YouVersion Logo
Search Icon

ရှင်မာကု 1

1
မေရှိယ၏ရှေ့တော်ပြေး
(မ၊ ၃:၁-၁၂။ လု၊ ၃:၁-၁၈။ ယော၊ ၁:၁၉-၂၈)
1ဘုရားရှင်၏သားတော် ယေရှုခရစ်တော်အကြောင်း မင်္ဂလာသတင်းအစမှာ ဤသို့ဖြစ်၏။ 2အရိယာသူတော်စင်ဟေရှာယကျမ်းတွင် “ဘုရားရှင်က ဤသို့ဆို၏။
‘ကြည့်ရှုလော့။ သင်၏လမ်းကို ပြင်ဆင်ပေးရန်#1:2 လမ်းကို ပြင်ဆင်ပေးရန် အမှန်စင်စစ် လမ်းကို ပြင်ဆင်ခြင်းမျိုးမဟုတ်ဘဲ အရှင်လာမည့်အတွက် လူတို့အား အဆင်သင့်ဖြစ်စေရန် ပြင်ဆင်ထားခြင်းကိုရည်ညွှန်းပါသည်။ ငါ၏စေတမန်ကို အလျင်ဦးစွာ ငါစေလွှတ်မည်။
3ထိုသူသည် တောကန္တာရထဲတွင် လှည့်လည်၍
“အရှင်ကြွလာမည့်လမ်းကို အဆင်သင့်ပြင်ဆင်ကြလော့၊
သူ၏လမ်းကို ဖြောင့်ဖြူးစေကြလော့” ဟူ၍ ဟစ်ကြွေးမည်’”
ဟူ၍ ရေးသားထားသည်နှင့်အညီ 4ရေနှစ်မင်္ဂလာဆရာယောဟန်သည် ပေါ်လာ၍ တောကန္တာရ၌ လူတို့အား ရေနှစ်မင်္ဂလာပြုပေးလျက် မိမိတို့၏အပြစ်ဒုစရိုက်များကို ခွင့်လွှတ်ခြင်းရရန်အတွက် နောင်တသံဝေဂရကြဖို့ရန် လှည့်လည်၍ ဟောပြောလေ၏။ 5ထို့ကြောင့် ဂျေရုဆလင်မြို့သားများမှစ၍ ယုဒပြည်သူပြည်သားအပေါင်းတို့သည် ယောဟန်ထံသို့ လာရောက်၍ မိမိတို့၏အပြစ်ဒုစရိုက်များကို ဝန်ခံကြပြီး ဂျော်ဒန်မြစ်တွင် ရေနှစ်မင်္ဂလာခံယူကြလေ၏။ 6ယောဟန်သည် ကုလားအုတ်အမွေးဖြင့် ရက်လုပ်ထားသောဝတ်ရုံကို ခြုံ၍ ခါး၌ သားရေခါးပန်းကို စည်းကာ ကျိုင်းကောင်#1:6 ကျိုင်းကောင် ပုရစ်နှင့်ဆင်တူသော ပိုးမွှားတစ်မျိုးဖြစ်ပါသည်။နှင့် ပျားရည်ကိုသာ စားသုံးလျက်နေ၏။ 7ယောဟန်က လူတို့အား “ငါ့ထက်ပို၍ ကြီးမြတ်သောသူ ရောက်လာလိမ့်မည်။ ငါသည် သူ၏ဖိနပ်ကြိုးကိုပင် ဖြုတ်ပေးဖို့ရန် မထိုက်တန်ပေ။ 8ငါသည် သင်တို့ကို ရေဖြင့် နှစ်ခြင်းမင်္ဂလာပေးသော်လည်း ထိုသူသည်ကား သင်တို့ကို ဉာဏ်အလင်းတော်#1:8 ဉာဏ်အလင်းတော် အဖဘုရား၊သားတော်ယေရှု၊ ဉာဏ်အလင်းတော်ဆိုသည့်သုံးပါးတစ်ဆူထဲမှ တစ်ပါးဖြစ်သည်။ဖြင့် နှစ်ခြင်းမင်္ဂလာပေးလိမ့်မည်” ဟုဟောပြောလေ၏။
ရေနှစ်မင်္ဂလာခံယူတော်မူခြင်း
(မ၊ ၃:၁၃-၁၇။ လု၊ ၃:၂၁-၂၂။ မ၊ ၄:၁-၁၁။ လု၊ ၄:၁-၁၃)
