YouVersion Logo
Search Icon

ဒေသနာကျမ်း 9

9
သေရမည့်ဘဝကိုပင် မက်မောနေခြင်း
1ငါ​သည် ဤ​အရာ​အလုံးစုံ​တို့​ကို နှလုံးသွင်းဆင်ခြင်​၍ ဤ​အရာ​အားလုံး​ကို​ဆန်းစစ်​၏​။ ၎င်း​မှာ ဖြောင့်မတ်​သော​သူ​များ​ဖြစ်စေ​၊ ပညာရှိ​သော​သူ​များ​ဖြစ်စေ​၊ သူ​တို့​၏​လုပ်ဆောင်မှု​များ​ဖြစ်စေ ဘုရားသခင်​၏​လက်​တော်​၌​ရှိ​သည်​ဟူ၍​ဖြစ်​၏​။ ချစ်​သည်​ဖြစ်စေ​၊ မုန်း​သည်​ဖြစ်စေ လူ​သည် ရှေ့​ဖြစ်​မည့်​အရာ​တစ်စုံတစ်ခု​ကို​မျှ မ​သိ​ပေ​။ 2ဖြောင့်မတ်​သော​သူ​နှင့် ဆိုးယုတ်​သော​သူ​ဖြစ်စေ​၊ ကောင်း​သော​သူ​နှင့် မကောင်း​သော​သူ#9:2 အချို့မူရင်းကျမ်း၌ “မကောင်းသောသူ”မပါ။​ဖြစ်စေ​၊ စင်ကြယ်​သော​သူ​နှင့် မစင်ကြယ်​သော​သူ​ဖြစ်စေ​၊ ယဇ်ပူဇော်​သော​သူ​နှင့် ယဇ်​မ​ပူဇော်​သော​သူ​ဖြစ်စေ​၊ သူတော်ကောင်း​နှင့် အပြစ်ပြု​သော​သူ​ဖြစ်စေ​၊ ကျိန်ဆို​သော​သူ​နှင့် ကျိန်ဆို​ခြင်း​ကို​ကြောက်​သော​သူ​ဖြစ်စေ အားလုံး​သည် အားလုံး​နည်းတူ တစ်ခုတည်း​သော​အဖြစ်​နှင့်​ကြုံတွေ့​ရ​၏​။ 3အားလုံး​သည် တစ်ခုတည်း​သော​အဖြစ်​နှင့်​ကြုံတွေ့​ရ​သည်​ဟူသော​ဤ​အချက်​သည် နေ​အောက်​တွင်​ပြု​သမျှ​သော​အမှု​ထဲမှ မကောင်း​သော​အမှု​ဖြစ်​၏​။ လူသား​တို့​၏​စိတ်နှလုံး​သည်​လည်း မကောင်းမှု​နှင့်​ပြည့်နှက်​လျက်​ရှိ​၍ သူ​တို့​အသက်ရှင်​စဉ် သူ​တို့​၏​စိတ်နှလုံး​ထဲ၌ ရူးသွပ်​ခြင်း​ရှိ​၏​။ ထို့နောက်တွင် သူ​တို့​သည် သေဆုံး​ကြ​ရ​၏​။ 4အမှန်စင်စစ် အသက်ရှင်​သော​သူ​အားလုံး​တို့​တွင်​ပါဝင်​လျက်​ရှိ​သော​သူ​၌ မျှော်လင့်​ခြင်း​ရှိ​၏​။ အသက်ရှင်​သော​ခွေး​သည် သေ​သော​ခြင်္သေ့​ထက် ပို၍​ကောင်း​၏​။ 5အကြောင်းမူကား အသက်ရှင်​သော​သူ​တို့​သည် မိမိ​တို့​သေ​ရ​မည်​ကို သိ​ကြ​၏​။ သေ​သော​သူ​တို့​မူကား မည်သည့်​အရာ​ကို​မျှ​မ​သိ​ကြ​။ သူ​တို့​နှင့်ဆိုင်သော​အောက်မေ့စရာ​များ​ပင်လျှင် မေ့လျော့​ခြင်း​ခံရ​သည်​ဖြစ်၍ သူ​တို့​အတွက် ဆုလာဘ်​လည်း နောက်ထပ်​မ​ရှိ​တော့​ပေ​။ 6သူ​တို့​၏​ချစ်ခြင်းမေတ္တာ​၊ သူ​တို့​၏​မုန်းတီး​ခြင်း​၊ သူ​တို့​၏​မနာလိုဝန်တို​ခြင်း​တို့​သည်​လည်း ပျက်စီး​ပြီ​ဖြစ်​၏​။ နေ​အောက်​တွင်​ပြု​သမျှ​သော​အမှု​၌ သူ​တို့​အတွက် နောက်တစ်ဖန်​မည်သည့်​ဝေစု​မျှ ရှိ​တော့​မည်​မ​ဟုတ်​။ 7သွား​လော့​။ သင်​၏​အစားအစာ​ကို ဝမ်းမြောက်​စွာ​စား​လော့​။ သင်​၏​စပျစ်ဝိုင်​ကို​လည်း ကြည်ရွှင်​သော​စိတ်နှလုံး​ဖြင့် သောက်​လော့​။ အကြောင်းမူကား ဘုရားသခင်​သည် သင်​ပြုလုပ်​သော​အမှု​များ​ကို နှစ်သက်​တော်မူ​ပြီ​။ 8သင်​၏​အဝတ်​များ​သည် အစဉ်အမြဲ​ဖြူ​နေ​ပါစေ​။ သင်​၏​ခေါင်း​ပေါ်မှ​နံ့သာဆီ​ကို​လည်း မ​ခန်းခြောက်​စေ​နှင့်​။ 9နေ​အောက်​တွင်​ရှိ​သည့် သင်​၏​အချည်းနှီး​သော​နေ့ရက်​အားလုံး​ဖြစ်​သည့် နေ​အောက်​တွင် သင့်​အား​ပေးသနား​တော်မူ​သော သင်​၏​အချည်းနှီး​သော​အသက်တာ​၏​နေ့ရက်​အားလုံး​တို့​၌ သင်​ချစ်​သော​မယား​နှင့်အတူ ရွှင်လန်း​စွာ​အသက်ရှင်​လော့​။ အကြောင်းမူကား ဤ​အရာ​သည် သင်​၏​အသက်တာ​၌​လည်းကောင်း​၊ နေ​အောက်​တွင် သင်​ကြိုးပမ်းအားထုတ်​သော သင်​၏​ကြိုးပမ်းအားထုတ်မှု​၌​လည်းကောင်း သင်​ရရှိ​သော​ဝေစု​ဖြစ်​၏​။ 10သင်​လုပ်ဆောင်စရာအမှု​ရှိသမျှ​ကို ခွန်အား​စိုက်ထုတ်​၍​လုပ်ဆောင်​လော့​။ အကြောင်းမူကား သင်​သွား​ရ​မည့် မရဏာနိုင်ငံ​တွင် အလုပ်အကိုင်​မ​ရှိ​၊ အကြောင်းအကျိုး​မ​ရှိ​၊ အသိပညာ​မ​ရှိ​၊ ဉာဏ်ပညာ​လည်း​မ​ရှိ​။
ဉာဏ်ပညာ၏အစွမ်းတန်ခိုး
11တစ်ဖန် နေ​အောက်​တွင် ငါ​ပြန်​၍​တွေ့မြင်​သည်​ကား ပြိုင်ပွဲ​သည် လျင်မြန်​သော​သူ​တို့​အတွက်​သာ​မ​ဟုတ်​။ စစ်ပွဲ​သည် ခွန်အားကြီး​သော​သူ​တို့​အတွက်​သာ​မ​ဟုတ်​။ အစားအစာ​သည် ပညာရှိ​သော​သူ​တို့​အတွက်​သာ​မ​ဟုတ်​။ ဓနဥစ္စာ​သည် အသိဉာဏ်​ရှိ​သော​သူ​တို့​အတွက်​သာ​မ​ဟုတ်​။ မျက်နှာရ​ခြင်း​သည်​လည်း တတ်သိ​နားလည်​သော​သူ​တို့​အတွက်​သာ​မ​ဟုတ်​။ အကြောင်းမူကား အချိန်​ကာလ​နှင့်​အကြောင်းတိုက်ဆိုင်မှု​သည် ထို​သူ​အားလုံး​တို့​၌ ရောက်လာ​တတ်​၏​။ 12အမှန်စင်စစ် လူ​သည် မိမိ​၏​အချိန်​ကာလ​ကို မ​သိ​တတ်​။ ဘေးအန္တရာယ်​ရှိ​သော​ပိုက်ကွန်​၌ ဖမ်းမိ​ခြင်း​ခံရ​သော​ငါး​များ​နှင့် ကျော့ကွင်း​၌​မိ​သော​ငှက်​များ​ကဲ့သို့ လူသား​တို့​သည် သူ​တို့​အပေါ်​သို့ ဆိုးရွား​သော​အချိန်​ကာလ ရုတ်တရက်​ကျရောက်​သောအခါ ထို​အရာ​အားဖြင့် ကျော့မိ​တတ်​၏​။ 13တစ်ဖန် ဉာဏ်ပညာ​နှင့်ဆိုင်သော ဤ​ဥပမာ​တစ်​ခု​ကို နေ​အောက်​တွင် ငါ​တွေ့မြင်​၏​။ ၎င်း​သည် ငါ့​အတွက်​ကြီးမား​သော​အရာ​ဖြစ်​၏​။ 14လူ​အနည်းငယ်​သာ​ရှိ​သော​မြို့​ငယ်​တစ်​မြို့​ရှိ​၏​။ ကြီးမြတ်​သော​ရှင်ဘုရင်​တစ်​ပါး​သည် ထို​မြို့​ကို​တိုက်​ရန် ချီတက်​လာ​၍ ထို​မြို့​ကို​ဝိုင်းရံ​ထား​ကာ မြို့​ပတ်လည်​၌ ကြီးမား​သော​ကတုတ်​ကို တည်ဆောက်​လေ​၏​။ 15သို့သော် ထို​မြို့​၌ ပညာရှိ​သည့်​ဆင်းရဲ​သော​သူ​တစ်​ယောက်​ရှိ​၍ သူ​သည် မိမိ​၏​ဉာဏ်ပညာ​အားဖြင့် ထို​မြို့​ကို​ကယ်တင်​၏​။ သို့ရာတွင် ထို​ဆင်းရဲ​သော​သူ​ကို မည်သူ​မျှ​အောက်မေ့​ခြင်း​မ​ရှိ​ကြ​။ 16သို့ဖြစ်၍ ငါ​ဆို​သည်​ကား ဉာဏ်ပညာ​သည် အစွမ်းတန်ခိုး​ထက်​ပို၍​ကောင်း​၏​။ သို့သော် ဆင်းရဲသား​၏​ဉာဏ်ပညာ​သည် အထင်အမြင်​သေး​ခြင်း​ခံရ​၍ သူ​၏​စကား​တို့​ကို မည်သူမျှ​နား​မ​ထောင်​ကြ​။ 17မိုက်မဲ​သော​သူ​တို့​ထဲမှ​အုပ်စိုး​သော​သူ​၏​အော်ဟစ်သံ​ထက် ပညာရှိ​တို့​၏​တည်ငြိမ်​သော​စကား​များ​ကို ပို၍​နားထောင်​တတ်​ကြ​၏​။ 18ဉာဏ်ပညာ​သည် စစ်​လက်နက်​များ​ထက် ပို၍​ကောင်း​၏​။ သို့သော် အပြစ်ပြု​သော​သူ​တစ်​ဦး​သည် ကောင်း​သော​အမှု​များစွာ​တို့​ကို ဖျက်ဆီး​တတ်​၏​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy