တို့သည် အဘယ်ကြောင့် ဤမျှကြောက်ရွံ့‌နေကြသနည်း။ အဘယ်ကြောင့် ယခုထိတိုင် ယုံကြည်ခြင်းမရှိကြသနည်း” ဟုမိန့်တော်မူလျှင်
41တပည့်တော်တို့သည် အလွန်ကြောက်ရွံ့လျက် “ဤသူသည် အဘယ်သို့သောသူနည်း။ လှိုင်းနှင့်လေတို့သည်ပင် သူ၏အမိန့်ကို နာခံကြပါသည်တကား” ဟုအချင်းချင်းပြောဆိုကြ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in