9ထိုနေ့ရက်များတွင် ကိုယ်တော်ယေရှုသည် ဂါလိလဲပြည်နာဇရက်မြို့#1:9 နာဇရက်မြို့ ကိုယ်တော်ယေရှု ကြီးပြင်းသောနေရာဖြစ်သည်။ မှ ကြွလာ၍ ဂျော်ဒန်မြစ်တွင် ယောဟန်ထံ၌ ရေနှစ်မင်္ဂလာခံယူတော်မူ၏။ 10ရေနှစ်မင်္ဂလာခံယူပြီး ရေမှထသည်နှင့် ကောင်းကင်သည် ဟင်းလင်းပွင့်၍ ဉာဏ်အလင်းတော်သည် ချိုးငှက်အသွင်ဖြင့် ကိုယ်တော်ယေရှုအပေါ်သို့ ဆင်းသက်တော်မူသည်ကို မြင်ရ၏။ 11ကောင်းကင်မှလည်း “သင်သည် ငါချစ်မြတ်နိုးတော်မူသော ငါ၏သားဖြစ်၏။ ငါသည် သင့်အား လွန်စွာနှစ်သက်အားရတော်မူ၏” ဟူ၍ ဘုရားရှင်၏အသံတော်ထွက်ပေါ်လာလေ၏။
12ထိုခဏချင်းတွင် ဉာဏ်အလင်းတော်သည် ကိုယ်တော်ယေရှုကို တောကန္တာရထဲသို့ သွားစေလေသဖြင့် 13ကိုယ်တော်သည် တောကန္တာရထဲတွင် ရက်ပေါင်းလေးဆယ်မျှနေလျက် မာရ်နတ်၏သွေးဆောင်ဖြားယောင်းခြင်းကို ခံတော်မူ၏။ ထိုအရပ်၌ သားရဲတိရစ္ဆာန်များလည်းရှိသော်လည်း နတ်ဒေဝါ#1:13 နတ်ဒေဝါ ဘုရားထံတော်မှ လာသောနတ်ကောင်းနတ်မြတ် တို့က ကိုယ်တော်အား လုပ်ကျွေးစောင့်ရှောက်ကြ၏။
တံငါသည်လေးဦးကို ခေါ်တော်မူခြင်း
(မ၊ ၄:၁၂-၂၂။ လု၊ ၄:၁၄-၁၅၊ ၅:၁-၁၁)
14ရေနှစ်မင်္ဂလာဆရာယောဟန် ဖမ်းဆီးထောင်ချခံရပြီးနောက် ကိုယ်တော်ယေရှုသည် ဂါလိလဲပြည်သို့ ကြွတော်မူ၍ ဘုရားရှင်၏မင်္ဂလာသတင်းကောင်းကို ဟောကြားတော်မူ၏။ 15ကိုယ်တော်က လူတို့အား “ဘုရားရှင်၏သာသနာတော်ပေါ်ထွန်းရန် အချိန်နီးကပ်လာပြီဖြစ်၍ နောင်တသံဝေဂရကာ မင်္ဂလာသတင်းကောင်းကို ယုံကြည်ကြလော့” ဟုဟောပြောတော်မူ၏။
16ထို့နောက် တစ်ရက်၌ ကိုယ်တော်ယေရှုသည် ဂါလိလဲအိုင်ကမ်းစပ်နားတွင် ကြွတော်မူစဉ် တံငါသည်များဖြစ်ကြသော ရှိမုန်နှင့် သူ၏ညီအန္ဒြေတို့သည် ငါးဖမ်းရန် ပိုက်ကွန်ဖြန့်ချနေသည်ကို မြင်တော်မူလျှင် 17ထိုသူတို့အား “လာကြလော့၊ ငါ့နောက်သို့လိုက်ကြလော့။ သင်တို့သည် ငါးဖမ်းမည့်အစား လူတို့ကို စုဝေးစေပြီး ငါ၏နောက်လိုက်တပည့်တော်များ ဖြစ်စေဖို့ရန် ဆောင်ရွက်ကြရမည်” ဟု မိန့်တော်မူ၏။ 18ထိုသူတို့သည်လည်း ပိုက်ကွန်ကို ချက်ချင်းပင် စွန့်ပစ်ထားခဲ့၍ ကိုယ်တော့်နောက်သို့ လိုက်လာကြ၏။
