YouVersion Logo
Search Icon

ရောမဩဝါဒစာ 15

15
ခရစ်တော်၏စံနမူနာအတိုင်းလိုက်လျှောက်ခြင်း
1သို့ဖြစ်၍ ခွန်အား​ရှိ​သော​ငါ​တို့​သည် မိမိ​တို့​နှစ်သက်​သည့်​အတိုင်း​မ​ပြု​ဘဲ အားနည်း​သော​သူ​တို့​၏​အားနည်းချက်​တို့​ကို ထောက်မ​ပေး​သင့်​၏။ 2ငါ​တို့​အသီးသီး​သည် မိမိ​ဝန်းကျင်​၌​ရှိ​သော​သူ​ကို​တည်ဆောက်​မြှင့်တင်​ပေး​ရန် သူ​၏​ကောင်းကျိုး​ကို​ထောက်​၍ သူ့​ကို​နှစ်သက်​စေ​ရ​မည်။ 3အဘယ်ကြောင့်​ဆိုသော် “ကိုယ်တော်​ကို​ကဲ့ရဲ့​ပြစ်တင်​သော​သူ​တို့​၏​ကဲ့ရဲ့ပြစ်တင်​သော​စကား​သည် အကျွန်ုပ်​အပေါ်​သို့ ကျရောက်​ပါ​၏”#ဆာ 69:9။​ဟု ကျမ်းစာ​၌​ရေး​ထား​သည်​နှင့်အညီ ခရစ်တော်​ပင်လျှင် မိမိ​နှစ်သက်​သည့်​အတိုင်း​ပြု​တော်​မ​မူ​ခဲ့​ပေ။ 4အကြောင်းမူကား ရှေး​အခါ​က​ရေး​ထား​သမျှ​သော​အရာ​သည် ငါ​တို့​ကို​သွန်သင်​ရန်​ရေး​ထား​ခြင်း​ဖြစ်​ပြီး ကျမ်းစာ​၌​ပါ​သော သည်းခံ​ခြင်း​နှင့် နှစ်သိမ့်​ခြင်း​အားဖြင့် ငါ​တို့​၌ မျှော်လင့်​ခြင်း​ရှိ​စေရန်​ဖြစ်​၏။
5-6သင်​တို့​သည် ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​တည်းဟူသော ဘုရားသခင်​၏​ဘုန်း​တော်​ကို တစ်သံတည်း​ဖြင့် တညီတညွတ်တည်း​ချီးမွမ်း​နိုင်​ရန် သည်းခံ​ခြင်း​နှင့်​နှစ်သိမ့်​ခြင်း​တို့​၏​အရှင်​ဘုရားသခင်​သည် သင်​တို့​အား ခရစ်တော်​ယေရှု​၏​အလို​တော်​အတိုင်း အချင်းချင်း​တစ်စိတ်​တစ်သဘောတည်း​ရှိ​နိုင်​သော​အခွင့်​ကို ပေး​တော်မူ​ပါစေသော။
7ခရစ်တော်​သည် ဘုရားသခင်​၏​ဘုန်း​အသရေ​တော်​အတွက် သင်​တို့​ကို​လက်ခံ​သကဲ့သို့ သင်​တို့​သည်​လည်း တစ်ဦး​ကို​တစ်ဦး​လက်ခံ​ကြ​လော့။ 8တစ်ဖန် ငါ​ဆို​သည်​ကား ခရစ်တော်​သည် ဘုရားသခင်​၏​သမ္မာတရား​ကို​ထင်ရှား​စေရန် အရေဖျား​လှီး​ထား​သော​သူ​တို့​၏​အစေခံ​ဖြစ်​တော်မူ​၏။ ထိုသို့​ဖြစ်​တော်မူ​ခြင်းမှာ ရှေး​ဘိုးဘေး​တို့​အား ပေး​ထား​သော​ကတိ​တော်​တို့​ကို တည်မြဲ​စေရန်​နှင့် 9လူမျိုးခြား​တို့​သည်​လည်း ကရုဏာ​တော်​ကြောင့် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​ရန်​ဖြစ်​၏။ ဤသည်ကား ကျမ်းစာ​၌ “ထို့ကြောင့် အကျွန်ုပ်​သည် လူမျိုးခြား​တို့​အထဲတွင် ကိုယ်တော်​ကို​ထောမနာ​ပြု​၍ ကိုယ်တော်​၏​နာမ​တော်​ကို ချီးမွမ်း​သီဆို​ပါ​မည်”#၂ရာ 22:50၊ ဆာ 18:49၊ 57:9။​ဟု ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။ 10တစ်ဖန် “လူမျိုးခြား​တို့၊ ဘုရားသခင်​၏​လူမျိုး​တော်​နှင့်အတူ ဝမ်းမြောက်​ကြ​လော့”#တရား 32:43။​ဟု ဆို​ထား​၏။ 11ထို့နောက် တစ်ဖန် “လူမျိုးခြား​အပေါင်း​တို့၊ ထာဝရ​ဘုရား​ကို​ချီးမွမ်း​ကြ​လော့။ လူမျိုး​အပေါင်း​တို့၊ ကိုယ်တော်​ကို​ချီးမွမ်း​ကြ​လော့”#ဆာ 117:1။​ဟု ဆို​ထား​၏။ 12တစ်ဖန် ဟေရှာယ​က​လည်း “ယေရှဲ​၏​အမြစ်​ပေါက်​လိမ့်မည်။ ထို​သူ​သည် လူမျိုးခြား​တို့​ကို​အုပ်ချုပ်​ရန် ပေါ်ထွန်း​သော​သူ​ဖြစ်​၏။ လူမျိုးခြား​တို့​သည် သူ့​ကို​မျှော်လင့်​အားထား​ကြ​လိမ့်မည်”#ဟေရှာ 11:10။​ဟု ဆို​ထား​၏။
13သင်​တို့​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​တန်ခိုး​အားဖြင့် မျှော်လင့်​ခြင်း​နှင့်​ကြွယ်ဝ​မည့်​အကြောင်း မျှော်လင့်​ခြင်း​၏​အရှင်​ဘုရားသခင်​သည် ယုံကြည်​ခြင်း​မှ​လာ​သော ဝမ်းမြောက်​ခြင်း​နှင့်​ငြိမ်သက်​ခြင်း​အလုံးစုံ​တို့​ဖြင့် သင်​တို့​ကို​ပြည့်စုံ​စေ​တော်မူ​ပါစေသော။
ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့် ပေါလု၏ဆောင်ရွက်မှု
14ငါ့​ညီအစ်ကို​တို့၊ သင်​တို့​ကိုယ်တိုင် ကောင်းမြတ်​ခြင်း​နှင့်​ပြည့်ဝ​လျက် အသိပညာ​အမျိုးမျိုး​နှင့်​ပြည့်စုံ​ကာ အချင်းချင်း​ကို​သတိပေး​ဆုံးမ​နိုင်​ကြ​သည်​ဟု သင်​တို့​နှင့်​ပတ်သက်၍ ငါ​ယုံကြည်​စိတ်ချ​၏။ 15-16သို့သော် လူမျိုးခြား​တို့​အတွက် ငါ့​ကို​ခရစ်တော်​ယေရှု​၏​အမှု​တော်​ကို​ထမ်းဆောင်​သူ​ဖြစ်​စေ​၍ ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​နှင့်​ဆိုင်သည့်​ယဇ်ပုရောဟိတ်​အမှု​ကို​ဆောင်ရွက်​စေ​ပြီး ထို​လူမျိုးခြား​တို့​ကို​သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​သည့်​နှစ်သက်​လက်ခံ​ဖွယ်​ပူဇော်သက္ကာ​ဖြစ်​စေရန် ငါ့​အား ဘုရားသခင်​ပေး​တော်မူ​သော ကျေးဇူး​တော်​အားဖြင့် သင်​တို့​ကို တစ်ဖန်​သတိပေး​ရန် တချို့​အပိုင်း​၌ ငါ​ရဲဝံ့​စွာ ရေး​ခဲ့​၏။
17သို့ဖြစ်၍ ငါ​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သော​အရာ​တို့​၌ ခရစ်တော်​ယေရှု​အားဖြင့် ဝါကြွား​စရာ​အကြောင်း​ရှိ​၏။ 18အကြောင်းမူကား လူမျိုးခြား​တို့​နာခံ​မှု​ရှိ​စေရန် ခရစ်တော်​သည် ငါ့​ကို​အသုံးပြု​၍ တရား​စကား​နှင့်​လုပ်ဆောင်​မှု​အားဖြင့်​လည်းကောင်း၊ 19နိမိတ်​လက္ခဏာ​များ​နှင့်​အံ့ဩဖွယ်ရာ​များ​၏​တန်ခိုး​အားဖြင့်​လည်းကောင်း၊ ဘုရားသခင်​၏​ဝိညာဉ်​တော်​တန်ခိုး​အားဖြင့်​လည်းကောင်း ပြု​တော်မူ​သော​အမှုအရာ​တို့​မှအပ ငါ​သည် မည်သည့်​အရာ​ကို​မျှ အရဲစွန့်​၍​မ​ပြော​လို​ပေ။ ဤသို့ဖြင့် ငါ​သည် ဂျေရုဆလင်​မြို့​မှစ၍ ဣလုရိတ်​ပြည်​တိုင်အောင် ပတ်​သွား​ကာ ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​ကို စုံလင်​စွာ​ဟောပြော​ခဲ့​၏။ 20ထိုသို့​ဟောပြော​ရာ​၌ ငါ​သည် သူတစ်ပါး​၏​အုတ်မြစ်​ပေါ်တွင် တည်ဆောက်​ခြင်း​မ​ပြု​မည့်​အကြောင်း ခရစ်တော်​၏​အမည်​နာမ​ကို ကြားသိ​ခြင်း​မ​ရှိ​သေး​သော​အရပ်​၌ ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ရန် ရည်မှန်း​ကြိုးစား​လာ​ခဲ့​၏။ 21ဤသည်ကား “ကိုယ်တော်​၏​အကြောင်း​ကို​ဖော်ပြ​ခြင်း​မ​ခံရ​ဖူး​သော​သူ​တို့​သည် မြင်​ကြ​၍ မ​ကြား​ဖူး​သော​သူ​တို့​သည် နားလည်​ကြ​လိမ့်မည်”#ဟေရှာ 52:15။​ဟု ကျမ်းစာ​၌ ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။
ရောမမြို့သို့သွားရန်ပေါလုစီစဉ်ခြင်း
22ဤ​အကြောင်း​ကြောင့် ငါ​သည် သင်​တို့​ထံသို့​မ​လာ​ရန် အဖန်ဖန်​တားဆီး​ခြင်း​ကို ခံ​ခဲ့​ရ​သော်လည်း 23ယခု​အခါ ဤ​အရပ်​တို့​၌ ငါ​လုပ်ဆောင်​ရ​မည့်​နေရာ​မ​ရှိ​တော့​သည့်​အပြင် သင်​တို့​ထံသို့​လာ​ရန် နှစ်​ပေါင်း​များစွာ​ကပင် ဆန္ဒ​ရှိ​ခဲ့​သည်​နှင့်အညီ 24စပိန်​ပြည်​သို့ ငါ​သွား​သောအခါ သင်​တို့​ကို လမ်းကြုံ​ဝင်​တွေ့​၍ အတော်အတန်​အလိုဆန္ဒ​ပြည့်စုံ​အောင် သင်​တို့​နှင့်အတူ​နေ​ပြီးမှ သင်​တို့​၏​ပို့ဆောင်​ပေး​ခြင်း​အားဖြင့် ထို​ပြည်​သို့​သွား​မည်​ဟု ငါ​မျှော်လင့်​ထား​၏။ 25သို့သော် ယခု ငါ​သည် သန့်ရှင်း​သူ​များ​၏​အမှု​ကို​ဆောင်ရွက်​ရန် ဂျေရုဆလင်​မြို့​သို့ သွား​ရ​မည်။ 26အဘယ်ကြောင့်​ဆိုသော် မာကေဒေါနိ​ပြည်သား​နှင့် အခါယ​ပြည်သား​တို့​သည် ဂျေရုဆလင်​မြို့​၌​ရှိ​သော သန့်ရှင်း​သူ​များ​ထဲမှ ဆင်းရဲ​သော​သူ​တို့​ကို ကူညီ​ပံ့ပိုး​ပေး​ရန် စေတနာ​စိတ်​ရှိ​ကြ​၏။ 27သူ​တို့​သည် စေတနာ​စိတ်​ရှိ​ကြ​သည်​မှန်​သကဲ့သို့ ထို​သူ​တို့​အပေါ် အကြွေး​တင်​သူ​များ​လည်း​ဖြစ်​ကြ​၏။ အကြောင်းမူကား လူမျိုးခြား​တို့​သည် ထို​သူ​တို့​၏​ဝိညာဉ်ရေး​နှင့်ဆိုင်သော​အရာ​များ​ကို မျှဝေ​ခံယူ​ရ​ကြ​သည်​ဆို​လျှင် ရုပ်ဝတ္ထု​နှင့်ဆိုင်သော​အရာ​များ​အားဖြင့် သူ​တို့​၏​အမှု​ကို ဆောင်ရွက်​ပေး​သင့်​၏။ 28ထို့ကြောင့် ငါ​သည် ဤ​အမှုကိစ္စ​ကို ပြီးစီး​အောင်​ဆောင်ရွက်​၍ ဤ​အလှူ​ပစ္စည်း​ကို သူ​တို့​အား သေချာ​စွာ​အပ်နှင်း​ပြီးမှ သင်​တို့​နေရာ​ကို​ဖြတ်​လျက် စပိန်​ပြည်​သို့​သွား​မည်။ 29သင်​တို့​ထံသို့ ငါ​လာ​သောအခါ ခရစ်တော်​၏​ကောင်းချီး​မင်္ဂလာ​အပြည့်အစုံ​နှင့်​လာ​မည်​ကို ငါ​သိ​၏။
30ညီအစ်ကို​တို့၊ ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​နှင့် ဝိညာဉ်​တော်​၏​ချစ်​ခြင်း​မေတ္တာ​အားဖြင့် သင်​တို့​အား ငါ​တောင်းပန်​လို​သည်​မှာ 31ငါ​သည် ယုဒ​ပြည်​ရှိ မ​ယုံကြည်​သူ​တို့​၏​လက်​မှ ကယ်နုတ်​ခြင်း​ခံရ​ပြီး ဂျေရုဆလင်​မြို့​အတွက် ငါ​ဆောင်ရွက်​သော​အမှု​သည် သန့်ရှင်း​သူ​များ​ရှေ့​တွင် နှစ်သက်​လက်ခံ​ဖွယ်​ဖြစ်​သဖြင့် 32ဘုရားသခင်​၏​အလို​တော်​အားဖြင့် ဝမ်းမြောက်​သော​စိတ်​နှင့် သင်​တို့​ထံသို့​ငါ​လာ​၍ သင်​တို့​နှင့်အတူ နှစ်သိမ့်​သက်သာ​ခြင်း​ကို​ခံစား​နိုင်​မည့်​အကြောင်း ငါ​နှင့်အတူ​ကြိုးစား​အားထုတ်​၍ ငါ့​အတွက် ဘုရားသခင်​ထံ​ဆုတောင်း​ကြ​လော့။ 33ငြိမ်သက်​ခြင်း​၏​အရှင်​ဘုရားသခင်​သည် သင်​တို့​အားလုံး​နှင့်အတူ​ရှိ​ပါစေသော။ အာမင်။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy