Acts 19
19
1အာပေါလုသည် ကောရိန္သုမြို့၌ရှိနေစဉ် ပေါလုသည် ကုန်းတွင်းပိုင်းဒေသများကိုဖြတ်၍ ဧဖက်မြို့သို့ ရောက်ရှိလာလေ၏။ ထိုနေရာတွင် တပည့်တော်အချို့ကိုတွေ့သဖြင့် 2"သင်တို့သည် ယုံကြည်သူများဖြစ်လာကြသည့်အခါ ညဏ်အလင်းတော်အား ခံယူရရှိပါသလော" ဟုမေးလေရာ ထိုသူတို့က "ညဏ်အလင်းတော်ရှိသည်ဆိုသည်ကိုပင် ကျွန်ုပ်တို့မကြားဖူးပေ" ပြန်ဖြေကြလေ၏။ 3ပေါလုကလည်း "ဤသို့ဆိုလျှင် သင်တို့သည် မည်ကဲ့သို့ရေနှစ်မင်္ဂလာအာ ခံယူခဲ့ကြသနည်း" ဟု မေးသဖြင့် ထိုသူတို့ကလည်း "ယောဟန်သင်ကြားထားသည့်အတိုင်း ရေနှစ်မင်္ဂလာခံယူခဲ့ကြပါ၏" ဟု ဖြေကြလေ၏။ 4ထိုအခါ ပေါလုက "ယောဟန်သည် အပြစ်ဒုစရိုက်များမှ နောင်တသံဝေဂရကြသည့် လူတို့အား ရေနှစ်မင်္ဂလာပေးပြီး သူ၏နောက်တွင်ကြွလာသည့်သူအာ ယုံကြည်ကြရန် အစ္စရေးလူမျိုးတို့အား မိန့်မှာခဲ့၏။ ထိုကြွလာမည်ဆိုသောသူသည် ကိုယ်တော်ယေရှုဖြစ်သည်" ဟု ပြောဆိုလေ၏။ 5ထိုသူတို့သည်လည်း ပေါလု၏စကားကိုကြားလျှင် ကိုယ်တော်ယေရှု၏အမည်နာမ၌ ရေနှစ်မင်္ဂလာကိုခံယူကြလေ၏။ 6ပေါလုသည် သူတို့အပေါ်၌ လက်ကိုတင်သောအခါ ဉာဏ်အလင်းတော်သည် သူတို့အပေါ်သို့ သက်ရောက်၍ သူတို့သည် အခြားသောဘာသာစကားတို့ဖြင့် ပြောဆိုဟောပြောကြကုန်၏။ 7ထိုသူတို့အားလုံးသည် တစ်ဆယ့်နှစ်ယောက်ခန့်မျှရှိ၏။ 8ထို့နောက် ပေါလုသည် ဓမ္မာရုံသို့ဝင်၍ သုံးလပတ်လုံး ရဲရင့်စွာဟောပြောလေ၏။ သူသည် ဘုရားရှင်၏ သာသနာတော်အကြောင်းနှင့်ပတ်သက်သော အကြောင်းအရာများကို ဦးဆောင်၍ဆွေးနွေးပြောဆိုကာ လူတို့အား စည်းရုံးလေ၏။ 9သို့သော် လူအချို့တို့သည် ခေါင်းမာလျက် နာခံမှုမရှိဘဲ လူအများရှေ့တွင် ခရစ်တော်၏လမ်းစဉ်ကို မကောင်းပြောဆိုလာကြ၏။ ထို့ကြောင့် ပေါလုသည် ထိုသူတို့ကိုထားခဲ့ပြီး ယုံကြည်သူများအား သူတို့နှင့်ဝေးရာသို့ ခေါ်ဆောင်ကာ တုရန္နု၏ဟောပြောခန်းမတွင် စတင်၍ နေ့စဉ်ဟောပြောနေလေ၏။ 10ထိုသို့ နှစ်နှစ်ပတ်လုံး ဆွေးနွေးပြောဆိုသဖြင့် ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ၊ အာရှပြည်တွင် နေထိုင်ကြသောလူအားလုံးတို့သည် အရှင်ဘုရား၏ နှုတ်ကပါတ်တရားတော်ကို ကြားနာကြရ၏။ 