YouVersion Logo
Search Icon

မဿဲ 27

27
ယေရှုကို ပိလတ်ထံ ခေါ်ဆောင်ခြင်း
1နံနက်စောစောတွင် ဂျူးပုရောဟိတ်အကြီးအကဲများနှင့် လူမျိုးခေါင်းဆောင်များသည် စုဝေးကြ၍ ကိုယ်တော်ယေရှုအား သေဒဏ်ချမှတ်ရန် ဆုံးဖြတ်လိုက်ကြ၏။ 2သူတို့သည် ကိုယ်တော်အား ချုပ်နှောင်၍ခေါ်ဆောင်လာကြပြီး ပိလတ်ဘုရင်ခံထံသို့ အပ်နှံကြလေ၏။
ယုဒသည် မိမိကိုယ်ကို အဆုံးစီရင်ခြင်း
3ထို့နောက် ကိုယ်တော်ယေရှုအား သေဒဏ်ချမှတ်သည်ကို ယုဒသိရသောအခါ သူသည် ကိုယ်တော့်အပေါ် သစ္စာဖေါက်မိသည့်အတွက် ဝမ်းနည်းကြေကွဲလျက် ငွေဒင်္ဂါးသုံးဆယ်အား ဂျူးပုရောဟိတ်အကြီးအကဲများနှင့် လူမျိုးခေါင်းဆောင်များထံ ပြန်ပေး၍ 4“ငါသည် အပြစ်ကင်းစင်သည့်သူအား သစ္စာဖေါက်၍ အပြစ်ကျူးလွန်မိလေပြီ” ဟုပြောဆိုလေ၏။ သို့သော် ထိုသူတို့က “ငါတို့နှင့် မည်သို့သက်ဆိုင်သနည်း။ ထိုအရာသည် သင်၏ကိစ္စပင်ဖြစ်၏” ဟုပြောဆိုကြလေ၏။ 5ထိုအခါ ယုဒသည် ငွေဒင်္ဂါးများအား ဗိမာန်တော်ဝန်းထဲ၌ပစ်ချပြီး ထွက်သွားလေ၏။ ထို့နောက် အခြားတစ်နေရာသို့သွား၍ ကြိုးဆွဲချသေလေတော့၏။
6ထို့နောက် ဂျူးပုရောဟိတ်အကြီးအကဲများသည် ထိုငွေဒင်္ဂါးများကိုယူ၍ “လူတစ်ဦးကိုသတ်ရန် ပေးထားသည့် ဤငွေများအား ဗိမာန်တော်တွင် မထားအပ်ပေ” ဟုပြောဆိုလျက် 7ဆွေးနွေးတိုင်ပင်ကြပြီးလျှင် ထိုငွေများဖြင့် အိုးလုပ်သမားထံမှ မြေကိုဝယ်ယူ၍ ထိုမြေကို လူမျိုးခြားတို့၏ သင်္ချိုင်းပြုလုပ်ရန် ဆုံးဖြတ်လိုက်ကြ၏။ 8ဤအကြောင်းကြောင့် ထိုမြေအား ယနေ့ထိတိုင်အောင် “သွေးမြေ” ဟုခေါ်တွင်ကြ၏။ 9ဤသို့ဖြင့် “သူတို့သည် အစ္စရေးလူမျိုးတို့က သူ့အားတန်ဖိုးဖြတ်ထားသည့် ငွေဒင်္ဂါးသုံးဆယ်ကိုယူ၍ 10ငါ့အား ဘုရားရှင်မိန့်တော်မူသည့်အတိုင်း အိုးလုပ်သမား၏မြေယာအတွက် ထိုငွေတို့ကို ပေးကြ၏” ဟူသော အရိယာသူတော်စင်ယေရမိအားဖြင့် ဟောကြားခဲ့သောကျမ်းချက်သည် ပြည့်စုံမှန်ကန်လေ၏။
ဘုရင်ခံထံ ရောက်တော်မူခြင်း
11ကိုယ်တော်ယေရှုသည် ဘုရင်ခံ၏ရှေ့တွင်ရပ်ပြီးသောအခါ ဘုရင်ခံသည် ကိုယ်တော့်အား “သင်သည် ဂျူးလူမျိုးများ၏ ဘုရင်လော” ဟုမေးမြန်းလေရာ ကိုယ်တော်က “သင်ပြောသည့်အတိုင်းပင်ဖြစ်၏”ဟု ပြန်လည်မိန့်တော်မူ၏။
