YouVersion Logo
Search Icon

မဿဲ 21

21
ဂျေရုဆလင်မြို့သို့ အောင်ပွဲဝင်တော်မူခြင်း
1ထို့နောက် ကိုယ်တော်ယေရှုနှင့် တပည့်တော်တို့သည် ဂျေရုရှလင်မြို့အနီးသို့ချဉ်းကပ်လာ၍ သံလွင်တောင်ခြေရှိ ဗက်ဖာဂေရွာသို့ရောက်လာလေ၏။ ထိုနေရာတွင် ကိုယ်တော်ယေရှုသည် တပည့်တော်နှစ်ဦးကို စေလွှတ်၍ 2“ရှေ့ကရွာသို့ သွားကြလော့။ ထိုရွာထဲသို့ ဝင်လျှင်ဝင်ချင်း ကြိုးဖြင့်ချည်ထားသောမြည်းမတစ်ကောင်နှင့် မြည်းငယ်ကလေးတစ်ကောင်ကို တွေ့ရလိမ့်မည်။ မြည်းတို့ကို ကြိုးဖြေ၍ ငါ့ထံသို့ ယူဆောင်ခဲ့လော့။ 3တစ်စုံတစ်ဦးက သင်တို့အား “အဘယ်ကြောင့် မြည်းကိုကြိုးဖြည်ကြသနည်းဟုမေးလျှင် ထိုသူအား ‘ကိုယ်တော်အလိုရှိသောကြောင့်ဖြစ်၏’ ဟုဖြေကြလျှင် သူသည် သင်တို့ကို ချက်ချင်းပေးလိမ့်မည်” ဟုမိန့်တော်မူ၏။
4ဤအခြင်းအရာကား အရိယာသူတော်စင်တို့ဟောကြားခဲ့သော 5‘သင်တို့၏ရှင်ဘုရင်သည် သိမ်မွေ့စွာဖြင့် မြည်းနှင့်မြည်းငယ်ကို စီး၍ သင့်ထံကြွလာပြီဟု ဇိအုန်မြို့အား ဆိုကြလော့’ ဟူသည့်အတိုင်း ဖြစ်ပျက်ခြင်းပင်ဖြစ်သည်” ဟု မိန့်တော်မူ၏။
6ထို့နောက် တပည့်တော်တို့သည်လည်း ထွက်သွားပြီးလျှင် ကိုယ်တော်ယေရှုမိန့်မှာတော်မူသည့်အတိုင်း ဆောင်ရွက်ကြ၏။ 7သူတို့သည် မြည်းမနှင့် မြည်းငယ်ကို ကိုယ်တော့်ထံသို့ယူဆောင်လာပြီး မြည်းငယ်ပေါ်တွင် ကိုယ်တော်ထိုင်တော်မူရန် မိမိတို့၏အဝတ်များကို ခင်းပေးကြ၏။ 8များစွာသောလူထုပရိသတ်တို့သည်လည်း ကိုယ်တော်မြည်းငယ်ကို စီး၍ သွားရာလမ်း၌ မိမိတို့၏ဝတ်ရုံများအား ခင်းပေးကြပြီး အချို့မူကား သစ်ရွက်သစ်ခက်များကို ခင်းပေးကြလေ၏။ 9ကိုယ်တော်၏ရှေ့မှသွားသောလူထုပရိသတ်များနှင့် နောက်မှလိုက်သောလူထုပရိသတ်များသည်လည်း “ဒါဝိဒ်၏သားတော်ကို ဂုဏ်တော်ချီးမွမ်းကြလော့။ ဘုရားရှင်၏အမည်နာမတော်နှင့် ကြွလာတော်မူသော အရှင်သည်မင်္ဂလာရှိစေသတည်း။ အမြင့်ဆုံးသောရွှေမြို့တော်၌ ဘုရားရှင်၏ဂုဏ်တော်ချီးမွမ်းစေသတည်း” ဟုကြွေးကြော်ကြလေ၏။ 10ဤသို့ဖြင့် ကိုယ်တော်ယေရှုသည် ဂျေရုဆလင်မြို့သို့ရောက်သောအခါ တစ်မြို့လုံးရှိလူများသည် ရုတ်ရုတ်သဲသဲဖြစ်ကာ “သူသည် မည်သူနည်း” ဟုမေးမြန်းကြ၏။ 11ထိုအခါ လူထုပရိသတ်တို့က “သူသည် ဂါလိလဲပြည်၊ နာဇရက်မြို့မှလာသော အရိယာသူတော်စင်ယေရှုဖြစ်သည်” ဟုပြန်ဖြေကြ၏။
