YouVersion Logo
Search Icon

ရှင်မာကု 2

2
လေဖြတ်သူကို ကုသပေးတော်မူခြင်း
(မ၊ ၉:၁-၈။ လု၊ ၅:၁၇-၂၆)
1ရက်အနည်းငယ်ကြာပြီးသောအခါ ကိုယ်တော်ယေရှုသည် တပည့်တော်များနှင့်အတူ ကပေရနောင်မြို့သို့ ပြန်ကြွတော်မူ၏။ ထိုမြို့မှ လူများသည်လည်း ကိုယ်တော်ပြန်ရောက်နေသည့်သတင်းကို ကြားသိခဲ့ကြလေ၏။ 2ထို့ကြောင့် များစွာသောလူတို့သည် ကိုယ်တော့်ထံသို့ စုဝေးကာရောက်ရှိလာကြသည့်အတွက် အိမ်ထဲတွင် လူများဖြင့် ပြည့်နေသည့်အပြင် အိမ်တံခါးအပြင်ဘက်အထိ နေရာလွတ်မရှိခဲ့ပေ။ ကိုယ်တော်ကလည်း ထိုလူထုပရိသတ်တို့အား ဘုရားရှင်၏မင်္ဂလာသတင်းကောင်းကို ဟောပြောသွန်သင်တော်မူလေ၏။ 3ထိုအချိန်တွင် လူလေးဦးသည် လေဖြတ်နေသူတစ်ဦးကို ထမ်း၍ ကိုယ်တော်ထံသို့ လာကြ၏။ 4များစွာသောလူတို့သည် စုဝေးလျက်ရှိနေသဖြင့် သူတို့သည် ထိုလေဖြတ်နေသူအား ကိုယ်တော့်ထံသို့ ခေါ်ဆောင်သွားနိုင်ခြင်းမရှိကြချေ။ ထို့ကြောင့် သူတို့သည် အိမ်ခေါင်မိုးကိုခွာ၍ ထိုအပေါက်မှတဆင့် လေဖြတ်နေသူအား ဖျာဖြင့်ပတ်ကာ ကိုယ်တော်ရှိရာသို့ ဖြည်းညှင်းစွာလျှောချလေ၏။ 5ကိုယ်တော်သည် ထိုသူတို့၏မိမိအပေါ် ယုံကြည်ခြင်းကိုမြင်တော်မူသောအခါ ထိုလေဖြတ်နေသူအား “မိတ်ဆွေ၊ သင်၏အပြစ်ဒုစရိုက်တို့ကို ခွင့်လွှတ်လိုက်ပြီ” ဟု မိန့်တော်မူ၏။
6သို့သော် ထိုနေရာတွင် ထိုင်လျက်ရှိနေသော ကျမ်းတတ်ဆရာများက 7“ဤသူသည် အဘယ်ကြောင့် ဤသို့ပြောရသနည်း။ ဘုရားရှင်သာလျှင် အပြစ်ဒုစရိုက်ကို ခွင့်လွှတ်ပေးနိုင်၏။ ဤသူသည် သူ့ကိုယ်သူ ဘုရားဟုထင်နေသလော” ဟုသူတို့၏စိတ်ထဲ၌ ဝေဖန်နေကြ၏။
8ကိုယ်တော်ကလည်း ထိုသူတို့၏စိတ်ထဲ၌ မည်ကဲ့သို့ တွေးတောနေသည်ကို ချက်ချင်းပင်သိတော်မူ၍ သူတို့အား “သင်တို့ အဘယ်ကြောင့် ဤကဲ့သို့ တွေးတောနေကြသနည်း။ 9လေဖြတ်နေသောသူကို ‘သင်၏အပြစ်ဒုစရိုက်များကို ခွင့်လွှတ်လိုက်ပြီ’ ဟုဆိုသည်နှင့် ‘ထလော့၊ သင်၏ဖျာကိုကောက်ပြီး လမ်းလျှောက်လော့’ ဟုဆိုခြင်းတွင် မည်သည်က ပို၍လွယ်ကူသနည်း။ 10သို့သော် ကမ္ဘာပေါ်၌ရှိသော အပြစ်ဒုစရိုက်တို့ကို ခွင့်လွှတ်ပေးနိုင်သော အခွင့်အာဏာသည် လူ့သားတော်#2:10 လူ့သားတော်ဆိုသည်မှာ ဓမ္မဟောင်းကျမ်းတွင် အကြိမ်များစွာ ဖော်ပြပါရှိပြီး ခရစ်တော်က မိမိကိုယ်မိမိ တင်စားပြီးခေါ်ပါသည်။ (ဒံယေလ ၇:၁၃၊ ဆာလံကျမ်း ၈:၄)၌ရှိသည်ကို သင်တို့သိစေခြင်းငှာ” ဟုမိန့်ဆိုပြီးနောက် လေဖြတ်နေသူအား 11“သင့်အားငါဆိုမည်။ ထလော့။ သင့်ဖျာကို ကောက်၍ အိမ်သို့ပြန်လော့” ဟု မိန့်တော်မူ၏။ 12ထိုအခါ လေဖြတ်နေသူသည် ချက်ချင်းထကာ ဖျာကိုကောက်ယူ၍ လူအားလုံးရှေ့၌ပင် ထွက်ခွာသွားလေသဖြင့် မြင်ရသောလူအပေါင်းတို့သည်လည်း အံ့ဩမှင်သက်လျက် ဘုရားရှင်၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကာ “ငါတို့သည် ဤကဲ့သို့သောအဖြစ်မျိုးကို တစ်ခါမျှမမြင်ဖူးပါ” ဟုပြောဆိုကြလေ၏။