12သို့သော် ဂျူးပုရောဟိတ်အကြီးအကဲများနှင့် လူမျိုးခေါင်းဆောင်များ၏စွပ်စွဲပြောဆိုခြင်းများကိုမူ ကိုယ်တော်သည် မည်သို့မျှပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။ 13ထိုအခါ ပိလတ်ဘုရင်ခံသည် ကိုယ်တော်အား “သူတို့သည် သင့်အား ဤမျှစွပ်စွဲပြောဆိုနေကြခြင်းအား မကြားသလော” ဟုမေးမြန်း၏။ 14သို့သော်လည်း ကိုယ်တော်သည် စကားတစ်ခွန်းမျှ ပြန်လည်ပြောကြားခြင်းမရှိသောကြောင့် ဘုရင်ခံသည် အလွန်ပင်အံ့အားသင့်လေ၏။
ယေရှုလော၊ ဗာရဗ္ဗလော
15ပသခါပွဲတော်နေ့တိုင်းတွင် ဘုရင်ခံသည် အကျဉ်းသားတစ်ဦးအား လူထု၏ဆန္ဒအရ လွှတ်ပေးလေ့ရှိ၏။ 16ထိုအချိန်၌ ဗာရဗ္ဗဟုခေါ်သည့် နာမည်ဆိုးဖြင့်ကျော်ကြားသော အကျဉ်းသားတစ်ဦးလည်း ရှိနေလေ၏။ 17ထို့ကြောင့် လူတို့စုဝေးလာကြသောအခါ၌ ပိလတ်ဘုရင်ခံသည် “သင်တို့က ငါ့အား မည်သူ့ကို လွှတ်ပေးစေချင်သနည်း။ ဗာရဗ္ဗလော၊ သို့မဟုတ် ခရစ်တော်ဟု ပြောဆိုနေကြသည့် ယေရှုကိုလော” ဟုသူတို့အား မေးမြန်းလေ၏။ 18ထိုသို့မေးရခြင်းသည် ဘာသာရေးခေါင်းဆောင်များက မနာလိုစိတ်ဖြင့် ကိုယ်တော်ယေရှုအား သူ့ထံသို့ အပ်နှံကြကြောင်းကို ပိလတ်သည်သိသောကြောင့်ဖြစ်၏။ 19ယခုကဲ့သို့ ပိလတ်သည် တရားစီရင်ရာနေရာတွင် ထိုင်နေစဉ် သူ၏ဇနီးသည် သူ့ထံသို့လူလွှတ်၍ “ထိုအပြစ်ကင်းသောသူအား မည်သည့်အရာကိုမျှ မပြုနှင့်။ အကြောင်းမူကား ထိုသူ၏အကြောင်းအား အိပ်မက်မက်သည့်အတွက် ကျွန်မသည် ဤနေ့တစ်နေ့လုံး စိတ်သောကရောက်နေရပါ၏” ဟုမှာကြားလိုက်လေ၏။
20ဂျူးပုရောဟိတ်အကြီးအကဲများနှင့် လူမျိုးခေါင်းဆောင်များသည် လူထုပရိသတ်များအား ကိုယ်တော်ယေရှုအား သေဒဏ်ပေးစေ၍ ဗာရဗ္ဗအားလွှတ်ပေးဖို့ တောင်းဆိုရန် သွေးဆောင်ထားကြလေ၏။ 21တဖန် ဘုရင်ခံသည် လူထုအား “သင်တို့သည် ဤလူနှစ်ယောက်ထဲမှ မည်သူ့ကို လွှတ်ပေးစေလိုသနည်း” ဟုမေးမြန်းလေရာ သူတို့သည် “ဗာရဗ္ဗ” ဟုဖြေကြလေ၏။ 22ပိလတ်ကလည်း “ဤသို့ဆိုလျှင် ခရစ်တော်ဆိုသည့် ယေရှုအား ငါမည်သို့ပြုရမည်နည်း” ဟုမေးလေရာ သူတို့အားလုံးသည် “လက်ဝါးကပ်တိုင်ပေါ်တင်၍ သတ်လိုက်ပါ”ဟု ဖြေကြလေ၏။ 23ပိလတ်ကလည်း “မည်သည့်အတွက်ကြောင့်နည်း။ ဤသူသည် မည်သည့်အပြစ်များ ကျူးလွန်ထားပါသနည်း” ဟုမေးမြန်းလေ၏။ သို့သော်လည်း သူတို့သည် “သူ့အားလက်ဝါးကပ်တိုင်ပေါ်တွင်တင်၍ သတ်လိုက်ပါ” ဟုသာ ပိုမိုကျယ်လောင်စွာ အော်ဟစ်ပြောဆိုကြလေ၏။ 24ထိုအခါ ပိလတ်ဘုရင်ခံသည် မည်သို့မျှမတတ်နိုင်ဘဲ လူအများရုန်းရင်းဆန်ခတ် ဖြစ်လာကြသည်ကို မြင်သောအခါ ရေကိုယူ၍ လူထုပရိသတ်၏ရှေ့တွင် သူ၏လက်ကိုဆေးကာ “ဤသို့အပြစ်ကင်းသည့်သူအား သတ်သည့်အမှုသည် ငါနှင့်မည်သို့မျှ မသက်ဆိုင်ပေ။ ဤအရာသည် သင်တို့နှင့်သာ သက်ဆိုင်၏” ဟုပြောဆိုလေ၏။ 25လူအပေါင်းတို့သည်လည်း “သူ့အားသတ်တဲ့အမှုသည် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ သားစဉ်မြေးဆက်နှင့်သာ သက်ဆိုင်ပါစေ” ဟုပြောဆိုကြလေ၏။ 26ထို့နောက် ပိလတ်သည် ဗာရဗ္ဗကို လွှတ်ပေးလိုက်ပြီး ကိုယ်တော်ယေရှုအား ကြာပွတ်ဖြင့်ရိုက်၍ အပြစ်ပေးကာ လက်ဝါးကပ်တိုင်ပေါ်၌ တင်၍သတ်ရန် အပ်နှံလိုက်လေ၏။
ယေရှုကို လှောင်ပြောင်ကြခြင်း
27ထို့နောက် ဘုရင်ခံ၏စစ်သားများသည် ကိုယ်တော်ယေရှုအား ရုံးတော်အတွင်းသို့ ခေါ်ဆောင်သွားကြပြီး တပ်ဖွဲ့တစ်ဖွဲ့လုံးသည်လည်း စုဝေး၍ ကိုယ်တော့်ထံသို့ လာကြလေ၏။ 28သူတို့သည် ကိုယ်တော်၏အဝတ်ကို ချွတ်၍ အနီရောင်တောက်ပသော ဝတ်ရုံတစ်ခုကို ဝတ်ပေးကြ၏။ 29ဆူးခက်များဖြင့် သရဖူပုံစံတစ်ခုပြုလုပ်၍ ကိုယ်တော်၏ဦးခေါင်းတွင် ဆောင်းပေး၍ တောင်ဝှေးတစ်ချောင်းကို လက်ယာလက်၌ ကိုင်ဆောင်စေပြီးလျှင် ကိုယ်တော်၏ရှေ့မှောက်တွင် ဒူးထောက်လျက် “ဂျူးလူမျိုးများ၏ ဘုရင်အား အရိုအသေပေးပါ၏” ဟုလှောင်ပြောင်ပြောဆိုကြ၏။ 30ထို့နောက် ကိုယ်တော်အား တံတွေးဖြင့်ထွေးကြပြီး တောင်ဝှေးကိုယူကာ ဦးခေါင်းကို အကြိမ်ကြိမ်ရိုက်နှက်ကြ၏။ 31သူတို့သည် ထိုသို့ကိုယ်တော်အား လှောင်ပြောင်ကြပြီးသောအခါ အနီရောင်ဝတ်ရုံကိုချွတ်၍ ကိုယ်တော်၏အဝတ်ကို ပြန်ဝတ်စေပြီးလျှင် လက်ဝါးကပ်တိုင်ပေါ်၌တင်ရန် ကိုယ်တော်အား ခေါ်ဆောင်သွားကြ၏။
လက်ဝါးကပ်တိုင်ပေါ်တွင် တင်ထားခြင်း
