YouVersion Logo
Search Icon

မဿဲ 22

22
မင်္ဂလာဆောင်ဧည့်ခံပွဲ ပုံဥပမာ
1တဖန် ကိုယ်တော်ယေရှုက သူတို့အား ပုံဥပမာများဖြင့် ထပ်မံ၍ ဟောပြောသွန်သင်တော်မူလေ၏။ 2ကိုယ်တော်က “ရွှေမြို့တော်၏သာသနာတော်သည် မိမိသား၏မင်္ဂလာဆောင်ပွဲကို ကျင်းပပေးသောဘုရင်တစ်ပါးနှင့်တူ၏။ 3သူသည် သူ၏အစေခံများကိုစေလွှတ်၍ ဖိတ်ကြားထားသောသူများကို မင်္ဂလာပွဲသို့လာရောက်ကြရန် သွားခေါ်စေသော်လည်း သူတို့သည် မလာလိုကြပေ။
4ထို့ကြောင့် ဘုရင်သည် အခြားအစေခံများအား ဖိတ်ကြားထားသောသူတို့ထံ ထပ်မံသွားစေ၍ “‘ငါသည် ဧည့်သည်များအတွက် ပြင်ဆင်ထားပြီ။ ငါ၏နွားထီးနှင့် ဝဖြိုးသောနွားငယ်ကလေးများကိုလည်း သတ်ပြီးပြီဖြစ်၍ အားလုံးသည်လည်း အဆင်သင့်ဖြစ်နေပြီ။ မင်္ဂလာပွဲသို့ ကြွရောက်ကြပါလော့’ ဟု ပြောကြလော့” ဟုမှာကြား၍ စေလွှတ်လိုက်လေ၏။
5သို့သော်လည်း ထိုသူတို့သည် ဂရုမစိုက်ကြဘဲ တစ်ဦးသည် မိမိလယ်ထဲသို့လည်းကောင်း၊ အခြားတစ်ဦးသည် မိမိ၏လုပ်ငန်းရှိရာသို့လည်းကောင်း အသီးသီးသွားကြလေ၏။ 6အခြားသူတို့ကလည်း ဘုရင်စေလွှတ်လိုက်သောအစေခံတို့ကို ဖမ်းဆီး၍ ရိုက်နှက်နှိပ်စက်ကာ သတ်ပစ်ကြ၏။ 7ဘုရင်သည် ထိုအကြောင်းကို ကြားသောအခါတွင် အလွန်ဒေါသထွက်၍ သူ၏စစ်သားများကို စေလွှတ်ကာ ထိုလူသတ်သမားတို့အား သတ်စေပြီး သူတို့၏မြို့ကိုလည်း မီးရှို့စေ၏။
8ထို့နောက် ဘုရင်သည် မိမိ၏အစေခံများအား ‘မင်္ဂလာပွဲသည် အဆင်သင့်ဖြစ်နေသော်လည်း ဖိတ်ကြားထားသောသူတို့နှင့်မထိုက်တန်။ 9ထို့ကြောင့် လမ်းဆုံလမ်းခွများသို့သွား၍ တွေ့သမျှလူများအား မင်္ဂလာပွဲသို့လာရောက်ကြရန် သင်တို့ဖိတ်ခေါ်ကြလော့’ ဟုအမိန့်ပေးလိုက်၏။ 10ထို့ကြောင့် အစေခံတို့သည်လည်း လမ်းများပေါ်သို့ ထွက်လာကြပြီး လူကောင်းဖြစ်စေ၊ လူဆိုးဖြစ်စေ၊ သူတို့ရှာတွေ့သမျှလူများကို စုဝေးကြစေ၏။ ထိုအခါ မင်္ဂလာပွဲခန်းမသည်လည်း ဧည့်သည်များနှင့် ပြည့်နှက်သွားလေ၏။
11သို့သော် ဘုရင်သည် ဧည့်သည်များကို လာရောက်ကြည့်ရှုရန်ကြွလာသည့်အခါ ထိုနေရာ၌ မင်္ဂလာပွဲအဝတ်အစားကို မဝတ်လာသည့် လူတစ်ဦးကို မြင်သော် 12ဘုရင်က ထိုလူအား ‘မိတ်ဆွေ၊ မင်္ဂလာပွဲတွင် ဝတ်ဆင်ရန်ပေးထားသည့် အဝတ်ကို မဝတ်ဘဲ အဘယ်ကြောင့်ဤနေရာသို့ လာရသနည်း’ ဟုမေးသော်လည်း ထိုသူသည်နှုတ်ဆိတ်၍ နေလေ၏။