လေဝိကို ခေါ်တော်မူခြင်း
(မ၊ ၉:၉-၁၃။ လု၊ ၅:၂၇-၃၂)
13ထို့နောက် ကိုယ်တော်ယေရှုသည် ကပေရနောင်မြို့မှထွက်ခွာပြီး ဂါလိလဲကမ်းခြေသို့ နောက်တစ်ကြိမ် ပြန်လည်ကြွရောက်တော်မူသောအခါ များစွာသောလူထုပရိတ်သတ်တို့သည်ကိုယ်တော်ထံသို့ စုရုံးရောက်ရှိလာကြသဖြင့် ကိုယ်တော်သည် သူတို့အား ဟောပြောသွန်သင်တော်မူလေ၏။ 14ကိုယ်တော်သည် လမ်းလျှောက်၍ ကြွတော်မူနေစဉ် အခွန်ကောက်ခံသည့်နေရာတွင် ထိုင်နေသည့် အာလဖဲ၏သားဖြစ်သူ လေဝိ#2:14 လေဝိဆိုသည်မှာ ဂျူးလူမျိုးတစ်ဆယ့်နှစ်နွယ်ထဲမှ ဆင်းသက်လာသော လေဝိအနွယ်ဝင်တစ်ဦးဖြစ်သည်။ သူသည်ရောမအင်ပါယာအတွက် အခွန်ကောက်ခံသူ (မဿဲ)ဖြစ်သည်။ကို မြင်သဖြင့် သူ့အား “ငါ၏တပည့်တော်အဖြစ်ငါ၏နောက်သို့လိုက်ခဲ့လော့” ဟု မိန့်တော်မူ၏။ ထိုအခါ လေဝိသည်လည်း ထိုင်ရာမှထ၍ ကိုယ်တော်ယေရှု၏ နောက်တော်သို့လိုက်လေ၏။
15ထို့နောက် ကိုယ်တော်ယေရှုနှင့် တပည့်တော်များသည် နောက်တော်သို့ လိုက်ပါလာကြသည့် များပြားလှသော အခွန်ကောက်သူများ၊ အပြစ်ဒုစရိုက်သမားများနှင့်အတူ လေဝိ၏အိမ်၌ အစားအစာများ သုံးဆောင်ကြလေ၏။ 16ဤကဲ့သို့ ကိုယ်တော်ယေရှုသည် အခွန်ကောက်သူများ၊ အပြစ်ဒုစရိုက်သမားများနှင့်အတူ စားသောက်နေသည်ကို ဖာရိရှဲတို့ထဲမှ#2:16 ဖာရိရှဲဆိုသည်မှာ ဂရိဘာသာစကား (Pharisaios သီးခြားခွဲနေကြသူများ) ဟေဘရူးဘာသာစကားဖြင့် ခွဲခွါသူ၊ သီးသန့်နေထိုင်သူ ဟုအဓိပ္ပာယ်ရပါသည်။ ယေရှုခရစ်တော်ကာလ၌ ၎င်းတို့သည် ဘာသာရေးအာဏာရအဖွဲ့အစည်းတစ်ခုအဖြစ် အခိုင်အမာရပ်တည်ခဲ့ကြပြီး နဂိုဦးတည်ချက်မှ ကွဲလွဲကာ နောက်ပိုင်းတွင် ဘာသာရေးဟန်ဆောင်ကိုင်းရှိုင်းသူများဖြစ်လာခဲ့ကြသည်။ ကျမ်းတတ်ဆရာများမြင်သောအခါ “ဤသူသည် အဘယ်ကြောင့် အခွန်ကောက်သူများ၊ အပြစ်ဒုစရိုက်သားများနှင့်အတူ စားသောက်နေသနည်း” ဟုကိုယ်တော်၏တပည့်တော်များအား မေးကြ၏။
17ကိုယ်တော်ကလည်း ထိုစကားကို ကြားတော်မူလျှင် “ကျန်းမာသူသည် ဆေးဆရာကို လိုအပ်ခြင်းမရှိတတ်။ မကျန်းမာသူတို့သည်သာ လိုအပ်ကြ၏။ ဤကဲ့သို့ပင် ငါသည်လည်း မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုဆိုသောသူတို့အတွက် လာခြင်းမဟုတ်။ အပြစ်ဒုစရိုက်သားတို့ နောင်တသံဝေဂရစေဖို့ရန်အတွက်သာ လာခြင်းဖြစ်၏” ဟု မိန့်တော်မူ၏။