32သူတို့ထွက်ခွာသွားကြစဉ် ကုရေနေမြို့မှလာသော ရှိမုန်ဆိုသူအမျိုးသားတစ်ဦးကို မြင်သဖြင့် စစ်သားတို့သည် ထိုသူအား ကိုယ်တော်၏လက်ဝါးကပ်တိုင်အား အတင်းအကျပ်ထမ်းစေပြီး သူတို့နှင့်အတူ လိုက်ပါလာစေလေ၏။ 33ဤသို့ဖြင့် သူတို့သည် “ဦးခေါင်းခွံအရပ်” ဟုအဓိပ္ပါယ်ရသော ဂေါလဂေါသအမည်တွင်သည့်အရပ်သို့ ရောက်ကြသောအခါ 34သူတို့သည် ကိုယ်တော်အား ဆေးခါးဖြင့်ရောထားသောဝိုင်ကို တိုက်ကြ၏။ သို့သော် ကိုယ်တော်သည် ထိုဝိုင်အား မြည်းစမ်းကြည့်ပြီးလျှင် သောက်ရန်ငြင်းဆန်တော်မူ၏။ 35ထို့နောက် သူတို့သည် ကိုယ်တော်အား လက်ဝါးကပ်တိုင်ပေါ်တင်ကြပြီး ကိုယ်တော်၏အဝတ်များကို မဲနှိုက်၍ ခွဲဝေယူကြလေ၏။ 36ထို့နောက် သူတို့သည် ထိုနေရာ၌ ထိုင်ကြပြီး ကိုယ်တော့်အား စောင့်ကြပ်နေကြ၏။ 37ကိုယ်တော်၏ဦးခေါင်းအထက်၌ “ဤသူသည် ဂျူးလူမျိုးတို့၏ဘုရင် ယေရှုဖြစ်၏” ဟုရေးသားထားသည့် ကိုယ်တော့်အပေါ်စွပ်စွဲထားသည့်စာကို ချိတ်ဆွဲထားကြ၏။ 38စစ်သားများသည် ဓားပြနှစ်ဦးတို့ကိုလည်း ကိုယ်တော်၏လယ်ယာဘက်တွင်တစ်ဦး၊ လက်ဝဲဘက်တွင်တစ်ဦး လက်ဝါးကပ်တိုင်ပေါ်တွင် တင်ကြလေ၏။ 39ဖြတ်သန်းသွားလာကြသော သူတို့သည် ဦးခေါင်းများကိုခါရမ်းလျက် 40“ဗိမာန်တော်ကို ဖျက်၍ သုံးရက်အတွင်း ပြန်တည်ဆောက်ပြမည်ဆိုသည့်သူ၊ သင့်ကိုယ်သင် ကယ်ပါလော့။ သင်သည် ဘုရားရှင်၏သားတော်မှန်လျှင် လက်ဝါးကပ်တိုင်ပေါ်မှ ဆင်းလာလော့” ဟုကိုယ်တော်အား စော်ကားပြောဆိုကြ၏။ 41ထိုနည်းတူပင် ဂျူးပုရောဟိတ်အကြီးအကဲများ၊ ကျမ်းတတ်ဆရာများနှင့် လူမျိုးခေါင်းဆောင်များသည်လည်း ကိုယ်တော်အား 42“သူသည် အခြားသူများအား ကယ်တင်နေသော်လည်း သူ့ကိုယ်သူကို မကယ်တင်နိုင်ပေ။ အစ္စရေးလူမျိုးများ၏ ဘုရင်ဟု သူ့ကိုယ်သူခံယူနေခြင်း မဟုတ်လော။ သူသည် ယခုချက်ချင်း လက်ဝါးကပ်တိုင်ပေါ်မှ ဆင်းလာနိုင်မှသာ ငါတို့သည် သူ့အားယုံနိုင်မည်ဖြစ်၏။ 43သူသည် ဘုရားရှင်အား ယုံကြည်ပြီး သူ့ကိုယ်သူ ဘုရားရှင်၏သားတော်ဟု ခံယူနေ၏။ ထို့ကြောင့် ယခုသူ့အား ဘုရားရှင်သည် ကယ်တင်ရန် အလိုတော်ရှိသည်၊ မရှိသည်ကို စောင့်ကြည့်ကြမည်” ဟုလှောင်ပြောင်ပြောဆိုကြ၏။ 44ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌ တင်ထားခြင်းခံရသော ဓားပြတို့ပင်လျှင် ကိုယ်တော်အား ထိုနည်းတူပင် စော်ကားပြောဆိုကြလေ၏။
အသက်ဇီဝိတဒါန
45ထိုနေ့ မွန်းတည့်ချိန်မှစ၍ မွန်းလွဲသုံးနာရီထိတိုင် မြေပြင်တစ်ခွင်လုံးသည် မှောင်မိုက်နေလေ၏။ 46မွန်းလွဲသုံးနာရီခန့်တွင် ကိုယ်တော်ယေရှုသည် ကျယ်လောင်သောအသံဖြင့် “ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ” ဟုဟစ်အော်တော်မူ၏။ ၎င်း၏အဓိပ္ပာယ်မှာ “အိုအဖဘုရား၊ အိုအဖဘုရား၊ အကျွန်ုပ်ကို အဘယ်ကြောင့် စွန့်ပစ်တော်မူသနည်း” ဟူ၍ဖြစ်၏။ 47ထိုနေရာ၌ ရပ်နေကြသူအချို့တို့ ကြားကြသောအခါ သူတို့က “ဤလူသည် ဧလိယအား ခေါ်နေခြင်းဖြစ်၏” ဟုပြောဆိုကြ၏။ 48ထိုသူတို့ထဲမှ တစ်ဦးသည် ချက်ချင်းပြေး၍ ရေမြှုပ်ကိုယူကာ ဝိုင်ချဉ်ဖြင့်စိမ်ပြီး ထိုရေမြှုပ်အား ကျူရိုးထိပ်၌တပ်လျက် ကိုယ်တော်သောက်ရန်အတွက် ပေးလေ၏။ 49သို့သော် အခြားသူများမှာမူကား “ဧလိယက သူ့ကိုကယ်ရန် လာမည်လော။ မလာမည်လောဆိုသည်အား စောင့်ကြည့်ကြစို့” ဟုပြောဆိုကြ၏။ 50ထို့နောက် ကိုယ်တော်ယေရှုသည် နောက်တစ်ဖန် ကျယ်လောင်သောအသံဖြင့် ကြွေးကြော်ပြီးလျှင် အသက်ကိုစွန့်တော်မူ၏။ 51ထိုအချိန်၌ ဗိမာန်တော်ရှိ ကန့်လန့်ကာကြီးသည် အထက်မှအောက်သို့ နှစ်ခြမ်းကွဲသွားပြီး မြေကြီးသည်လည်း တုန်ခါလျက် ကျောက်များသည်လည်း အက်ကွဲကြ၏။ 52ထို့ပြင် သင်္ချိုင်းဂူများသည်လည်း ပွင့်လာပြီးလျှင် သေဆုံးခဲ့ပြီးသော သူတော်စင်များစွာတို့သည်လည်း အသက်ပြန်ရှင်လာကြ၏။ 53ကိုယ်တော် အသက်ပြန်ရှင်တော်မူပြီးနောက် ထိုသူတို့သည် သူတို့၏သင်္ချိုင်းဂူများမှ ထွက်လာခဲ့ကြပြီး မြင့်မြတ်သောရွှေမြို့တော်သို့ ဝင်ရောက်သွားကြသည်ကို များစွာသောလူတို့သည် မြင်ခဲ့ကြရ၏။ 54တပ်မှူးနှင့် ကိုယ်တော်ယေရှုအား စောင့်ကြည့်နေသူများသည် မြေငလျင်လှုပ်ခြင်းနှင့် ဖြစ်ပျက်သမျှအကြောင်းအရာအလုံးစုံကို မြင်တွေ့ကြရသောအခါ၌ လွန်စွာကြောက်ရွံ့သွားကြလျက် “ဤလူသည် အမှန်တကယ်ပင် ဘုရားရှင်၏သားတော်ဖြစ်၏” ဟုပြောဆိုကြလေ၏။ 55ကိုယ်တော်ယေရှုအား အလုပ်အကျွေးပြုစုလျက် ဂါလိလဲပြည်မှ ကိုယ်တော်၏နောက်သို့ လိုက်ပါလာကြသည့် များစွာသော အမျိုးသမီးများသည်လည်း ထိုနေရာ၌ရှိနေကြပြီး အဝေးမှလှမ်းကြည့်နေကြ၏။ 56သူတို့အထဲတွင် မာဂဒလမြို့သူမာရိ၊ ယာကုပ်နှင့်ယောသပ်တို့၏မိခင်ဖြစ်သောမာရိနှင့် ဇေဗေဒဲ၏အမျိုးသမီးတို့ပါဝင်ကြ၏။
ယေရှုကို သင်္ဂြိုဟ်ခြင်း
57ညနေစောင်းအချိန်သို့ရောက်သောအခါ အရိမသဲမြို့မှ လူချမ်းသာတစ်ဦးဖြစ်ပြီး ကိုယ်တော်ယေရှု၏တပည့်တော်တစ်ဦးလည်းဖြစ်သော ယောသပ်ဆိုသူ ရောက်လာလေ၏။ 58သူသည် ပိလတ်ဘုရင်ခံထံသို့ ချဉ်းကပ်၍ ကိုယ်တော်ယေရှု၏ ရုပ်အလောင်းအား တောင်းခံသဖြင့် ပိလတ်သည် ရုပ်အလောင်းအား ယောသပ်ကို ပေးလိုက်ရန် အမိန့်ပေးလေ၏။ 59ထို့နောက် ယောသပ်သည် ကိုယ်တော်၏ရုပ်အလောင်းကို ယူ၍ ဖြူစင်သော ပိတ်ချောစဖြင့် ပတ်ရစ်ပြီးလျှင် 60ကျောက်ဆောင်ကြီးတွင် ထွင်းထုထားသော မိမိပိုင်ဆိုင်သည့် သင်္ချိုင်းဂူအသစ်ထဲ၌ ထားရှိလေသည်။ ထို့နောက် သူသည် ကြီးမားသောကျောက်တုံးကြီးအားလှိမ့်ပြီး ဂူဝကိုပိတ်ထား၍ ပြန်သွားလေသည်။ 61မာဂဒလမြို့သူမာရိနှင့် အခြားသောမာရိတို့သည်လည်း ထိုနေရာ၌ရှိနေကြပြီး သင်္ချိုင်းဂူဝ၏ မျက်နှာချင်းဆိုင်ဘက်တွင် ထိုင်နေကြ၏။
သင်္ချိုင်းဂူကို စောင့်ကြပ်ကြခြင်း
62နောက်တစ်နေ့သည် ဥပုသ်နေ့ဖြစ်၍ ဂျူးပုရောဟိတ်အကြီးအကဲများနှင့် ဖာရိရှဲများသည် ပိလတ်ဘုရင်ခံထံတွင် စုဝေးကြလျက် 63သူတို့သည် ပိလတ်အား “အရှင်၊ ထိုလှည့်ဖြားသောသူ အသက်ရှင်စဉ်က ‘ငါသည် သေပြီးသုံးရက်အကြာတွင် အသက်ပြန်ရှင်မည်’ ဟုဆိုခဲ့သည်ကို အကျွန်ုပ်တို့ မှတ်မိပါ၏။ 64ထို့ကြောင့် သုံးရက်ကြာသည်အထိ သင်္ချိုင်းဂူကို စောင့်ကြပ်ထားရန် အမိန့်ပေးပါလော့။ ထိုသို့မဟုတ်ပါက သူ၏တပည့်တော်များသည် အလောင်းအား လာ၍ခိုးပြီးလျှင် ‘သူသည် သေရာမှအသက်ပြန်ရှင်သွားပြီဖြစ်၏’ ဟုပြောကြလိမ့်မည်။ ဤနောက်ဆုံးလိမ်ညာခြင်းသည် ယခင်ကလိမ်ညာခြင်းများထက် ပို၍ဆိုးနေလိမ့်မည်” ဟုလျှောက်တင်ကြလေ၏။ 65ပိလတ်ဘုရင်ခံသည်လည်း သူတို့အား “အစောင့်များအားခေါ်၍ သင်တို့ တတ်နိုင်သမျှ စောင့်ကြပ်ကြလော့” ဟုပြောဆိုလေ၏။ 66ထိုအခါ သူတို့သည် သင်္ချိုင်းဂူသို့ သွားရောက်၍ ကျောက်တုံးကို တံဆိပ်ခတ်နှိပ်ကာ ပိတ်ဆို့ပြီး အစောင့်ချထားလိုက်ကြ၏။

Currently Selected:

မဿဲ 27: TPV-RV

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in