မဿဲ 11
11
ရေနှစ်မင်္ဂလာဆရာယောဟန်အကြောင်း မိန့်တော်မူခြင်း
1ကိုယ်တော်ယေရှုသည် တပည့်တော်တစ်ဆယ့်နှစ်ပါးအား ထိုကဲ့သို့မိန့်မှာတော်မူပြီးနောက် အနီးပတ်ဝန်းကျင်ရှိ မြို့ရွာများသို့ သွားရောက်၍ ဟောပြောသွန်သင်ရန် ထိုအရပ်မှ ထွက်ခွာတော်မူ၏။
2ထိုအချိန်၌ အကျဉ်းထောင်ထဲတွင်ရှိနေသော ရေနှစ်မင်္လာဆရာယောဟန်သည် ကိုယ်တော်ပြုလုပ်ဆောင်ရွက်သော အမှုကိစ္စများကို ကြားသိရသောအခါ မိမိ၏တပည့်တို့ကို ကိုယ်တော်ယေရှုထံ စေလွှတ်၍ 3“ကိုယ်တော်သည် ကြွရောက်လာမည်ဆိုသည့် အရှင်ဖြစ်သလော သို့မဟုတ် ကျွန်ုပ်တို့ အခြားသူတစ်ဦးကို ထပ်မံ၍ စောင့်မျှော်ရဦးမည်လော” ဟုမေးလျှောက်စေ၏။
4ထိုအခါ ကိုယ်တော်ယေရှုက “သင်တို့ မြင်တွေ့ရ၊ ကြားသိရသမျှကို ယောဟန်ထံသို့ ပြန်သွား၍ ပြောပြကြလော့။ 5မျက်မမြင်များသည် မျက်စိပြန်မြင်ကြရပြီး ခြေထောက်မသန်စွမ်းသူများသည်လည်း လမ်းလျှောက်နိုင်ကြပြီ။ အနာကြီးရောဂါသည်များသည် ပျောက်ကင်းစင်ကြယ်သွားကြပြီး နားမကြားရသူများသည်လည်း နားပြန်ကြားနိုင်ကြပြီ။ သေသောသူများသည် အသက်ပြန်ရှင်ကြပြီး ဆင်းရဲသားများသည်လည်း မင်္ဂလာသတင်းကောင်းကို ကြားကြရပြီ။ 6ငါ့ကြောင့် စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏” ဟူ၍မိန့်တော်မူ၏။
7ထို့နောက် ယောဟန်၏တပည့်များ ထွက်ခွာသွားကြသောအခါ ကိုယ်တော်သည် လူထုပရိသတ်အား ယောဟန်အကြောင်းကို မိန့်ဆိုသည်မှာ “သင်တို့သည် တောကန္တာရထဲသို့ မည်သည်ကို မြင်လို၍ သွားကြသနည်း။ လေအဝှေ့တွင် ယိမ်းယိုင်နေကြသည့်မြက်ပင်ရှည်များကိုလော။ 8သို့မဟုတ်လျှင် မည်သည်ကို ကြည့်ရန်သွားကြသနည်း။ တန်ဖိုးကြီးသောအဝတ်အစားများ ဝတ်ဆင်ထားသောသူကိုလော။ တန်ဖိုးကြီးသော အဝတ်အစားများကို ဝတ်ဆင်သောသူတို့သည် ဘုရင့်နန်းတော်ထဲ၌သာရှိကြ၏။ 9ဤသို့ဆိုလျှင် သင်တို့သည် မည်သည်ကို သွားကြည့်ကြသနည်း။ အရိယာသူတော်စင်တစ်ပါးကိုလော။ မှန်ပေ၏။ သင်တို့အား ငါဆိုမည်ကား ယောဟန်သည် အရိယာသူတော်စင်တစ်ပါးထက် ပို၍ကြီးမြတ်သောသူဖြစ်၏။ 10ကျမ်းစာထဲတွင် ရေးသားဖော်ပြထားသည့် ‘ကြည့်ရှုလော့။ သင်၏လမ်းကို ပြင်ဆင်ပေးရန် ငါ၏စေတမန်ကို အလျင်ဦးစွာ ငါစေလွှတ်မည်’ ကျမ်းချက်ထဲမှသူသည် ဟောဟန်ပင်ဖြစ်၏။ 11သင်တို့အား ငါအမှန်ဆိုသည်ကား အမျိုးသမီးမှ မွေးဖွားကြသောသူများထဲတွင် ရေနှစ်မင်္ဂလာဆရာယောဟန်ထက် ကြီးမြတ်သည့်သူတစ်ယောက်မျှ မပေါ်ထွန်းသေးပေ။ သို့သော် ရွှေမြို့တော်၏သာသနာတော်ထဲမှ အနိမ့်ဆုံးသောသူသည်ပင် ယောဟန်ထက် ကြီးမြတ်၏။ 12ရေနှစ်မင်္ဂလာဆရာယောဟန်လက်ထက်မှစ၍ ယခုအချိန်ထိ ရွှေမြို့တော်၏သာသနာတော်သည် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခြင်းများခံခဲ့ရပြီး ရက်စက်ကြမ်းကြုတ်သောသူတို့သည် သာသနာတော်အား သိမ်းပိုက်ရန်ကြိုးစားခဲ့ကြ၏။ 13အကြောင်းမူကား အရိယာသူတော်စင်များအားလုံး၏ကျမ်းများနှင့် ရွှေမြို့တော်နှင့် ပတ်သက်၍ ကြိုတင်ဟောပြောထားသည့် ပညတ်ကျမ်းများသည် ယောဟန်ပေါ်ထွန်းလာသည်နှင့် မှန်ကန်လာမည်ဖြစ်သောကြောင့်ဖြစ်၏။ 14ဤသည်ကို သင်တို့လက်ခံရန် ဆန္ဒရှိကြလျှင် အရိယာသူတော်စင်တို့ ကြိုတင်ဟောကြားခဲ့သော ရောက်ရှိလာမည့် ဧလိယသည် ယောဟန်ပင်ဖြစ်၏။ 15နားရှိ၍ ကြားနိုင်ကြသောသူတို့၊ အာရုံစိုက်၍ နားထောင်ကြလော့။
16ယခုခေတ်လူတို့ကို မည်သည့်အရာနှင့် ခိုင်းနှိုင်းရမည်နည်းဆိုလျှင် ထိုသူတို့သည် ဈေးမှာထိုင်နေကြပြီး သူတို့၏ကစားဖော်များအား 17‘ငါတို့တီးမှုတ်ကြပေမယ့် သင်တို့သည်မကကြ။ ငါတို့ငိုချင်းကိုသီဆိုနေပေမယ့် သင်တို့ မငိုကြွေးကြ’ ဟုအော်ဟစ်လှမ်းခေါ်နေကြသော ကလေးငယ်တို့နှင့်တူ၏။ 18အကြောင်းမူကား ယောဟန်သည် ရောက်ရှိလာ၍ မစားမသောက်ဘဲနေလျှင် လူတို့က ‘သူ့ထံ၌ မကောင်းဆိုးဝါးပူးကပ်နေသည်’ ဟုဆိုကြ၏။ 19ဘုရားရှင်စေလွှတ်တော်မူသောလူ့သားတော်သည် ရောက်ရှိလာ၍ စားသောက်နေလျှင်လည်း သူတို့က ‘သူ့ကို ကြည့်ကြလော့။ သူသည် အစားအသောက်ကြူးသူဖြစ်ပြီး အခွန်ကောက်သူများနှင့် ဒုစရိုက်အပြစ်သားများ၏မိတ်ဆွေလည်းဖြစ်သည်’ ဟုပြောဆိုကြပြန်၏။ သို့သော် ဘုရားရှင်၏ဉာဏ်ပညာတော်သည် ဖြောင့်မတ်ကြောင်း မိမိ၏လုပ်ဆောင်မှုများဖြင့် ဖော်ပြ၏” ဟူ၍မိန့်တော်မူ၏။
နောင်တသံဝေဂမရသောမြို့များ
20ထို့နောက် ကိုယ်တော်ယေရှုသည် သူ၏အံဖွယ်အမှုများအား အများဆုံးပြုလုပ်ပေးခဲ့သောမြို့များရှိ လူတို့သည်နောင်တသံဝေဂမရကြသောကြောင့် စတင်၍ပြစ်တင်ပြောဆိုလေ၏။ 21“ခေါရာဇိန်မြို့သားတို့၊ သင်တို့သည် ဒုက္ခရောက်လိမ့်မည်။ ဗက်ဇဲဒမြို့၊ သင်တို့သည်လည်း ဒုက္ခရောက်ကြလိမ့်မည်။ အကြောင်းမူကား သင်တို့ထံတွင် ပြုခဲ့သော အံ့ဖွယ်အမှုကိစ္စများအား တုရုမြို့နှင့်ဇိဒုန်မြို့တွင်သာ ပြုလုပ်ခဲ့လျှင် ထိုမြို့များမှလူတို့သည် ဟိုးယခင်ကတည်းကပင် လျှော်တေအဝတ်များကိုဝတ်ဆင်၍ ခေါင်းပေါ်တွင်ပြာမှုန့်များလူးကာ နောင်တသံဝေဂရခဲ့ကြမည်ဖြစ်၏။ 22သို့သော် သင်တို့အား ငါဆိုမည်ကား တရားစီရင်တော်မူသောနေ့ကိုရောက်သောအခါ တုရုမြို့နှင့် ဇိဒုန်မြို့တို့သည် သင်တို့ထက် သက်ညှာစွာစီရင်ခံရကြမည်။ 23ထို့ပြင် ကပေရနောင်မြို့သားတို့၊ သင်တို့သည်လည်း ရွှေမြို့တော်သို့ ပို့ဆောင်ခြင်းခံရမည်လို့ ထင်နေကြသလော။ ထိုသို့မဟုတ်၊ သင်တို့သည် ငရဲသို့သာ ပစ်ချခြင်းခံရမည်သာဖြစ်၏။ အကြောင်းမူကား သင်တို့ထံတွင် လုပ်ဆောင်ခဲ့သော အံ့ဖွယ်အမှုကိစ္စများအား သောဒုံမြို့၌သာ လုပ်ဆောင်ခဲ့လျှင် ထိုမြို့သည် အခုအချိန်ထိ တည်ရှိနေဦးမည်ဖြစ်၏။ 24သင်တို့ကို ငါပြောရလျှင် တရားစီရင်တော်မူသည့်နေ့သို့ ရောက်သည့်အခါ ဘုရားရှင်သည် သောဒုံမြို့အား သင်တို့ထက်ပို၍ သက်ညှာစွာ စီရင်တော်မူလိမ့်မည်” ဟူ၍မိန့်တော်မူ၏။
စစ်မှန်သောငြိမ်းချမ်းမှု
25ထိုအချိန်တွင် ကိုယ်တော်ယေရှုက “ကောင်းကင်နှင့်မြေကြီး၏အရှင်သခင်ဖြစ်တော်မူသော အဖဘုရားရှင်။ မိမိကိုယ်မိမိ ပညာရှိ၍ ဉာဏ်ထက်မြက်သူဟု ထင်နေကြသူများထံမှ ထိုအကြောင်းအရာများကို ကွယ်ဝှက်ထားပြီး ကလေးငယ်များကဲ့သို့သောသူများအား ပြသတော်မူသည့်အတွက် အဖဘုရားရှင်၏ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းပါ၏။ 26ဤသို့ပြုလုပ်ခြင်းသည် အဖဘုရားရှင်၏ သဘောဆန္ဒဖြစ်သည့်အတွက်ကြောင့် မှန်ကန်ပါ၏။
27အခွင့်အာဏာအားလုံးကို ငါ၏အဖဘုရားရှင်က ငါ့အားပေးအပ်ထားပြီးဖြစ်၏။ အဖဘုရားရှင်ကလွဲ၍ သားတော်အား မည်သူမျှမသိနိုင်သကဲ့သို့ သားတော်နှင့် သားတော်ရွေးချယ်ထားသောသူများမှလွဲ၍ အဖဘုရားရှင်ကိုလည်း မည်သူမျှမသိနိုင်။
28လေးလံသောဝန်ထုပ်ဝန်ပိုးများကို ထမ်း၍ ပင်ပန်းနွမ်းနယ်နေသောသူများအားလုံး၊ ငါ့ထံသို့လာကြလော့။ ငါသည် သင်တို့အား ငြိမ်းချမ်းရာကိုပေးမည်။ 29ငါ၏ထမ်းပိုးကိုယူ၍ထမ်းကာ ငါ့ထံမှ သင်ယူကြလော့။ ငါသည် နူးညံ့သိမ်မွေ့၍ နှိမ့်ချသောစိတ်နှလုံးရှိသောကြောင့်၊ သင်၏စိတ်ဝိညာဉ်ငြိမ်းချမ်းရာကို သင်တွေ့လိမ့်မည်။ 30အကြောင်းမူကား ငါ၏ထမ်းပိုးသည် ထမ်းရလွယ်ပြီး ငါ၏ဝန်ထုပ်သည်လည်း ပေါ့ပါးသောကြောင့်ဖြစ်သည်” ဟုမိန့်တော်မူ၏။
Currently Selected:
မဿဲ 11: TPV-RV
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.