ဗိမာန်တော်ကို သန့်ရှင်းစေတော်မူခြင်း
12ထို့နောက် ကိုယ်တော်ယေရှုသည် ဗိမာန်တော်သို့ ဝင်ရောက်၍ ထိုနေရာတွင် ရောင်းဝယ်ဖောက်ကားနေကြသောသူအားလုံးကို နှင်ထုတ်တော်မူ၏။ ငွေလဲလှယ်နေကြသောသူတို့၏စားပွဲများနှင့် ချိုးငှက်ရောင်းသောသူတို့၏ခုံများကို မှောက်လှန်တော်မူ၏။ 13ကိုယ်တော်သည် ထိုသူများအား “ကျမ်းစာ၌ ‘ငါ့အိမ်သည် ဝတ်ပြုဆုတောင်းရာအိမ်တော်ဟူ၍ ခေါ်ဝေါ်ခြင်းကို ခံရမည်’ ဟုဖော်ပြထားသော်လည်း သင်တို့သည် ၎င်းကို သူခိုးဓါးပြတို့ခိုအောင်းရာ ဖြစ်စေကြပြီ” ဟုမိန့်တော်မူ၏။ 14ထို့နောက် မျက်မမြင်များနှင့် ကိုယ်လက်အင်္ဂါချို့တဲ့သူတို့သည်လည်း ကိုယ်တော်ရှိရာ ဗိမာန်တော်သို့ လာရောက်ကြသဖြင့် ကိုယ်တော်သည် ထိုသူတို့ကို ကျန်းမာစေတော်မူ၏။ 15သို့သော် ဂျူးပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းတတ်ဆရာတို့သည် ဗိမာန်တော်အတွင်း၌ ကိုယ်တော်ပြုတော်မူသော အံ့ဖွယ်အမှုတို့ကိုလည်းကောင်း၊ “ဒါဝိဒ်၏သားတော်ကိုချီးမွမ်းပါ၏” ဟု ဗိမာန်တော်တွင် ကလေးငယ်များအော်ဟစ်နေကြသည်ကိုလည်းကောင်း မြင်လျှင် အလွန်ပင်အမျက်ဒေါသထွက်ကြလေ၏။
16ထို့ကြောင့် သူတို့သည် ကိုယ်တော်အား “ကလေးငယ်များ မည်သို့အော်ဟစ်နေကြသည်ကို ကြားပါသလော” ဟုမေးလေရာ ကိုယ်တော်ကလည်း “ငါကြား၏။ ကျမ်းစာ၌ ‘ဘုရားရှင်သည် ကလေးငယ်များနှင့် နို့စို့အရွယ်ကလေးတို့အတွက် ချီးမွမ်းစကားတို့ကိုသင်ပေးခဲ့ပြီးပြီ’ ဟူ၍ရေးသားထားသည်ကို သင်တို့မဖတ်ဖူးကြသလော” ဟုမိန့်တော်မူ၏။ 17ထို့နောက် ကိုယ်တော်သည် သူတို့ထံမှထွက်ခွာကာ ဗေသနိရွာ၌ တစ်ညတာ တည်းခိုတော်မူ၏။
အသီးမသီးသော သဖန်းပင်
18နောက်တစ်နေ့နံနက်စောစော၌ ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ပြန်ကြွလာသောအခါ လမ်းခုလတ်တွင် ဆာလောင်တော်မူ၏။ 19ထိုစဉ် ကိုယ်တော်သည် လမ်းဘေးတွင်ရှိသော သဖန်းပင်တစ်ပင်ကို မြင်တော်မူ၍ ထိုအပင်ရှိရာသို့ကြွတော်မူရာ အရွက်များမှလွဲ၍ မည်သည့်အရာမှမတွေ့ရသောကြောင့် ထိုအပင်အား “ယခုမှစ၍ မည်သည့်အခါမှ အသီးထပ်မသီးစေရ” ဟုမိန့်တော်မူသဖြင့် ထိုအပင်သည် ချက်ချင်းပင် ညှိုးနွမ်းခြောက်သွေ့သွားလေ၏။
