မဿဲ 10
10
သာဝကတစ်ဆယ့်နှစ်ဦးကို ရွေးချယ်စေလွှတ်တော်မူခြင်း
1ထို့နောက် ကိုယ်တော်ယေရှုသည် တပည့်တော်တစ်ဆယ့်နှစ်ဦးတို့ကိုခေါ်ယူရွေးချယ်၍ မကောင်းဆိုးဝါးများကို နှင်ထုတ်ရန်နှင့် အနာရောဂါအားလုံးတို့ကို ပျောက်ကင်းစေနိုင်သော အခွင့်အာဏာကို ပေးတော်မူ၏။ 2ထိုသာဝကတစ်ဆယ့်နှစ်ဦး၏အမည်များမှာ ပေတရုဟုခေါ်သော ရှိမုန်နှင့် သူ၏ညီအန္ဒြေ၊ ဇေဗေဒဲ၏သား ယာကုပ်နှင့် သူ၏ညီယောဟန်၊ 3ဖိလိပ္ပုနှင့်ဗာသောလမဲ၊ သောမနှင့် အခွန်ကောက်ခံသူမဿဲ၊ အာလဖဲ၏သား ယာကုပ်နှင့်သဒ္ဒဲ၊ 4မျိုးချစ်ပုဂ္ဂိုလ်ဟုခေါ်သော ရှိမုန်နှင့် နောင်တွင်ကိုယ်တော်ကို သစ္စာဖောက်မည့် ယုဒဣရှကာရုတ်တို့ ဖြစ်ကြ၏။
5ကိုယ်တော်ယေရှုသည် ထိုသာဝကတစ်ဆယ့်နှစ်ဦးအား “လူမျိုးခြားတို့ထံသို့ မသွားကြနှင့်။ ရှမာရိနယ်သားများရှိသော မြို့သို့လည်း မဝင်ကြနှင့်။ 6ထိုအစား ပျောက်ဆုံးနေသောသိုးများကဲ့သို့ ဖြစ်နေကြသည့် အစ္စရေးလူမျိုးတို့ထံသို့ သွားကြလော့။ 7သင်တို့သွားရာလမ်း၌ ‘ရွှေမြို့တော်၏သာသနာတော်သည် ပေါ်ထွန်းလုနီးပြီ’ ဟုဟောပြောကြလော့။ 8နာမကျန်းဖြစ်နေကြသူများအား ကျန်းမာစေပြီး သေသောသူများကို ပြန်ရှင်စေကြလော့။ အနာကြီးရောဂါသည်များကိုလည်း စင်ကြယ်စေပြီး မကောင်းဆိုးဝါးများကိုလည်း နှင်ထုတ်ကြလော့။ သင်တို့သည် ဤအစွမ်းအား အခမဲ့ရသည်ဖြစ်၍ အခြားသူတို့ကိုလည်း အခမဲ့ကူညီကြလော့။
9သင်တို့၏အိတ်ကပ်ထဲတွင်လည်း မည်သည့်ရွှေ၊ ငွေ၊ ကြေးဒင်္ဂါးများကိုမျှ ထည့်ယူမသွားကြနှင့်။ 10လမ်းခရီးအတွက် လွယ်အိတ်၊ အဝတ်အပို သို့မဟုတ် ဖိနပ်အပိုနှင့် တောင်ဝှေးတို့ကိုလည်း ယူမသွားကြနှင့်။ အကြောင်းမူကား အလုပ်လုပ်သောသူသည် ထိုက်တန်သည့်အဖိုးအခကို ရသင့်သောကြောင့်ဖြစ်၏။ 11မည်သည့်မြို့ရွာကိုမဆို သင်တို့ဝင်ကြသောအခါ ထိုမြို့ရွာတွင် သင်တို့အား လက်ခံကြိုဆိုမည့်သူကိုရှာ၍ ထို့မြို့ရွာမှမထွက်ခွာခင်အထိ ထိုသူ၏အိမ်၌သာ တည်းခိုနေထိုင်လော့။ 12အိမ်ထဲကိုဝင်သည့်အခါတွင်လည်း ထိုမိသားစုအတွက် ကောင်းကျိုးချမ်းသာများရရှိစေရန် ဆုမွန်ကောင်းတောင်းပေးကြလော့။ 13ထိုမိသားစုသည် ကောင်းကျိုးချမ်းသာနှင့်ထိုက်တန်လျှင် ဘုရားရှင်ထံမှ ကောင်းကျိုးချမ်းသာများကို