YouVersion Logo
Search Icon

Acts 18

18
1ထို့နောက် ပေါလုသည် အေသင်မြို့မှထွက်ခွာ၍ ကောရိန္သုမြို့သို့ရောက်လေရာ 2ကောရိန္သုမြို့၌ အာကုလအမည်ရှိသော ဂျူးလူမျိုးတစ်ဦးနှင့် သူ၏ဇနီးဖြစ်သူ ပြစ်ကိလတို့ကို တွေ့ဆုံလေ၏။ အာကုလသည် ပုန္တုပြည်တွင်မွေးဖွားခဲ့ပြီး ကလောဒိမင်းသည် ဂျူးလူမျိုးအားလုံးတို့အား ရောမမြို့မှထွက်ခွာရန် အမိန့်ချမှတ်သဖြင့် သူတို့သည် မကြာသေးမီကပင် အီတလီနိုင်ငံမှ ရောက်လာခဲ့ကြခြင်းဖြစ်သည်။ ပေါလုသည် သူတို့ထံသို့သွား၍ 3သူတို့လည်း သူကဲ့သို့ပင် ရွက်ဖျင်တဲပြုလုပ်သူဖြစ်ကြောင်း သိသဖြင့် သူတို့နှင့်အတူနေထိုင်လျက် အတူအလုပ်လုပ်လေ၏။ 4ပေါလုသည် ဥပုသ်နေ့တိုင်းတွင် ဓမ္မာရုံ၌ဆွေးနွေးပြောဆိုလျက် ဂျူးလူမျိုးများနှင့် ဂရိလူမျိုးများကို စည်းရုံးရန်ကြိုးစားလေ၏။ 5ထို့နောက် သိလနှင့်တိမောသေတို့သည် မာကေဒေါနိပြည်မှ ရောက်ရှိလာကြသောအခါ ပေါလုသည် သူ၏အချိန်ဟူသမျှကို တရားဟောခြင်း၌ကုန်စေ၍ ကိုယ်တော်ယေရှုသည် ခရစ်တော်ဖြစ်သည့်အကြောင်းကို ဂျူးလူမျိုးများထံ သက်သေခံလေ၏။ 6သို့သော်လည်း ဂျူးလူမျိုးများသည် သူ့ကိုအားဆန့်ကျင်၍ စော်ကားပြောဆိုကြ၏။ ထို့ကြောင့် သူသည် သူ၏အဝတ်မှ ဖုန်မှုန့်ကိုခါချလျက် "သင်တို့တစ်ခုခုဖြစ်လျှင် သင်တို့အပြစ်နှင့်သင်တို့သာ ခံကြပေတော့။ ငါနှင့် မသက်ဆိုင်ပေ။ ယခုမှစ၍ ငါသည် တိုင်းတပါးသားများထံသို့သာ သွားတော့မည်ဖြစ်၏" ဟု ပြောဆိုပြီးနောက် 7သူသည် ဓမ္မာရုံမှထွက်ခွာကာ ဓမ္မာရုံဘေးဘက်တွင်ရှိသည့် ဘုရားရှင်အားကိုးကွယ်သူ တိတုယုစတုအမည်ရှိသောသူ၏ နေအိမ်သို့ သွားလေ၏။ 8ဓမ္မာရုံတာဝန်ခံကရိပ္ပုနှင့် သူ၏အိမ်သူအိမ်သားအားလုံးတို့မှစ၍ ပေါလုဟောကြားခဲ့သည်များကို ကြားနာခဲ့ရသော ကောရိန္သုမြို့သားများစွာသည်လည်း ကိုယ်တော့်အား ယုံကြည်ကြပြီး ရေနှစ်မင်္ဂလာခံယူကြလေ၏။ 9တစ်ညတွင် အရှင်ဘုရားသည် ပေါလုအား ရူပါရုံ၌ "ဟောပြောရန်မကြောက်နှင့်။ တိတ်ဆိတ်စွာမနေပါနှင့်။ 10ကြောင်းမူကား ငါသည် သင်နှင့်အတူရှိသည်ဖြစ်၍ သင့်အား မည်သူကမျှ တိုက်ခိုက်ပြီး အန္တရာယ်ပြုနိုင်မည်မဟုတ်ပေ။ ဤမြို့၌ ငါ၏လူများစွာရှိ၏" ဟုမိန့်တော်မူခဲ့၏။ 11သို့ဖြစ်၍ ပေါလုသည်လည်း ထိုမြို့၌ တစ်နှစ်ခွဲပတ်လုံးနေထိုင်၍ ဘုရားရှင်၏နှုတ်ကပတ်တရားတော်ကို ဟောပြော သွန်သင်လေ၏။ 12သို့သော် ဂါလျုန်သည် အခါယပြည်၏ အုပ်ချုပ်သူဖြစ်နေစဉ်တွင် ဂျူးလူမျိုးများသည်စုဝေး၍ ပေါလုအား ဖမ်းဆီးကာ တရားရုံးသို့ ခေါ်ဆောင်သွားကြပြီး 13"ဤလူသည် ပညတ်တရားအားဆန့်ကျင်သည့်နည်းလမ်းနှင့် ဘုရားရှင်အား ကိုးကွယ်ကြရန် လူတို့အားစည်းရုံးနေပါ၏" ဟုလျှောက်တင်ကြလေ၏။ 14ပေါလုသည်လည်း စကားပြောရန် ပြင်ချိန်တွင် ဂါလျုန်က ဂျူးလူမျိုးတို့အား "အို ဂျူးအမျိုးသားတို့၊ ဤအမှုသည် ဆိုးရွားသည့်ပြစ်မှု သို့မဟုတ် မှားယွင်းသည့်ပြစ်မှုတစ်ခုဆိုပါက ငါသည် သင်တို့ဂျူးလူမျိုးများ၏ တင်ပြချက်ကို နားထောင်မည်ဖြစ်၏။ 15သို့သော် ယခု သင်တို့၏ပညတ်တရားများ၊ နာမည်များနှင့် စကားလုံးများဖြစ်သည့်အတွက် သင်တို့ကိုယ်တိုင်ပင် ဖြေရှင်းကြလော့။ ငါသည် ဤကဲ့သို့သော အမှုမျိုးကို စီရင်ဖြေရှင်းမည်မဟုတ်ပေ" ဟုပြောဆိုပြီးနောက် 16ဂါလျုန်သည် သူတို့အား တရားရုံးမှ နှင်ထုတ်လေ၏။ 17ထိုအခါ လူအပေါင်းတို့သည် ဓမ္မာရုံတာဝန်ခံဖြစ်သူ သုဿင်ကို ဖမ်းဆီး၍ တရားရုံးရှေ့၌ပင် ရိုက်နှက်ကြလေ၏။ ဤသည်ကိုလည်း ဂါလျုန်သည် အနည်းငယ်မျှပင် စိတ်အနှောက်အယှက်မဖြစ်ခဲ့ပေ။ 18ထို့နောက် ပေါလုသည် ရက်ပေါင်းများစွာဆက်၍နေထိုင်ပြီးလျှင် ယုံကြည်သူများအား နှုတ်ဆက်ကာ ပြစ်ကိလ၊ အာကုလတို့နှင့်အတူ ဆီးရီးယားပြည်သို့ ရွက်လွှင့်သွားလေ၏။ ပေါလုသည် ရွက်မလွှင့်မီ ကတိသစ္စာပြုထားခဲ့သည့်အတိုင်း ကင်ခြေမြို့တွင် မိမိ၏ဆံပင်ကိုရိတ်ခဲ့လေ၏။ 19သူတို့သည် ဧဖက်မြို့သို့ ရောက်လာကြသောအခါ ပြစ်ကိလနှင့် အာကုလတို့ကို ထားရစ်ခဲ့ပြီး ပေါလုသည် ဓမ္မာရုံသို့ဝင်၍ ဂျူးလူမျိုးများနှင့် ဆွေးနွေးပြောဆိုလေ၏။ 20သူတို့ကလည်း ပေါလုအား မိမိတို့နှင့်အတူ နေထိုင်ရန်တောင်းဆိုကြသော်လည်း