အစာရှောင်ဥပုသ်စောင့်ခြင်းနှင့်ဆိုင်သော မေးခွန်း
(မ၊ ၉:၁၄-၁၇။ လု၊ ၅:၃၃-၃၉)
18တစ်နေ့သ၌ ရေနှစ်မင်္ဂလာဆရာယောဟန်၏နောက်လိုက်များနှင့် ဖာရိရှဲများသည် အစာရှောင်ဥပုသ်စောင့်လျက် နေကြ၏။ ထိုအချိန်တွင် လူတစ်ချို့သည် ကိုယ်တော်ထံသို့လာ၍ “ယောဟန်၏နောက်လိုက်များနှင့် ဖာရိရှဲတို့၏နောက်လိုက်များသည် အစာရှောင်ဥပုသ်စောင့်ကြလျက် ကိုယ်တော်၏တပည့်တော်တို့သည် အဘယ်ကြောင့်ထိုသို့ မပြုကြသနည်း” ဟုမေးကြရာ
19ကိုယ်တော်က “မင်္ဂလာဆောင်ပွဲခန်းမကို လာသည့် သတို့သား၏မိတ်ဆွေတို့သည် သတို့သားနှင့်အတူရှိနေချိန်၌ အစာရှောင်ကြမည်မဟုတ်။ 20သို့သော် သတို့သားကို သူတို့ထံမှ ခေါ်ဆောင်သွားသည့်အချိန်ရောက်လျှင်မူကား ထိုသူတို့သည် အစာရှောင်ကြလိမ့်မည်။
21အဝတ်ဟောင်း၏အပေါက်အပြဲကို ပိတ်စအသစ်ဖြင့် မည်သူမျှ ဖာထေးလေ့မရှိ။ ထိုသို့ပြုလျှင် ပိတ်စအသစ်သည် ရုန်းသဖြင့် အဝတ်ဟောင်းသည် ပို၍ပေါက်ပြဲသွားလိမ့်မည်။ 22စပျစ်ရည်အသစ်ကိုလည်း သားရေဗူးအဟောင်းထဲသို့ မည်သူမျှ ထည့်လေ့မရှိကြ။ ထိုသို့ပြုလျှင် စပျစ်ရည်အသစ်သည် သားရေဗူးအဟောင်းကို ပေါက်ပြဲစေသဖြင့် စပျစ်ရည်များ ယိုထွက်ကာ သားရေဗူးသည်လည်း ပျက်စီးသွားလိမ့်မည်။ ထို့ကြောင့် စပျစ်ရည်အသစ်ကို သားရေဗူးအသစ်ထဲသို့သာ ထည့်တတ်ကြ၏” ဟုမိန့်ဆိုလေ၏။
ဥပုသ်နေ့၏အရှင်သခင်
(မ၊ ၁၂:၁-၈။ လု၊ ၆:၁-၅)
23ဥပုသ်နေ့တစ်ရက်တွင် ကိုယ်တော်ယေရှုနှင့် တပည့်တော်များသည် စပါးခင်းတစ်ခုကို ဖြတ်သန်း၍သွားနေစဉ် စပါးနှံများကို တပည့်တော်များက ခူးယူစားသောက်ကြသဖြင့် 24ဖာရိရှဲတို့ကလည်း “ဤသူတို့သည် ဥပုသ်နေ့၌ မပြုအပ်သောအမှုကို အဘယ်ကြောင့်ပြုကြသနည်း” ဟုမေးကြ၏။
25ကိုယ်တော်ကလည်း သူတို့အား “ငတ်မွတ်သောအချိန်၌ ဘုရင်ဒါဝိဒ်နှင့် သူ့နောက်လိုက်တို့သည် မည်သည့်အရာကို ပြုခဲ့ကြသည်ကို ကျမ်းစာ၌ သင်တို့မဖတ်ဖူးကြသလော။ 26အကြီးဆုံးပုရောဟိတ်#2:26 အကြီးဆုံးပုရောဟိတ် ပုရောဟိတ်များထဲတွင် တစ်ဦးတည်းသာရှိသည့်အကြီးဆုံးသော ပုရောဟိတ်အကြီးအကဲ။အဗျာသာလက်ထက်တွင် ဘုရင်ဒါဝိဒ်သည် ငတ်မွတ်သောကြောင့် ဘုရားရှင်၏အိမ်တော်သို့ ဝင်၍ ပုရောဟိတ်တို့သာ စားခွင့်ရှိသောမုန့်တို့ကို သူကိုယ်တိုင်စားရုံမက သူ၏နောက်လိုက်တို့ကိုလည်း ကျွေးခဲ့သည်မဟုတ်လော။
27ဘုရားရှင်သည် လူတို့အတွက် ဥပုသ်နေ့ကို သတ်မှတ်ပေးထားခြင်းဖြစ်၏။ ဥပုသ်နေ့အတွက် လူတို့ကို ဖန်ဆင်းထားတော်မူခြင်းမဟုတ်။ 28သို့ဖြစ်၍ လူ့သားတော်ဖြစ်သည့်ငါသည် ဥပုသ်နေ့၏အရှင်သခင်ဖြစ်၏” ဟု မိန့်တော်မူ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in