19ထိုမှဆက်လက်၍အနည်းငယ်ကြွတော်မူလျှင် ဇေဗေဒဲ၏သားများဖြစ်ကြသော ယာကုပ်နှင့် သူ၏ညီယောဟန်တို့ကို လှေပေါ်တွင် ပိုက်ကွန်အား ဖာထေးနေကြသည်ကို မြင်တော်မူသဖြင့် 20ကိုယ်တော်က ချက်ချင်းပင် သူတို့အား နောက်တော်သို့လိုက်ပါရန် ခေါ်လေရာ ထိုသူတို့သည် ဖခင်ဖြစ်သူဇေဗေဒဲနှင့် လူငှားများကို လှေနှင့်အတူ စွန့်ထား၍ ကိုယ်တော့်နောက်သို့ လိုက်ကြလေ၏။
မကောင်းဆိုးဝါးကို နှင်ထုတ်တော်မူခြင်း
(လု၊ ၄:၃၁-၃၇)
21ထို့နောက် ကိုယ်တော်သည် တပည့်တော်များနှင့်အတူ ကပေရနောင်မြို့သို့ ကြွတော်မူ၏။ ဥပုသ်နေ့#1:21 ဥပုသ်နေ့ ဥပုသ်နေ့သည် ဂျူးလူမျိုးများအတွက် ရက်သတ္တပတ်၏နောက်ဆုံးနှင့် ခုနှစ်ရက်မြောက်နေ့ဖြစ်သည်။ ဥပုသ်နေ့သည် ဂျူးလူမျိုးများအနားယူပြီး ဘုရားရှင်ကို ဝတ်ပြုကိုးကွယ်သောနေ့ဖြစ်သည်။ မောရှေ၏ပညတ်ကျမ်းအရ ဂျူးလူမျိုးများသည် ထိုနေ့တွင် မည်သည့်အလုပ်မျှမလုပ်ရပါ။ (တရားဟော 5:12-15)။သို့ရောက်သော် ဂျူးလူမျိုးတို့၏ဓမ္မာရုံ#1:21 ဓမ္မာရုံ ဂျူးလူမျိုးတို့ စုဝေး၍ ဝတ်ပြုဆုတောင်းရာ တရားဇရပ်/အိမ်။၌ လူတို့အား ဟောပြောသွန်သင်တော်မူ၏။ 22လူထုပရိသတ်တို့သည်လည်း ကိုယ်တော်၏သွန်သင်ချက်များကို အလွန်အံ့ဩချီးမွမ်းကြလေ၏။ အကြောင်းမူကား ကျမ်းတတ်ဆရာများဟောကြားသည်နှင့်မတူဘဲ အခွင့်အာဏာရှိသောသူကဲ့သို့ ဟောပြောသွန်သင်သောကြောင့်ဖြစ်၏။ 23ထိုသို့ဟောပြောသွန်သင်နေစဉ် မကောင်းဆိုးဝါးပူးကပ်ခံနေရသူတစ်ဦးသည် ဓမ္မာရုံအတွင်းသို့ ဝင်လာပြီးလျှင် ထိုမကောင်းဆိုးဝါးက 24“နာဇရက်မြို့သားယေရှု၊ အသင် အကျွန်ုပ်တို့ကို မည်သို့အလိုရှိသနည်း။ အကျွန်ုပ်တို့ကို ဖျက်ဆီးချေမှုန်းဖို့ရန် လာသလော။ အသင်မည်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။ အသင်သည် ဘုရားရှင်ထံတော်မှလာသည့် မြင့်မြတ်စင်ကြယ်သောသူဖြစ်ပါ၏” ဟုအော်ဟစ်ပြောဆိုလေ၏။
25ထိုအခါ ကိုယ်တော်က မကောင်းဆိုးဝါးအား “တိတ်ဆိတ်စွာနေလော့။ သူ့အထဲမှထွက်သွားလော့” ဟုအမိန့်ပေးလေ၏။ 26ထိုအခါ မကောင်းဆိုးဝါးသည် ပြင်းထန်စွာတုန်လှုပ်ပြီး ကျယ်လောင်သောအသံဖြင့် အော်ဟစ်၍ ထိုသူ၏ကိုယ်ထဲမှ ထွက်သွားလေ၏။
27လူထုပရိတ်သတ်တို့ကလည်း အံ့အားသင့်လျက် “ဤသည်မှာ အဘယ်သို့သော အမှုကိစ္စမျိုးနည်း။ သွန်သင်ချက်အသစ်တစ်မျိုးပေလော။ ဤသူသည် အခွင့်အာဏာပြည့်ဝစွာဖြင့် အမိန့်ပေးလိုက်သဖြင့် မကောင်းဆိုးဝါးသည် နာခံနေရသည်တကား” ဟုအချင်းချင်းပြောဆိုကြလေ၏။ 28ထို့ကြောင့် ကိုယ်တော်၏အကြောင်း သတင်းစကားတို့သည်လည်း ဂါလိလဲပြည်တစ်ဝန်းလုံးသို့ ချက်ချင်းပင် ပျံ့နှံ့သွားလေတော့၏။
လူနာများစွာတို့ကို ကျန်းမာစေတော်မူခြင်း
(မ၊ ၈:၁၄-၁၇။ လု၊ ၄:၃၈-၄၁)
29ထို့နောက် ကိုယ်တော်သည် ဓမ္မာရုံထဲမှ ထွက်လာပြီး ယာကုပ်၊ ယောဟန်တို့နှင့်အတူ ရှိမုန်နှင့် အန္ဒြေတို့၏အိမ်သို့ ချက်ချင်းသွားကြ၏။ 30ထိုအိမ်သို့ရောက်သောအခါ ရှိမုန်၏ယောက္ခမသည် အိပ်ယာထဲတွင် ဖျားနာနေသည့်အကြောင်းကို သူတို့က ကိုယ်တော့်အား လျှောက်ထားကြသဖြင့် 31ကိုယ်တော်သည် အနီးသို့သွားကာ သူမ၏လက်ကိုကိုင်၍ ထူမပေးတော်မူသဖြင့် အဖျားရောဂါသည် ချက်ချင်းပျောက်ကင်းသွားပြီး သူမကိုယ်တိုင်ပင် သူတို့ကို ဧည့်ဝတ်ပြုလေ၏။
32ထိုနေ့ နေဝင်ချိန်တွင် လူတို့သည် နာမကျန်းဖြစ်သူများနှင့် မကောင်းဆိုးဝါး ပူးကပ်ခံနေရသောသူများအားလုံးကို ကိုယ်တော်ယေရှုထံသို့ ခေါ်ဆောင်လာကြ၏။ 33ထို့ကြောင့် တစ်မြို့လုံးမှ လူများစွာတို့သည်လည်း ထိုအိမ်၏တံခါးပေါက်ဝရှေ့တွင် စုဝေးလျက်ရှိကြ၏။ 34ကိုယ်တော်သည် လူနာများစွာတို့၏အမျိုးမျိုးသော အနာရောဂါတို့အား ပျောက်ကင်းစေ၍ လူတို့ကို ပူးကပ်နေသည့် မကောင်းဆိုးဝါးတို့ကိုလည်း နှင်ထုတ်တော်မူ၏။ မကောင်းဆိုးဝါးများက ကိုယ်တော်သည် ဘုရားရှင်ထံမှလာသော မြင့်မြတ်သူဖြစ်ကြောင်း သိကြသောကြောင့် ကိုယ်တော်က မကောင်းဆိုးဝါးတို့အား စကားတစ်ခွန်းကိုမျှ ပြောခွင့်မပေးခဲ့ပေ။
ဂါလိလဲဒေသ၌ ဟောပြောသွန်သင်တော်မူခြင်း
(လု၊ ၄:၄၂-၄၄)
35နံနက်စောစောအချိန်၌ ကိုယ်တော်သည် လူသူကင်းဝေးရာအရပ်သို့သွား၍ ဝတ်ပြုဆုတောင်းတော်မူ၏။ 36ထိုအခါ ရှိမုန်နှင့် သူ၏အပေါင်းအဖော်တို့သည် ကိုယ်တော့်အား မတွေ့သဖြင့် လိုက်ရှာကြလေသည်။ 37ရှာတွေ့ကြသောအခါ “လူတိုင်းက ကိုယ်တော်ကို လိုက်ရှာနေကြပါသည်” ဟုလျှောက်တင်ကြ၏။