11ဘုရားရှင်သည်လည်း ပေါလု၏လက်အားဖြင့် အလွန်ထူးခြားသော တန်ခိုးလက္ခဏာများကို ပြတော်မူ၏။ 12လူတို့သည် ပေါလုသုံးသော လက်ကိုင်ပဝါ သို့မဟုတ် ခါးစည်းအဝတ်တို့ကို နာမကျန်းဖြစ်သူများထံသို့ ယူသွား၍ထိတွေ့စေကြလျှင် ထိုသူတို့၏ရောဂါများသည်ပျောက်ကင်း၍ မကောင်းဆိုးဝါးများသည်လည်း သူတို့ထံမှထွက်သွားကြ၏။ 13အချို့သောဂျူးလူမျိုးများသည်လည်း လှည့်လည်သွားလာ၍ ကိုယ်တော်ယေရှု၏ အမည်နာမတော်အားဖြင့် မကောင်းဆိုးဝါးတို့အား နှင်ထုတ်ရန်ကြိုးစားကြလေ၏။ သူတို့သည် မကောင်းဆိုးဝါးတို့အား "ပေါလု ဟောပြောသည့် ကိုယ်တော်ယေရှု၏ အမည်နာမနှင့် ငါသည်သင်တို့ကို ထွက်သွားရန် အမိန့်ပေး၏" ဟုပြောဆိုကြလေ၏။ 14ဂျူးလူမျိုးဖြစ်သူ အကြီးဆုံးပုရောဟိတ်သကေဝ၏သား ခုနှစ်ဦးတို့သည်လည်း ထိုသို့ ပြုလုပ်ကြသောအခါ 15မကောင်းဆိုးဝါးက သူတို့အား "ကိုယ်တော်ယေရှုအား ငါသိ၏။ ပေါလုကိုလည်း ငါသည်သိ၏။ သို့သော် သင်တို့သည် မည်သူများဖြစ်ကြသနည်း" ဟုပြောဆိုကာ 16ထိုမကောင်းဆိုးဝါးပူးကပ်နေသူသည် သူတို့၏အပေါ်သို့ခုန်တက်ကာ သူတို့အားလုံးကို ပြင်းထန်စွာတိုက်ခိုက်သောကြောင့် သူတို့သည်ဒဏ်ရာများနှင့် ထိုအိမ်မှ အဝတ်ဗလာဖြင့် ထွက်ပြေးကြရ၏။ 17ဧဖက်မြို့၌နေထိုင်ကြသော ဂျူးလူမျိုးများနှင့် ဂရိလူမျိုးအပေါင်းတို့သည် ဤအကြောင်းအရာများကို ကြားသိရသောအခါ သူတို့သည် အလွန်ကြောက်ရွံ့၍ ကိုယ်တော်ယေရှု၏အမည်နာမတော်ကို ချီးမွမ်းကြလေ၏။ 18ယုံကြည်သူ များစွာတို့သည်လည်း လာ၍ မိမိတို့ပြုမိသောမှားယွင်းသည့်အရာများကို ပွင့်လင်းစွာထုတ်ဖော် ဝန်ခံကြ၏။ 19ထို့နောက် စုန်းအတတ်အား ကျင့်သုံးကြသောသူများစွာတို့သည်လည်း ထိုအတတ်ပညာနှင့် ပတ်သက်သောစာလိပ်များကို စုစည်းယူဆောင်လာ၍ လူအပေါင်းတို့ရှေ့၌ မီးရှို့ကြ၏။ ထိုစာအုပ်များ၏တန်ဖိုးကို တွက်ချက်ကြရာ ငွေဒင်္ဂါးငါးသောင်းဖိုးရှိကြောင်း တွေ့ရှိကြ၏။ 20ဤသို့ဖြင့် အရှင်ဘုရား၏နှုတ်ကပတ်တရားတော်သည် နေရာအနှံ့ပျံ့နှံ့လျက် တန်ခိုးအရှိန်အဝါသည်လည်း ကြီးထွားလာလေ၏။ 21ဤအဖြစ်အပျက်များပြီးဆုံးပြီးနောက် ပေါလုသည် မာကေဒေါနိပြည်နှင့်အခါယပြည်တို့ကို ဖြတ်သွား၍ ဂျေရုဆလင်မြို့သို့သွားရန် ဉာဏ်အလင်းတော်၏ဦးဆောင်မှုဖြင့် "ငါသည် ထိုမြို့သို့ ရောက်ပြီးလျှင် ရောမမြို့သို့လည်း သွားရမည်" ဟုဆုံးဖြတ်ချက်ချလေ၏။ 22သို့ဖြစ်၍ သူသည် မိမိ၏တပည့်နှစ်ဦးဖြစ်သော တိမောသေနှင့် ဧရတ္တုတို့ကို မာကေဒေါနိပြည်သို့ စေလွှတ်ပြီး သူသည် အာရှပြည်၌ ခေတ္တနေလေ၏။ 23ထိုအချိန်၌ ဧဖက်မြို့တွင် အရှင်ဘုရား၏ လမ်းစဉ်နှင့်ပတ်သက်၍ ကြီးမားသော အနှောက်အယှက်ပေါ်ပေါက်လာလေ၏။ 24အကြောင်းမူကား ဒေမေတရိဟုခေါ်သော ငွေပန်းထိမ်ဆရာတစ်ယောက်သည် အာတေမိနတ်ဘုရားမ၏ ငွေဗိမာန်ငယ်များကို ပြုလုပ်ခြင်းအားဖြင့် ပန်းထိမ်လုပ်သားများအတွက် များစွာစီးပွားဖြစ်ထွန်းစေသောသူဖြစ်၏။ 25သူသည် သူ၏အလုပ်သမားများနှင့်အတူ အလားတူလုပ်ငန်းမျိုး လုပ်ကိုင်နေကြသူများကိုခေါ်၍ စုဝေးစေပြီး "မိတ်ဆွေတို့၊ သင်တို့သိကြတဲ့အတိုင်း ဤလုပ်ငန်းကြောင့် ငါတို့သည် ကောင်းစွာ အကျိုးစီးပွားဖြစ်ထွန်းခဲ့ကြ၏။ 26သို့သော် ယခုသင်တို့ မြင်ရ၊ ကြားရသည့်အတိုင်း ပေါလုဆိုသည့်သူက လူတို့ပြုလုပ်သည့် ဘုရားများသည် ဘုရားအစစ်မဟုတ်ဟုပြောဆိုပြီး ဧဖက်မြို့တွင်သာမက အာရှပြည်တစ်ခွင်လုံးနီးပါးက လူများကိုပင် စည်းရုံးအောင်မြင်နေ၏။ 27ထို့ကြောင့် ငါတို့၏လုပ်ငန်းအား လူတို့သည် ကဲ့ရဲ့အပြစ်တင်ကြမည့် အန္တရာယ်ရှိနေသည်သာမက၊ အာရှပြည်နှင့် တစ်ကမ္ဘာလုံးက ကိုးကွယ်နေကြသည့် ကြီးမြတ်သော အာတေမိနတ်ဘုရားမ၏ဗိမာန်သည်လည်း အရာမထင်တော့ဘဲ သူမရဲ့ကြီးကျယ်မှုများသည် ပျောက်ပျက်ရတော့မည်ဖြစ်၏" ဟုပြေဆိုလေ၏။ 28သူတို့သည် ထိုစကားကိုကြားလျှင် ဒေါသအမျက်ကြီးစွာထွက်၍ "ဧဖက်မြို့သားတို့၏ နတ်ဘုရားမအာတေမိသည် ကြီးမြတ်၏" ဟုအော်ဟစ်ခဲ့ကြလေသည်။ 29များမကြာမီတွင် တစ်မြို့လုံးသည်လည်း ရုန်းရင်ဆန်ခတ်ဖြစ်၍ လူတို့သည် ပေါလုနှင့်အတူလိုက်ပါလာသော မာကေဒေါနိပြည်သား ဂါယုနှင့်အာရိတ္တာခုတို့ကို ဖမ်းဆီးပြီး ပွဲခန်းမထဲသို့ တစ်ဟုန်ထိုးပြေးဝင်သွားကြ၏။ 30ပေါလုသည် လူထုပရိတ်၏ရှေ့သို့ထွက်လိုသော်လည်း ယုံကြည်သူတို့က သူ့အားခွင့်မပြုကြပေ။ 31ပေါလု၏မိတ်ဆွေများဖြစ်ကြသော အရာရှိအကြီးအကဲအချို့တို့ကလည်း သူ့ထံသို့လူလွှတ်၍ ပွဲခန်းမထဲသို့ အရဲစွန့်ပြီးမသွားရန် တောင်းပန်ကြ၏။ 32လူအစုအဝေးသည်လည်း စိတ်ရှုတ်ထွေးကုန်ကြပြီး တစ်ယောက်တစ်မျိုးစီအော်ဟစ်နေကြ၏။ လူအများစုသည် သူတို့အဘယ်ကြောင့် ထိုအရပ်၌ရှိနေသည်ကိုပင် မသိကြတော့ချေ။ 33လူထုပရိတ်သတ်ထဲမှ ဂျူးလူမျိုးတို့သည် အလက်ဇန္ဒြားဆိုသူတစ်ဦးကို ရှေ့သို့တွန်းထုတ်ကြပြီး အခြေအနေကိုရှင်းပြရန် ပြောကြ၏။ သူသည်လည်း တိတ်တိတ်နေရန် လက်ရိပ်ပြလိုက်ပြီး စကားပြောရန်အတွက် ကြိုးစားလေ၏။ 34သို့သော် သူသည် ဂျူးလူမျိုးဖြစ်ကြောင်းကို သိသွားကြသောအခါ အားလုံးသည် တစ်သံတည်းဖြင့် "ဧဖက်မြို့သားတို့၏ နတ်ဘုရားမအာတေမိသည် ကြီးမြတ်သည်" ဟုနှစ်နာရီခန့်မျှ ကြွေးကြော်ကြ၏။ 35နောက်ဆုံးတွင် မြို့မှအရာရှိတစ်ဦးသည် လူအစုအဝေးအား တိတ်ဆိတ်စေပြီးလျှင် "ဧဖက်မြို့သားတို့၊ ဧဖက်မြို့သည် ကြီးမြတ်သော အာတေမိနတ်ဘုရားမ၏ ဗိမာန်နှင့် ကောင်းကင်မှကျလာသည့် ရုပ်ပွားတော်အား ထိန်းသိမ်းစောင့်ရှောက်သည့် မြို့ဖြစ်သည်ဆိုသည်ကို လူတိုင်းသိကြပါ၏။ 36ဤအရာသည် မည်သူမျှငြင်းဆို၍မရနိုင်သည့် အချက်ဖြစ်ဖြစ်သည့်အတွက် သင်တို့၏စိတ်ကို တည်ငြိမ်စေပြီး မည်သည့်အရာကိုမျှ မိုက်မိုက်မဲမဲမလုပ်သင့်ပေ။ 37သင်တို့သည် ဗိမာန်များအား လုယက်ခြင်းမရှိ၊ ငါတို့၏နတ်ဘုရားမကိုလည်း စော်ကားပြောဆိုခြင်းမရှိသည့် ဤလူများအား ဖမ်းခေါ်လာကြ၏။ 38ဒေမေတရိနှင့် သူ၏အလုပ်သမားများထဲမှ တစ်ယောက်ယောက်အား စွပ်စွဲစရာရှိလျှင် ငါတို့၏တရားသူကြီးများနှင့် တရားရုံးများရှိသည်ဖြစ်၍ ထိုနေရာတွင် တရားစွဲဆိုနိုင်ပါ၏။ 39သို့သော် သင်တို့သည် ထိုမျှမက ပို၍လိုအပ်ပါက ဤပြသနာအား တရားလွှတ်တော်သို့ ယူဆောင်သွားကြလော့။ 40ယနေ့ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွက် ငါတို့ထံတွင် ခိုင်မာသည့်အကြောင်းပြချက်မရှိသည့်အတွက် ငါတို့အား စွပ်စွဲခံရမည်ကိုပင် စိုးရိမ်ရ၏" ဟုပြောဆိုပြီးလျှင် 41သူသည် လူအစုအဝေးတို့အား လူစုခွဲလိုက်လေ၏။
Currently Selected:
Acts 19: TPV-RV
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.