13ထိုအခါ ဘုရင်က အစေခံတို့အား ‘ဤသူ၏ လက်နှင့်ခြေတို့အား ကြိုးဖြင့်တုပ်နှောင်၍ အပြင်ဘက်အမှောင်ထဲသို့ ပစ်ထားကြလော့။ ထိုနေရာတွင် အံကိုကြိတ်လျက် ငိုကြွေးနေပါစေ’ ဟုဆိုလေ၏။
14အကြောင်းမူကား များစွာသောလူတို့သည် ဖိတ်ခေါ်ခြင်းကို ခံရမည်ဖြစ်သော်လည်း ရွေးကောက်ခြင်းခံရသူမှာ အနည်းငယ်သာရှိလိမ့်မည်” ဟုမိန့်တော်မူ၏။
အခွန်ပေးဆောင်ခြင်းနှင့်ဆိုင်သော မေးခွန်း
15ထို့နောက် ဖာရိရှဲတို့သည် ထွက်သွားကြ၍ ကိုယ်တော်အား တစ်စုံတစ်ခု မှားယွင်းစွာ ပြောဆိုလာစေရန် မည်သို့အကွက်ဆင်ကြမည်ကို တိုင်ပင်ဆွေးနွေးကြလေ၏။ 16ထို့နောက်သူတို့သည် မိမိတို့၏တပည့်များအား ဟေရုဒ်၏နောက်လိုက်များနှင့်အတူ ကိုယ်တော်ထံသို့စေလွှတ်ကာ “ဆရာ၊ ဆရာသည် ဖြောင့်မတ်သောသူဖြစ်ပြီး လူတို့ကို ဘုရားရှင်အလိုရှိသောအရာများအား အမှန်အတိုင်း ဟောပြောသွန်သင်ဆုံးမပြီး မည်သူ၏မျက်နှာကိုမျှ မထောက်သကဲ့သို့ လူတို့ကြားတွင်လည်း မည်သူ့ကိုမျှဘက်မလိုက်သည်ကို အကျွန်ုပ်တို့သိပါ၏။ 17ထို့ကြောင့် ဆရာမည်ကဲ့သို့ ထင်မြင်သည့်အကြောင်းကို အကျွန်ုပ်တို့ကိုပြောပါလော့။ ဧကရာဇ်ကို အခွန်ဆက်သရခြင်းသည် ပညတ်တရားတော်နှင့်ညီပါသလော သို့မဟုတ် မညီပါသလော” ဟုမေးလျှောက်ကြစေ၏။
18သို့သော် ကိုယ်တော်က ထိုသူတို့၏ယုတ်ညံ့သောအကြံအစည်ကို သိတော်မူသဖြင့် “သူတော်ကောင်းယောင်ဆောင်ထားကြသောသင်တို့၊ မည်သည့်အတွက်ကြောင့် ငါ့ကို စမ်းသပ်လိုကြသနည်း။ 19အခွန်ဆက်သသောငွေဒင်္ဂါးတစ်ပြားကို ငါ့အား ပြလော့” ဟူ၍မိန့်တော်မူရာ သူတို့သည် ငွေဒင်္ဂါးတစ်ပြားအား ကိုယ်တော့်ထံသို့ ယူဆောင်လာလေ၏။ 20ကိုယ်တော်ယေရှုသည် သူတို့အား “ငွေဒင်္ဂပြားပေါ်တွင်ရှိသော ရုပ်ပုံနှင့်အမည်သည် မည်သူဖြစ်သနည်း” ဟုမိန့်လေသည်။ 21သူတို့ကလည်း “ဧကရာဇ်၏ရုပ်ပုံနှင့် သူ၏အမည်ဖြစ်ပါ၏” ဟုလျှောက်ကြသောအခါ ကိုယ်တော်က “သို့ဖြစ်လျှင် ဧကရာဇ်နှင့် သက်ဆိုင်သောအရာများအား ဧကရာဇ်ထံပေး၍ ဘုရားရှင်နှင့်သက်ဆိုင်သောအရာများကို ဘုရားရှင်ထံ ပေးကြလော့” ဟုမိန့်တော်မူလေ၏။ 22သူတို့သည် ထိုစကားကိုကြားကြသောအခါ အလွန်အံ့ဩသွားကြလေ၏။ ထို့နောက် သူတို့သည် ကိုယ်တော့်ထံမှ ထွက်သွားကြလေ၏။
အသက်ပြန်ရှင်ခြင်းနှင့်ဆိုင်သောမေးခွန်း
23ထို့နေ့၌ပင် လူတို့သည်သေဆုံးပြီးနောက် အသက်ပြန်ရှင်ခြင်းမရှိဟု ပြောဆိုကြသော ဇဒ္ဒုကဲအချို့သည် ကိုယ်တော့်ထံသို့ လာကြလေ၏။ သူတို့သည် ကိုယ်တော့်အား 24“ဆရာ၊ မောရှေက ‘လင်ယောက်ျားတစ်ဦးသည် သားသမီးမထွန်းကားဘဲ သေဆုံးခဲ့လျှင် သူ၏ညီသည် အစ်ကိုဖြစ်သူ၏ဇနီးမယားကို လက်ထက်၍ အစ်ကိုအတွက် မျိုးဆက်ကလေးကို မွေးဖွားပေးရမည်’ ဟုဟောကြားခဲ့၏။ 25ဤသို့ဆိုလျှင် ညီအစ်ကိုခုနှစ်ဦးရှိသော မိသားစုတွင် အစ်ကိုအကြီးဆုံးသည် လက်ထပ်ပြီး သားသမီးမထွန်းကားဘဲ သေဆုံးသွားသည့်အတွက်ကြောင့် သူ့ဇနီးကိုသူ၏ညီထံတွင် ထားခဲ့၏။ 26ထို့နောက် ဒုတိယညီနှင့် တတိယညီသည်လည်း ထိုနည်းအတိုင်းဖြစ်ခဲ့ကြပြီး နောက်ဆုံးတွင် ညီအစ်ကိုခုနှစ်ဦးစလုံးသည်လည်း ဤသို့ပင်ဖြစ်ခဲ့ကြ၏။ 27နောက်ဆုံး၌ ထိုအမျိုးသမီးသည်လည်း သေဆုံးသွား၏။ 28ထိုသို့ဆိုလျှင် လူတို့သေဆုံးရာမှ အသက်ပြန်ရှင်ကြသည့်အချိန်တွင် ထိုအမျိုးသမီးသည် ညီအစ်ကိုခုနှစ်ဦးထဲမှ မည်သူ၏ဇနီးမယားဖြစ်မည်နည်း။ အကြောင်းမူကား ထိုအမျိုးသမီးသည် ညီအစ်ကိုခုနှစ်ဦးစလုံးနှင့် ပေါင်းဖက်ခဲ့သောကြောင့်ဖြစ်ပါ၏” ဟုမေးလျှောက်ကြလေသည်။
29ထိုအခါ ကိုယ်တော်ယေရှုက သူတို့အား “သင်တို့သည် ကျမ်းစာကိုလည်း မသိသကဲ့သို့ ဘုရားရှင်၏တန်ခိုးတော်ကိုလည်း မသိကြသည့်အတွက် ဤကဲ့သို့ အယူလွဲမှားနေကြခြင်းဖြစ်၏။ 30လူတို့သည် သေဆုံးရာမှ အသက်ပြန်ရှင်သည့်ကာလတွင် လက်ထပ်ထိမ်းမြားခြင်းများကို ပြုလုပ်ကြတော့မည်မဟုတ်သကဲ့သို့ လက်ထပ်ထိမ်းမြားရန် ပေးစားဆောင်နှင်းခြင်းများလည်း ရှိကြတော့မည်မဟုတ်ဘဲ ရွှေမြို့တော်တွင်ရှိသော နတ်ဒေဝါများကဲ့သို့ ဖြစ်ကြမည်ပင်ဖြစ်၏။ 31လူတို့သေဆုံးပြီးနောက် အသက်ပြန်ရှင်ခြင်းနှင့်ပတ်သက်ပြီး ဘုရားရှင်မိန့်တော်မူထားသည်များကို သင်တို့မဖတ်ဖူးကြသလော။ 32ဘုရားရှင်က ‘ငါသည် အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရားနှင့် ယာကုပ်၏ဘုရားဖြစ်သည်’ မိန့်တော်မူခဲ့၏။ ထို့ကြောင့် ဘုရားရှင်သည် သေဆုံးသောသူတို့၏ဘုရားမဟုတ်ဘဲ အသက်ရှင်နေသောသူများ၏ဘုရားဖြစ်၏” ဟု မိန့်တော်မူလေ၏။