20တပည့်တော်တို့သည်လည်း ထိုအခြင်းအရာကို မြင်သောအခါ အံ့ဩလျက် “သဖန်းပင်သည် ချက်ချင်းပင် မည်သို့ညှိုးနွမ်းခြောက်သွေ့သွားသနည်း” ဟုဆိုကြလေ၏။ 21ထိုအခါ ကိုယ်တော်က သူတို့အား “သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့သည် သံသယကင်းမဲ့စွာ ယုံကြည်မှုရှိကြလျှင် ငါသည် ဤသဖန်းပင်အား လုပ်ဆောင်သကဲ့သို့ သင်တို့သည်လည်း လုပ်နိုင်ကြရုံသာမက ဤတောင်ကိုပင် ‘ရွေ့သွားပြီး ပင်လယ်ထဲကိုကျစေ’ ဟု ဆိုလျှင် ထိုအတိုင်းပင်ဖြစ်လိမ့်မည်။ 22သင်တို့သည် မည်သည့်အရာကိုမဆို ယုံကြည်မှုရှိစွာနှင့် ဆုတောင်းကြလျှင် ထိုအရာကိုရရှိမည်ပင်ဖြစ်သည်” ဟုမိန့်တော်မူလေ၏။
ကိုယ်တော်ယေရှု၏အခွင့်အာဏာကို မေးမြန်းခြင်း
23ထို့နောက် ကိုယ်တော်ယေရှုသည် ဗိမာန်တော်သို့ဝင်၍ ဟောပြောသွန်သင်နေစဉ်တွင် ဂျူးပုရောဟိတ်အကြီးအကဲများနှင့် ဂျူးလူမျိုးအကြီးအကဲများသည် ကိုယ်တော်ထံသို့ ရောက်လာကြပြီး “သင်သည် ဤအရာများအား မည်သည့်အခွင့်အာဏာဖြင့် လုပ်ဆောင်နေသနည်း။ ထိုအခွင့်အာဏာကို သင့်အား မည်သူကပေးအပ်ထားသနည်း” ဟု မေးမြန်းကြ၏။ 24ကိုယ်တော်ယေရှုကလည်း “သင်တို့ ငါမေးသည့်မေးခွန်းကို ဖြေနိုင်လျှင် ဤအရာများအား မည်သူ၏အခွင့်အာဏာနှင့် လုပ်ဆောင်နေသည်ဆိုသည်ကို သင်တို့ကို ငါပြောမည်။ 25ယောဟန်သည် လူတို့အား ရေနှစ်မင်္ဂလာပေးရန် အခွင့်အာဏာကို ရွှေမြို့တော်ကပေးသလော၊ လူတစ်ဦးတစ်ယောက်ကပေးသလော” ဟုမေးမြန်းတော်မူ၏။ ထိုအခါ သူတို့အချင်းချင်းဆွေးနွေးပြီး “ငါတို့က ရွှေမြို့တော်ကပေးသည်ဟုဖြေလျှင် ယေရှုက ထိုသို့ဆိုလျှင် အဘယ်ကြောင့်ယောဟန်ကို သင်တို့ မယုံကြည်ကြသနည်းဟုမေးလိမ့်မည်။ 26လူတစ်ဦးတစ်ယောက်က ပေးခြင်းဖြစ်သည်ဟု ဖြေလျှင်လည်း လူတို့သည် ယောဟန်အား အရိယာသူတော်စင်ဖြစ်သည်ဟု ယုံကြည်ထားကြသည့်အတွက် လူတို့သည် ငါတို့အား တစ်ခုခုလုပ်မည်ကိုလည်း ကြောက်ရသည်” ဟုပြောဆိုကြ၏။ 27ထို့ကြောင့် သူတို့သည် ကိုယ်တော့်အား “အကျွန်ုပ်တို့မသိပါ” ဟုပြန်လည်လျှောက်တင်လေရာ ကိုယ်တော်ကလည်း “ဤသို့ဆိုလျှင် ငါသည်လည်း မည်သူ့အခွင့်အာဏာနှင့် ဤအရာများကိုလုပ်ဆောင်နေသည်ဆိုသည်ကို သင်တို့အား ပြောပြမည်မဟုတ်” ဟုပြန်လည်မိန့်ကြားလေ၏။