38ထိုအခါ ကိုယ်တော်က သူတို့အား “ငါတို့သည် ဤအနီးအနားတွင်ရှိသော မြို့ရွာများသို့လည်း သွားကြရမည်။ အကြောင်းမူကား ထိုနေရာတို့မှ လူများကိုလည်း ဟောပြောသွန်သင်ဖို့ရန် ငါလာခြင်းဖြစ်၏” ဟုမိန့်တော်မူလေသည်။ 39ထို့နောက် ကိုယ်တော်ယေရှုနှင့် တပည့်တော်တို့သည် ဂါလိလဲပြည်နေရာအနှံ့ရှိ ဓမ္မာရုံများသို့ လှည့်လည်ပြီး လူအများတို့အား ဟောပြောသွန်သင်၍ မကောင်းဆိုးဝါးတို့ကိုလည်း နှင်ထုတ်တော်မူလေ၏။
အနာကြီးရောဂါသည်ကို ရောဂါပျောက်ကင်းစေတော်မူခြင်း
(မ၊ ၈:၁-၄။ လု၊ ၅:၁၂-၁၆)
40ထို့နောက် အနာကြီးရောဂါသည်တစ်ဦးသည် ကိုယ်တော့်ထံသို့ ရောက်ရှိလာပြီး ဒူးထောက်၍ “ကိုယ်တော်အလိုရှိလျှင် အကျွန်ုပ်၏ရောဂါကို ပျောက်ကင်းစေနိုင်ပါ၏” ဟုတောင်းလျှောက်လေ၏။
41ကိုယ်တော်သည် ထိုသူ့အပေါ် သနားကရုဏာသက်တော်မူပြီး ထိုသူ၏ကိုယ်ပေါ်သို့ လက်တော်ကိုတင်၍ “ငါအလိုရှိ၏။ ရောဂါပျောက်ကင်းစေ” ဟုမိန့်တော်မူလိုက်သည်နှင့် 42ချက်ချင်းပင် ထိုသူ၏အနာကြီးရောဂါမှာ ပျောက်ကင်းစင်ကြယ်သွားပြီး အကောင်းပကတိ ဖြစ်သွား၏။
43ထို့နောက် ကိုယ်တော်က ထိုသူအား “ဤအဖြစ်အပျက်ကို မည်သူ့ကိုမျှ မပြောလေနှင့်။ 44သို့သော် ရောဂါပျောက်ကင်းကြောင်းကို ပုရောဟိတ်ထံ၌ သင့်ကိုယ်သင် ပြသကာ လူတို့ရှေ့၌ သက်သေဖြစ်စေဖို့ရန် ဗိမာန်တော်ကိုသွား၍ မောရှေပညတ်ကျမ်း#1:44 မောရှေပညတ်ကျမ်း ဘုရားရှင်မှ မောရှေအားဖြင့် လူတို့အား ပညတ်ထားတော်မူသည်တို့ကို စုစည်းထားသောကျမ်းစာအုပ်ဖြစ်ပြီး တိုရ(Torah) ဟုခေါ်သော ဓမ္မဟောင်းကျမ်းစာအုပ်၏ပထမဆုံး ငါးအုပ်ကိုရည်ညွှန်းသည်။ သို့သော် အချို့သောအချိန်များ၌ ဓမ္မာဟောင်းကျမ်းတစ်အုပ်လုံးကိုဆိုလိုသည်။တွင် ဖော်ပြထားသည့်အတိုင်း လှူဖွယ်ပစ္စည်းကို လှူဒါန်းလော့” ဟုတင်းကျပ်စွာမိန့်ကြားလျက် ချက်ချင်းပြန်သွားစေတော်မူ၏။ 45သို့သော်လည်း ထိုသူသည် ထွက်ခွာခဲ့ပြီးနောက် ဖြစ်ပျက်ခဲ့သည်တို့ကို နေရာတိုင်း၌ လိုက်လံပြောဆို၍ ပျံ့နှံ့စေသဖြင့် ကိုယ်တော်သည် မြို့ထဲသို့ ထင်ရှားစွာ မဝင်နိုင်ဘဲ မြို့ပြင်ရှိ လူသူကင်းဝေးရာအရပ်တွင် နေထိုင်တော်မူသောကြောင့် နေရာဒေသအရပ်ရပ်မှ လူတို့သည်လည်း ကိုယ်တော်ရှိရာသို့ လာရောက်ကြလေ၏။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in