ပေါလုက ငြင်းဆန်၍ 21ထိုသူတို့အား "ဘုရားရှင်အလိုတော်ရှိရင် သင်တို့ထံသို့ ငါသည်နောက်တစ်ကြိမ်ပြန်လာဦးမည်" ဟုကတိပေးကာ ဧဖက်မြို့မှ ရွက်လွှင့်သွားလေ၏။ 22သူသည် ဆီဇာရီးယားမြို့သို့ရောက်လျှင် ဂျေရုဆလင်မြို့သို့သွား၍ အသင်းတော်ကိုနှုတ်ဆက်ပြီးနောက် အန္တိအုတ်မြို့သို့ ဆက်လက်ထွက်ခွာသွားလေ၏။ 23ထိုအရပ်၌ အချိန်အတော်ကြာနေပြီးနောက် သူသည်ထွက်ခွာလာပြီး ဂလာတိပြည်နှင့် ဖြူဂိပြည်တို့ကို ဆက်သွားပြီး ယုံကြည်သူအားလုံးတို့ကို ခွန်အားပေးလေ၏။ 24ထိုအချိန်တွင် အလက်ဇန္ဒြီးယားမှ အာပေါလုအမည်ရှိသော ဂျူးလူမျိုးတစ်ဦးသည် ဧဖက်မြို့သို့ ရောက်လာသည်။ သူသည် စကားပြောကောင်းပြီး ကျမ်းစာကိုလည်း နှံ့စပ်စွာတတ်ကျွမ်းသူဖြစ်၏။ 25သူသည် အရှင်ဘုရား၏ တရားလမ်းကို သင်ယူထားပြီး ယောဟန်၏ ရေနှစ်မင်္ဂလာပေးခြင်း အကြောင်းကိုသာ သိသော်လည်း စိတ်အားထက်သန်စွာဖြင့် ကိုယ်တော်ယေရှုအကြောင်းကို မှန်ကန်တိကျစွာ ဟောပြောသွန်သင်လေ၏။ 26သူသည် ဓမ္မာရုံ၌ ရဲရင့်စွာစတင်ဟောပြောလေ၏။ ပြစ်ကိလနှင့် အာကုလတို့သည် သူဟောပြောသည်ကို ကြားကြသောအခါ သူတို့နှင့်အတူ အိမ်သို့ခေါ်ဆောင်လာပြီး ဘုရားရှင်၏တရားလမ်းကို ပိုမိုမှန်ကန်တိကျစွာ ရှင်းပြကြ၏။ 27ထို့နောက် အာပေါလုသည် အခါယမြို့သို့သွားရန် ဆုံးဖြတ်လိုက်သောအခါ ဧဖက်မြို့ရှိယုံကြည်သူတို့သည် အခါယမြို့ရှိ ယုံကြည်သူများထံ စာရေး၍ သူ့အားကြိုဆိုလက်ခံကြရန် တိုက်တွန်းကြလေ၏။ သူရောက်သွားသောအခါ ဘုရားရှင်၏မဟာကရုဏာမေတ္တာတော်အားဖြင့် ယုံကြည်သူဖြစ်လာကြသူများအတွက် သူသည် ကြီးစွာသောအထောက်အပံ့ဖြစ်ခဲ့၏။ 28အကြောင်းမူကား ကိုယ်တော်ယေရှုသည် ကယ်တင်ရှင်မေရှိယဖြစ်ကြောင်းကို သူသည် ကျမ်းစာအားဖြင့်သက်သေပြကာ လူထုပရိသတ်ကြားတွင် ပြင်းပြင်းထန်ထန် ဆွေးနွေးငြင်းခုံခြင်းဖြင့် ဂျူးလူမျိုးများအား ချေပအနိုင်ယူခဲ့သောကြောင့်ဖြစ်၏။

Currently Selected:

Acts 18: TPV-RV

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in