သားနှစ်ယောက်ပုံဥပမာ
28ကိုယ်တော်ယေရှုက သူတို့အား “သင်တို့မည်ကဲ့သို့ထင်ကြသနည်း။ လူတစ်ဦးတွင် သားနှစ်ယောက်ရှိရာ သူသည် သားအကြီးထံသို့သွားပြီး ‘သား၊ စပျစ်ခြံသို့ ယနေ့သွား၍အလုပ်လုပ်ပါ’ ဟုဆိုလေသည်။ 29ထိုသားကလည်း ‘အကျွန်ုပ်မသွားလိုပါ’ ဟုပြန်ဖြေသော်လည်း နောက်မှ နောင်တရ၍ စပျစ်ခြံကိုသွားလေ၏။ 30ထို့နောက် ဖခင်သည် သားငယ်ထံသို့သွားပြီး ထိုနည်းအတိုင်းပင် ပြောသည့်အခါ သားငယ်က ‘ဟုတ်ကဲ့ပါ အဖ၊ အကျွန်ုပ်သွားပါမည်’ ဟုပြန်ဖြေသော်လည်း မသွားဘဲနေ၏။ 31ထိုသားနှစ်ယောက်တွင် မည်သူသည် ဖခင်၏အလိုအတိုင်းလုပ်ဆောင်သောသူဖြစ်သနည်း” ဟုမေးတော်မူသောအခါ သူတို့က “ပထမသားဖြစ်ပါသည်” ဟုလျှောက်တင်လေရာ ကိုယ်တော်ကလည်း “သင်တို့အား ငါအမှန်ဆိုသည်ကား အခွန်ကောက်ခံသူတို့နှင့်ပြည့်တန်ဆာတို့သည်ပင် ဘုရားရှင်၏သာသနာတော်အတွင်းသို့ သင်တို့ထက်ဦးစွာဝင်ရောက်ကြရမည်ဖြစ်၏။ 32အကြောင်းမူကား ရေနှစ်မင်္ဂလာဆရာယောဟန်သည် သင်တို့၏အနီးသို့လာ၍ လမ်းမှန်ကိုပြသခဲ့သော်လည်း သင်တို့သည် သူ့ကို မယုံကြည်ကြ။ သို့သော် အခွန်ကောက်ခံသူများနှင့် ပြည့်တန်ဆာများမှာမူ သူ့အားယုံကြည်ကြ၏။ သင်တို့သည် ထိုအရာများအားမြင်ကြသော်လည်း သူ့အားယုံကြည်၍ သင်တို့၏အပြစ်ဒုစရိုက်များအတွက် နောင်တသံဝေဂရခြင်းများမရှိကြ။
စပျစ်ခြံပိုင်ရှင် ပုံဥပမာ
33နောက်ထပ်ပုံဥပမာတစ်ခုကို နားထောင်ကြလော့။ ခြံပိုင်ရှင်တစ်ယောက်သည် စပျစ်ပင်များကိုစိုက်ပြီးသောအခါ ခြံစည်းရိုးခတ်ပြီး ခြံထဲတွင် စပျစ်ရည်ညစ်ရန်ကျင်းကိုတူးပြီး မျှော်စင်ကိုလည်း တည်ဆောက်၏။ ပြီးနောက် ထိုခြံအတွက် ခြံအငှားသမားများကို ငှားရမ်းပြီး အခြားတိုင်းပြည်သို့ ခရီးထွက်လေ၏။ 34စပျစ်သီးများကို ရိတ်သိမ်းရမည့်အချိန်ရောက်လာသောအခါ ပိုင်ရှင်သည် သူ၏ဝေစုကိုယူရန် အစေခံများကို ခြံအငှားသမားတို့ထံသို့ စေလွှတ်လိုက်၏။ 35သို့သော် ထိုခြံအငှားသမားများသည် ပိုင်ရှင်၏အချို့အစေခံများကို ရိုက်နှက်၍ အချို့ကိုသတ်ပြီး အချို့ကို ကျောက်ခဲနှင့်ပေါက်ကြ၏။ 36ထိုအခါ ပိုင်ရှင်သည် ယခင်ကထက် ပို၍များပြားသောအစေခံများကို စေလွှတ်လိုက်သော်လည်း ခြံအငှားသမားတို့က ထိုအစေခံများကို ယခင်အတိုင်း ပြုကြ၏။ 37နောက်ဆုံးတွင် ခြံပိုင်ရှင်သည် မိမိ၏သားကိုစေလွှတ်၍ ‘ငါ၏သားကိုတော့ သူတို့အသေအချာပင် လေးစားကြလိမ့်မည်’ ဟုတွေးတော၏။ 38သို့သော် ခြံအငှားသမားတို့သည် ခြံပိုင်ရှင်၏သား လာနေသည်ကိုမြင်သောအခါ သူတို့အချင်းချင်း ‘ဤသူသည် အမွေဆက်ခံမည့်သူဖြစ်၏။ လာကြ၊ သူ့ကိုသတ်ပြီး သူ၏အမွေကိုရအောင်ယူကြစို့’ ဟုဆိုလျက် 39သူ့ကိုဖမ်းဆီးကြပြီး စပျစ်ခြံအပြင်ကို ဆွဲခေါ်သွား၍ သတ်ပစ်ကြ၏။ 40သို့ဖြစ်လျှင် စပျစ်ခြံပိုင်ရှင်ပြန်လာသောအခါ ထိုခြံအငှားသမားများကို မည်သို့ ပြုမည်နည်း” ဟုမေးတော်မူ၏။ 41သူတို့က “ခြံပိုင်ရှင်က သေချာပေါက် ထိုဆိုးယုတ်သောအငှားသမားများကို ပြင်းထန်စွာအဆုံးစီရင်မည်ဖြစ်၏။ ထို့နောက် စပျစ်ခြံအား ရိတ်သိမ်းသောအချိန်ရောက်သည့်အခါ သူ၏ဝေစုကိုပေးမည့် အခြားခြံအငှားသမားကို ငှားရမ်းမည်ဖြစ်၏” ဟုပြန်လည်လျှောက်တင်ကြလေ၏။ 42ကိုယ်တော်ကလည်း “‘တိုက်ဆောက်သူများသည် အရေးမပါသောအရာဟုထင်၍ ပစ်ပယ်ထားသောကျောက်သည် အရေးအပါဆုံးထောင့်ချုပ်ကျောက်ဖြစ်လာ၏။ ထိုအံ့ဖွယ်အမှုတို့ကို ဘုရားရှင်က ဖန်ဆင်းတော်မူ၏’ ဟု ရေးသားထားသောကျမ်းချက်ကို သင်တို့မဖတ်ဖူးကြသလော။ 43ထို့ကြောင့် သင်တို့အား ငါဆိုမည် ဘုရားရှင်၏သာသနာတော်အား သင်တို့ထံမှသိမ်းယူ၍ ထိုသာသနာတော်ကိုအသီးသီးစေသောသူကို ပေးတော်မူလိမ့်မည်။ 44ထိုကျောက်ပေါ်ကိုကျသောမည်သူမဆို အပိုင်းပိုင်းကျိုးကြေမည်ဖြစ်၍ ထိုကျောက်သည် တစ်စုံတစ်ယောက်အပေါ်သို့ ကျလျှင်လည်း ထိုသူသည် စိစိညက်ညက်ကြေသွားမည်ဖြစ်၏” ဟု မိန့်တော်မူ၏။
45ဂျူးပုရောဟိတ်အကြီးအကဲများနှင့် ဖာရိရှဲများသည် ကိုယ်တော်၏ပုံဥပမာကို ကြားလျှင် မိမိတို့ကို ရည်ညွှန်း၍ မိန့်တော်မူသည်ကို သိကြသဖြင့် 46ကိုယ်တော်အား ဖမ်းဆီးရန် ကြိုးစားကြသော်လည်း လူထုပရိသတ်တို့သည် ကိုယ်တော်ကို အရိယာသူတော်စင်တစ်ပါးအဖြစ် မှတ်ယူကြသောကြောင့် သူတို့သည် လူတို့ကို ကြောက်ကြ၏။

Currently Selected:

မဿဲ 21: TPV-RV

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in