ရရှိကြလိမ့်မည်။ သို့သော် ထိုမိသားစုသည် ထိုက်တန်ခြင်းမရှိပါက ကောင်းကျိုးချမ်းသာများသည် သူတို့အပေါ် တွင် သက်ရောက်လိမ့်မည်မဟုတ်။ 14အကယ်၍ အိမ်တစ်အိမ် သို့မဟုတ် မြို့တစ်မြို့သည် သင်တို့အား မကြိုဆို၊ သင်တို့၏စကားကို နားထောင်ရန် လက်မခံပါက ထို့အိမ် သို့မဟုတ် ထို့မြို့မှထွက်ခွာသည့်ချိန်၌ သင်တို့၏ခြေဖဝါးတွင်ရှိသော ဖုန်မှုန့်များအား ခါချခဲ့ကြလော့။ 15သင်တို့အား ငါအမှန်ဆိုသည်ကား တရားစီရင်သည့်နေ့၌ ဘုရားရှင်သည် ထိုမြို့တွင်ရှိသည့်လူများထက် သောဒုံမြို့နှင့် ဂေါမောရမြို့တွင်ရှိသောလူတို့အား ပို၍သက်ညှာစွာစီရင်လိမ့်မည်ဖြစ်၏။
16နားထောင်ကြလော့။ သင်တို့အား စေလွှတ်ခြင်းသည် ဝံပုလွေအုပ်ထဲသို့ သိုးများကို စေလွှတ်ခြင်းနှင့်တူ၏။ ထို့ကြောင့် သင်တို့သည် မြွေကဲ့သို့ လိမ္မာပါးနပ်၍ ချိုးငှက်ကဲ့သို့ ရိုးသားဖြူစင်ကြလော့။ 17လူတို့ကို သတိထားကြလော့။ အကြောင်းမူကား သူတို့သည် သင်တို့ကို ဖမ်းဆီး၍ တရားရုံးများတွင် အပ်နှံကြမည်ဖြစ်ပြီး သူတို့၏ဓမ္မာရုံများတွင်လည်း သင်တို့ကို ဒဏ်ခတ်ရိုက်နှက်ကြလိမ့်မည်။ 18ငါ၏နောက်လိုက်များ ဖြစ်သောကြောင့် သင်တို့ကို အာဏာပိုင်များနှင့် ရှင်ဘုရင်များ၏ရှေ့သို့ ခေါ်ဆောင်သွားခြင်းကို ခံကြရလိမ့်မည်။ ဤသို့ဖြင့် သင်တို့သည် ထိုသူတို့နှင့် လူမျိုးခြားများအား မင်္ဂလာသတင်းကောင်းကို သက်သေခံပြောကြားရသော အခွင့်ကိုရကြလိမ့်မည်။ 19သင်တို့အား ထိုကဲ့သို့အပ်နှံခြင်းခံကြရသည့်အခါ သင်တို့ မည်သည်ကိုပြောဆိုရမည် သို့မဟုတ် မည်ကဲ့သို့ပြောကြားရမည်ကို မစိုးရိမ်၊ မပူပန်ကြနှင့်။ အဘယ်ကြောင့်ဆိုသော် သင်တို့ မည်ကဲ့သို့ ပြောရမည်ဆိုသည်ကို ထိုအချိန်၌ပင် သင်တို့ရရှိကြလိမ့်မည်ဖြစ်၏။ 20အကြောင်းမူကား သင်တို့ပြောမည့် စကားတို့သည် သင်တို့ကိုယ်တိုင်ပြောဆိုခြင်းမဟုတ်ဘဲ ဉာဏ်အလင်းတော်က သင်တို့ထံမှတစ်ဆင့် ပြောဆိုသောကြောင့်ဖြစ်၏။
21ညီအကိုအချင်းချင်း တစ်ဦးကတစ်ဦးကိုလည်းကောင်း၊ ဖခင်ကလည်း သားသမီးကိုလည်းကောင်း သစ္စာဖောက်၍ သေစေကြလိမ့်မည်။ သားသမီးများသည်လည်း မိဘများကို ဆန့်ကျင်ပုန်ကန်၍ သေစေကြလိမ့်မည်။ 22ငါ့အတွက်ကြောင့်နှင့် လူအများက သင်တို့အား မုန်းတီးကြလိမ့်မည်။ သို့သော် ငါ့အားအဆုံးထိ ယုံကြည်ကြသောသူများသည် ကယ်တင်ခြင်းခံကြရလိမ့်မည်။ 23မြို့တစ်မြို့ရှိ လူများသည် သင်တို့အား နှိပ်စက်ညှင်းပန်းကြလျှင် အခြားမြို့တစ်မြို့သို့ ထွက်ပြေးကြလော့။ သင်တို့အား ငါအမှန်ဆိုသည်ကား အစ္စရေးပြည်၌ရှိသောမြို့တိုင်းသို့ သင်တို့မသွားနိုင်မီအချိန်တွင်ပင် ဘုရားရှင်စေလွှတ်တော်မူသော လူ့သားတော်သည် ကြွလာလိမ့်မည်ဖြစ်၏။
24ဆရာထက် ပို၍ကြီးမြတ်သော တပည့်ဆိုသည် မရှိသကဲ့သို့ မည်သည့်အစေခံကမျှလည်း သူ့အရှင်သခင်၏အထက်တွင် ရှိနေနိုင်မည်မဟုတ်။ 25ထို့ကြောင့် တပည့်သည် သူ၏ဆရာကဲ့သို့ဖြစ်လာပြီး အစေခံသည်လည်း သူ၏အရှင်သခင်ကဲ့သို့ဖြစ်လာလျှင် လုံလောက်ပြီဖြစ်၏။ အိမ်ထောင်ဦးစီးကိုပင် ‘မကောင်းဆိုးဝါး ဗေလဇေဗုလ’ ဟုခေါ်နေကြလျှင် မိသားစုဝင်များအား ပိုဆိုးရွားသောနာမည်များဖြင့် ခေါ်ကြလိမ့်မည်ဖြစ်၏။
26ထို့ကြောင့် ထိုသူတို့ကို ကြောက်ရွံ့ခြင်းမရှိကြနှင့်။ ဖုံးကွယ်ထားသမျှသောအရာတို့သည် ဖေါ်ထုတ်ခံရမည်ဖြစ်ပြီး လျှို့ဝှက်ထားသမျှတို့သည်လည်း ပေါ်လာရမည်ဖြစ်၏။ 27သင်တို့ကို ငါသီးသန့်ပြောဆိုသည်တို့ကို လူတို့အားပြောပြကြ၍ သင်တို့အနီးတွင် တီးတိုးကြားသည့် စကားများကိုလည်း လူတိုင်းကြားနိုင်စေရန် ကျယ်ကျယ်လောင်လောင် ပြောကြလော့။ 28ခန္ဓာကိုယ်ကိုသာ သတ်နိုင်ပြီး စိတ်ဝိညာဉ်ကို မသတ်နိုင်သောသူများအား မကြောက်ကြနှင့်။ ထိုအစား ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်နှစ်ခုစလုံးကို ငရဲတွင်ဖျက်ဆီးနိုင်သည့် ဘုရားရှင်တစ်ပါးတည်းကိုသာ ကြောက်ကြလော့။ 29စာကလေးနှစ်ကောင်ကို တန်ဖိုးနည်းသည့်ငွေဒင်္ဂါးတစ်ပြားနှင့် ရောင်းချကြသည်မဟုတ်လော။ သို့သော် အဖဘုရားရှင်၏အလိုတော်မပါဘဲ ထိုငှက်နှစ်ကောင်ထဲက တစ်ကောင်ကိုပင် မြေပေါ်သို့ ပြုတ်ကျအောင် လုပ်နိုင်မည်မဟုတ်။ 30ဘုရားရှင်သည် သင်၏ခေါင်းပေါ်ရှိ ဆံပင်မည်မျှရှိသည်ကိုပင် ရေတွက်ထားပြီးဖြစ်၏။ 31ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာကလေးများစွာထက်ပင် ပို၍အဖိုးထိုက်တန်၏။
32ထို့ကြောင့် မည်သူမဆို လူတို့ရှေ့၌ ငါ့အားလက်ခံကြောင်းပြောဆိုလျှင် ငါသည်လည်း ရွှေမြို့တော်၌ရှိသော ငါ၏အဖဘုရားရှင်ရှေ့မှောက်တွင် ထိုသူတို့ကို လက်ခံကြောင်းဆိုမည်။ 33သို့သော် လူတို့၏ရှေ့တွင် ငါ့အားငြင်းဆိုသောသူအား ရွှေမြို့တော်၌ရှိတော်မူသော ငါ့၏အဖဘုရားရှင်ရှေ့တွင်လည်း ထိုသူတို့ကို ငါငြင်းပယ်မည်။
34ငါသည် ဤကမ္ဘာမြေပေါ်သို့ ငြိမ်းချမ်းခြင်းကိုသာ ဆောင်ယူလာသည်ဟု မတွေးကြနှင့်။ ငါသည် ငြိမ်းချမ်းခြင်းကို ဆောင်ယူလာခြင်းမဟုတ်ဘဲ လူတို့အချင်းချင်းတိုက်ခိုက်ခြင်းကိုဖြစ်စေရန်လာ၏။ 35အကြောင်းမူကား သားသည် အဖေကိုဆန့်ကျင်၍ သမီးသည် အမေအားဆန့်ကျင်ရန်နှင့် ချွေးမသည် သူမ၏ယောက္ခမကို ဆန့်ကျင်ရန်အတွက် ငါလာခြင်းဖြစ်၏။ 36လူတစ်ဦး၏ရန်သူသည် ထိုသူ၏မိသားစုထဲမှပင် ဖြစ်လိမ့်မည်။
37အမိနှင့် အဖကို ငါ့ထက်ပို၍ ချစ်မြတ်နိုးသူသည် ငါနှင့်မထိုက်တန်သကဲ့သို့ သားနှင့်သမီးကို ငါ့ထက်ပို၍ ချစ်မြတ်နိုးသူသည်လည်း ငါနှင့်မထိုက်တန်။ 38မိမိ၏လက်ဝါးကပ်တိုင်ကို ကိုယ်တိုင်ထမ်း၍ ငါ့နောက်သို့ မလိုက်သောသူသည်လည်း ငါနှင့်မထိုက်တန်ပေ။ 39မိမိ၏အသက်ကို ဖက်တွယ်နေသောသူသည် အသက်ဆုံးရှုံးရမည်ဖြစ်သကဲ့သို့ ငါ့အတွက်နှင့် မိမိ၏အသက်ကို အဆုံးရှုံးခံနိုင်သောသူသည် အသက်ကို ရရှိမည်ဖြစ်၏။
လက်ခံသောသူအတွက် အကျိုးကျေးဇူး
40သင်တို့ကို ကြိုဆိုလက်ခံသောသူသည် ငါ့အားကြိုဆိုလက်ခံသောသူဖြစ်၍ ငါ့အားကြိုဆိုလက်ခံသော သူသည်လည်း ငါ့အားစေလွှတ်တော်မူသည့် အဖဘုရားရှင်ကို ကြိုဆိုလက်ခံသောသူပင်ဖြစ်၏။ 41အရိယာသူတော်စင်တစ်ပါးကို အရိယာသူတော်စင်အဖြစ် ကြိုဆိုလက်ခံသောသူသည် ထိုအရိယာသူတော်စင် ရရှိခံစားသည့်အကျိုးကျေးဇူးကို ရရှိခံစားရမည်ဖြစ်ပြီး ဖြောင့်မတ်သောသူကို ဖြောင့်မတ်သောသူအဖြစ် ကြိုဆိုလက်ခံသောသူသည်လည်း ဖြောင့်မတ်သောသူရရှိသည့် အကျိုးကျေးဇူးအား ရရှိခံစားရမည်ဖြစ်၏။ 42ထို့ပြင် ငါ၏နောက်လိုက်တပည့်တော်များထဲမှ တပည့်တော်တစ်ဦးဦးကို ရေအေးတစ်ခွက်မျှပင် တိုက်သောသူမည်သူမဆိုကား အကျိုးကျေးဇူးကို လုံးဝဆုံးရှုံးရမည်မဟုတ်” ဟုမိန့်တော်မူ၍ စေလွှတ်တော်မူ၏။
Currently Selected:
မဿဲ 10: TPV-RV
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.