YouVersion Logo
Search Icon

ရောမဩဝါဒစာ 16

16
နှုတ်ဆက်စကား
1ကင်ခြေ​မြို့​ရှိ​အသင်းတော်​၏​အမှု​ကို​ဆောင်ရွက်​သူ​ဖြစ်​သော ငါ​တို့​၏​နှမ ဖိဗေ​ကို သင်​တို့​ထံ မိတ်ဆက်​အပ်နှံ​လို​ပါ​၏။ 2သန့်ရှင်း​သူ​များ​ပြု​သင့်​သည့်​အတိုင်း သခင်​ဘုရား​၌ သူ့​ကို​လက်ခံ​၍ သင်​တို့​ထံမှ သူ​လိုအပ်​သမျှ​သော​အရာ​ကို ကူညီ​ဆောင်ရွက်​ပေး​ကြ​လော့။ အမှန်စင်စစ် သူ​သည် ငါ​ကိုယ်တိုင်​မှစ၍ များစွာ​သော​သူ​တို့​ကို ကူညီ​ခဲ့​သူ​ဖြစ်​၏။
3ခရစ်တော်​ယေရှု​၌ ငါ​၏​လုပ်ဖော်ဆောင်ဖက်​များ​ဖြစ်​ကြ​သည့် ပြစ်ကိလ​နှင့်​အာကုလ​တို့​ကို နှုတ်ဆက်​ပေး​ကြ​လော့။ 4သူ​တို့​သည် ငါ့​အသက်​ကို လည်စင်းခံ​၍​စောင့်ရှောက်​ပေး​သူ​များ​ဖြစ်​ကြ​၏။ ငါ​တစ်ဦးတည်း​သာမက လူမျိုးခြား​တို့​၏​အသင်းတော်​အပေါင်း​တို့​သည်​လည်း သူ​တို့​ကို ကျေးဇူးတင်​လျက်​ရှိ​ကြ​၏။ 5သူ​တို့​အိမ်​၌​ရှိ​သော​အသင်းတော်​ကို​လည်း နှုတ်ဆက်​ပေး​ကြ​လော့။ အာရှ​ပြည်​တွင် ခရစ်တော်​အတွက်​အသီးဦး​ဖြစ်​သူ ငါ​ချစ်​သော​ဧပဲနက်​ကို နှုတ်ဆက်​ပေး​ကြ​လော့။ 6သင်​တို့​အတွက် အလွန်​ကြိုးစား​လုပ်ဆောင်​ခဲ့​သူ မာရိ​ကို နှုတ်ဆက်​ပေး​ကြ​လော့။ 7ငါ​၏​အမျိုးသား​ချင်း​ဖြစ်​ပြီး ငါ​နှင့်အတူ​အကျဉ်းချ​ခံရ​သူ အန္ဒြောနိတ်​နှင့်​ယုနိ​တို့​ကို နှုတ်ဆက်​ပေး​ကြ​လော့။ သူ​တို့​သည် တမန်တော်​များ​ကြား​တွင် ထင်ပေါ်​ကျော်ကြား​သော​သူ​များ​ဖြစ်​ကြ​၍ ငါ့​ထက်​အလျင်​ဦးစွာ ခရစ်တော်​ကို​ယုံကြည်​သော​သူ​များ​လည်း ဖြစ်​ကြ​၏။ 8သခင်​ဘုရား​၌ ငါ​ချစ်​သော​အမ္ပလိ​ကို နှုတ်ဆက်​ပေး​ကြ​လော့။ 9ခရစ်တော်​၌ ငါ​တို့​၏​လုပ်ဖော်ဆောင်ဖက်​ဥရဗန်​နှင့် ငါ​ချစ်​သော​သတာခု​တို့​ကို နှုတ်ဆက်​ပေး​ကြ​လော့။ 10ခရစ်တော်​၌ ယုံကြည်​စိတ်ချ​ရ​သူ အပေလေ​ကို နှုတ်ဆက်​ပေး​ကြ​လော့။ အာရိတ္တောဗုလု​၏​အိမ်သူအိမ်သား​တို့​ကို နှုတ်ဆက်​ပေး​ကြ​လော့။ 11ငါ​၏​အမျိုးသား​ချင်း​ဟေရောဒီအုံ​ကို နှုတ်ဆက်​ပေး​ကြ​လော့။ သခင်​ဘုရား​၌​ရှိ​သော နာကိသု​၏​အိမ်သူအိမ်သား​တို့​ကို နှုတ်ဆက်​ပေး​ကြ​လော့။ 12သခင်​ဘုရား​၌​ကြိုးစား​လုပ်ဆောင်​နေ​သူ တရုဖဲန​နှင့်​တရုဖောသ​တို့​ကို နှုတ်ဆက်​ပေး​ကြ​လော့။ သခင်​ဘုရား​၌​အလွန်​ကြိုးစား​လုပ်ဆောင်​သူ ငါ​ချစ်​သော​ပေရသိ​ကို နှုတ်ဆက်​ပေး​ကြ​လော့။ 13သခင်​ဘုရား​၌​ရွေးကောက်​ခံရ​သော​သူ ရုဖု​နှင့် ငါ​၏​မိခင်​လည်း​ဖြစ်​သော သူ့​မိခင်​ကို နှုတ်ဆက်​ပေး​ကြ​လော့။ 14အသုံကရိတ်၊ ဖလေကုန်၊ ဟေရမေ၊ ပတ်ရောဘ၊ ဟေရမ​မှစ၍ သူ​တို့​နှင့်အတူ​ရှိ​သော ညီအစ်ကို​များ​ကို နှုတ်ဆက်​ပေး​ကြ​လော့။ 15ဖိလောလုပ်၊ ယုလိ၊ နေရု၊ နေရု​၏​နှမ​နှင့် ဩလုမ္ပ​မှစ၍ သူ​တို့​နှင့်အတူ​ရှိ​သော သန့်ရှင်း​သူ​အပေါင်း​တို့​ကို နှုတ်ဆက်​ပေး​ကြ​လော့။ 16အချင်းချင်း​သန့်ရှင်း​သော​အနမ်း​ဖြင့် နှုတ်ဆက်​ကြ​လော့။ ခရစ်တော်​၏​အသင်းတော်​အပေါင်း​တို့​သည် သင်​တို့​ကို​နှုတ်ဆက်​ကြ​၏။