33လူထုပရိသတ်တို့သည် ထိုဟောပြောချက်များကို ကြားကြသောအခါ ကိုယ်တော်၏ ဟောပြောသွန်သင်ချက်ကို အံ့ဩချီးမွမ်းကြလေသည်။
အကြီးမြတ်ဆုံး ပညတ်ချက်နှစ်ပါး
34ထို့နောက် ကိုယ်တော်သည် ဇဒ္ဒုကဲတို့အား နှုတ်ဆိတ်စေခဲ့ကြောင်း ဖာရိရှဲတို့ကြားသိကြသောအခါ သူတို့သည် အတူတကွ စုဝေးကြလေ၏။ 35သူတို့ထဲမှ ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဦးသည် ကိုယ်တော့်အား စမ်းသပ်လိုသဖြင့် 36“ဆရာ၊ ပညတ်တော်များထဲတွင် မည်သည့်ပညတ်တော်သည် အကြီးမြတ်ဆုံးဖြစ်ပါသနည်း” ဟုမေးလျှောက်လေ၏။ 37ကိုယ်တော်က ထိုသူအား “သင်၏အရှင်သခင် ဘုရားရှင်ကို ကိုယ်၊ စိတ်၊ နှလုံးသုံးပါးလုံးနှင့် အကြွင်းမဲ့ယုံကြည်ချစ်ခင်ရမည်။ 38ဤအရာသည် အကြီးမြတ်ဆုံးနှင့် ပထမဆုံးပညတ်တော်ပင်ဖြစ်၏။ 39ဒုတိယပညတ်တော်မှာ မိမိ၏အိမ်နီးချင်းကို မိမိကိုယ်မိမိချစ်သကဲ့သို့ ချစ်ခင်ရမည်။ 40ပညတ်တရားကျမ်းနှင့် အရိယာသူတော်စင်တို့ဟောပြောသင်ကြားခဲ့သောအရာတို့သည် ထိုပညတ်တရား နှစ်ချက်ပေါ်တွင်ပင် မူတည်ထားကြခြင်းဖြစ်၏” ဟူ၍မိန့်တော်မူလေသည်။
ခရစ်တော်နှင့်ဆိုင်သောမေးခွန်း
41ထို့နောက် ဖာရှိရှဲတို့ စုဝေးနေကြစဉ် ကိုယ်တော်ယေရှုသည် သူတို့အား မေးခွန်းတစ်ခု မေးလေ၏။ 42ကိုယ်တော်က “ခရစ်တော်နှင့် ပတ်သက်၍ သင်တို့မည်သို့ ထင်မြင်ယူဆကြသနည်း။ သူသည် မည်သူ၏သားတော်ဖြစ်သနည်း” ဟုမေးလေရာ သူတို့ကည် “ဒါဝိဒ်၏သားတော်ဖြစ်ပါ၏” ဟုပြန်လည်၍ လျှောက်တင်ကြသဖြင့် 43ကိုယ်တော်က “ဤသို့ဆိုလျှင် ဒါဝိဒ်သည် ဉာဏ်အလင်းတော်အားဖြင့် 44‘ဘုရားရှင်သည် ငါ၏အရှင်အား ‘သင်၏ရန်သူများကို သင်၏ခြေဖဝါးအောက်သို့ရောက်သည့်တိုင်အောင် ပြုလုပ်ပြီးသည်အထိ ငါ၏လက်ယာဘက်၌ထိုင်လော့’ ဟူ၍မိန့်တော်မူခဲ့၏’ ဟုအဘယ်ကြောင့်ပြောဆိုခဲ့သနည်း။ 45ဒါဝိဒ်ကိုယ်တိုင်ပင် ခရစ်တော်ကို ငါ၏အရှင်ဟုခေါ်လျှင် ခရစ်တော်သည် ဒါဝိဒ်၏သား မည်သို့ဖြစ်နိုင်မည်နည်း” ဟုမိန့်တော်မူလေသည်။ 46ထိုအခါ မည်သူကမျှ ကိုယ်တော်အား ပြန်လည်၍ ဖြေကြားနိုင်ခြင်းမရှိသကဲ့သို့ ထိုနေ့မှစ၍ မည်သူကမျှလည်း ကိုယ်တော်အား နောက်ထပ်မေးခွန်းများ မမေးဝံ့ကြတော့ပေ။

Currently Selected:

မဿဲ 22: TPV-RV

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in