သတိပေးနှိုးဆော်ခြင်း
17ညီအစ်ကို​တို့၊ သင်​တို့​ခံယူ​ပြီး​သော​သွန်သင်​ချက်​ကို​ဆန့်ကျင်​၍ ကွဲပြား​ခြင်း​နှင့်​မှားယွင်း​ခြင်း​တို့​ကို ဖြစ်ပွား​စေ​သော​သူ​တို့​ကို​သတိပြု​လျက် ရှောင်ရှား​ကြ​ရန်​သင်​တို့​အား ငါ​တိုက်တွန်း​နှိုးဆော်​၏။ 18အကြောင်းမူကား ထိုသို့​သော​သူ​တို့​သည် ငါ​တို့​၏​သခင်​ခရစ်တော်​ကို အစေ​မ​ခံ​ဘဲ မိမိ​တို့​၏​ဝမ်းဗိုက်​ကို​သာ အစေခံ​၍ ချိုသာ​သော​စကား​နှင့် မြှောက်ပင့်​သော​စကား​တို့​ဖြင့် ရိုးစင်း​သော​သူ​တို့​၏​စိတ်နှလုံး​ကို လှည့်ဖြား​တတ်​ကြ​၏။ 19သင်​တို့​၏​နာခံ​မှု​သည် လူ​အပေါင်း​တို့​တွင် ကျော်စော​သည်​ဖြစ်၍ သင်​တို့​အတွက် ငါ​ဝမ်းမြောက်​၏။ သို့ရာတွင် သင်​တို့​သည် ကောင်း​သော​အမှု​၌ ပညာရှိ​ဖြစ်​ကြ​ပြီး မကောင်း​သော​အမှု​၌ အပြစ်​ကင်းစင်​သော​သူ​ဖြစ်​ကြ​ရန် ငါ​အလိုရှိ​၏။
20ငြိမ်သက်​ခြင်း​၏​အရှင်​ဘုရားသခင်​သည် မကြာမီ​အတွင်း စာတန်​ကို သင်​တို့​၏​ခြေ​အောက်၌ ကြေမွ​စေ​တော်မူ​လိမ့်မည်။ ငါ​တို့​သခင်​ယေရှု​၏​ကျေးဇူး​တော်​သည် သင်​တို့​နှင့်အတူ​ရှိ​ပါစေသော။
21ငါ​၏​လုပ်ဖော်ဆောင်ဖက်​တိမောသေ၊ ငါ့​အမျိုးသား​ချင်း လုကိ၊ ယာသုန်​နှင့် သောသိပါတရု​တို့​သည် သင်​တို့​ကို​နှုတ်ဆက်​ကြ​၏။
22ဤ​စာ​ကို​ရေး​ပေး​သူ အကျွန်ုပ်​တေရတိ​သည် သခင်​ဘုရား​၌ သင်​တို့​ကို​နှုတ်ဆက်​ပါ​၏။
23ငါ​မှစ၍ အသင်းတော်​တစ်ခုလုံး​ကို​လက်ခံ​သော​အိမ်ရှင်​ဂါယု​သည် သင်​တို့​ကို​နှုတ်ဆက်​၏။ မြို့​တော်​ဘဏ္ဍာထိန်း​ဧရတ္တု​နှင့် ငါ​တို့​၏​ညီအစ်ကို​ကွာတု​တို့​သည် သင်​တို့​ကို​နှုတ်ဆက်​ကြ​၏။
24[ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ကျေးဇူး​တော်​သည် သင်​တို့​အားလုံး​နှင့်အတူ​ရှိ​ပါစေသော။ အာမင်။]
ဘုန်းတော်ကိုချီးမွမ်းခြင်း
25-26ငါ​ဟောပြော​သည့်​ကောင်းမြတ်​သော​သတင်း​နှင့် ယေရှု​ခရစ်တော်​အကြောင်း​ကို​ဟောပြော​ခြင်း​အားဖြင့်​လည်းကောင်း၊ ရှေး​ကာလ​ပတ်လုံး ဝှက်​ထား​ခြင်း​ခံရ​သော်လည်း ယခု​အခါ ထာဝရ​ဘုရားသခင်​၏​အမိန့်​တော်​အတိုင်း ပရောဖက်​ကျမ်း​များ​၌​ထင်ရှား​ပြီး ယုံကြည်​ခြင်း​နှင့်ဆိုင်သော​နာခံ​မှု​ရှိ​စေရန် လူမျိုး​အပေါင်း​တို့​အား​သိ​စေ​သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ဖွင့်ပြ​ခြင်း​အားဖြင့်​လည်းကောင်း သင်​တို့​ကို ခိုင်ခံ့​မြဲမြံ​စေ​နိုင်​သော​အရှင်​၊ 27ပညာ​နှင့်​ပြည့်စုံ​တော်မူ​သည့် တစ်ဆူတည်း​သော​ဘုရားသခင်​၌ ယေရှု​ခရစ်တော်​အားဖြင့် ကာလ​အစဉ်အဆက် ဘုန်း​အသရေ​တော်​ရှိ​ပါစေသော။ အာမင်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy