YouVersion Logo
Search Icon

ဒေသနာကျမ်း 10

10
မိုက်မဲခြင်းဝန်ထုပ်
1သေ​သော​ယင်ကောင်​သည် အမွှေးနံ့သာ​ဖော်စပ်​သူ​၏​နံ့သာဆီ​ကို အပုပ်နံ့ထွက်​စေ​သကဲ့သို့ အနည်းငယ်​သော​မိုက်မဲ​ခြင်း​သည် ဉာဏ်ပညာ​နှင့် ဂုဏ်သရေ​ထက် အလေးသာ​တတ်​၏​။ 2ပညာရှိ​သော​သူ​၏​စိတ်နှလုံး​သည် သူ့​ကို​လက်ယာ​ဘက်​သို့ တိမ်းညွတ်​စေ​တတ်​၏​။ မိုက်မဲ​သော​သူ​၏​စိတ်နှလုံး​မူကား သူ့​ကို​လက်ဝဲ​ဘက်​သို့​တိမ်းညွတ်​စေ​တတ်​၏​။ 3မိုက်မဲ​သော​သူ​သည် လမ်း​၌​လျှောက်သွား​စဉ်တွင်​ပင် အသိစိတ်​ကင်းမဲ့​၍ မိမိ​သည်​မိုက်မဲ​သော​သူ​ဖြစ်ကြောင်း လူ​အပေါင်း​တို့​ရှေ့​၌​ဖော်ပြ​တတ်​၏​။ 4အုပ်စိုး​သူ​မင်း​သည် သင့်​ကို​စိတ်ဆိုး​လျှင်လည်း သင်​၏​နေရာ​ကို​မ​စွန့်ခွာ​နှင့်​။ အကြောင်းမူကား တည်ငြိမ်​ခြင်း​သည် ကြီးစွာ​သော​အမှား​ကို ပြေပျောက်​စေ​တတ်​၏​။
5နေ​အောက်​တွင် ငါ​တွေ့မြင်​သော​မကောင်းမှု​တစ်​ခု​ရှိ​၏​။ ၎င်း​မှာ အုပ်ချုပ်​သူ​က မတော်တဆ​ပြု​မိ​သော​အမှား​မျိုး​ဖြစ်​ပြီး 6မိုက်မဲ​သော​သူ​အား အလွန်​မြင့်သောနေရာ​ကို​ပေး​၍ ချမ်းသာ​သော​သူ​တို့​သည် နိမ့်ပါး​သော​နေရာ​၌​ထိုင်​နေ​ရ​ခြင်း​ဖြစ်​၏​။ 7ကျွန်​တို့​သည် မြင်း​ကို​စီး​၍ အကြီးအကဲ​တို့​သည် ကျွန်​များ​ကဲ့သို့ မြေ​ပေါ်မှာ​လျှောက်​နေ​ကြ​ရ​သည်​ကို ငါ​တွေ့မြင်​၏​။ 8တွင်း​ကို​တူး​သော​သူ​သည် ထို​တွင်း​ထဲသို့ ကျ​တတ်​၏​။ တံတိုင်း​ကို​ဖြိုဖျက်​သော​သူ​သည်​လည်း မြွေ​ကိုက်​ခံရ​တတ်​၏​။ 9ကျောက်​တို့​ကို တူးဖော်​သော​သူ​သည် ထို​ကျောက်​များ​ကြောင့် ဒဏ်ရာ​ရ​တတ်​၏​။ ထင်း​ခွဲ​သော​သူ​သည် ထို​ထင်း​များ​ကြောင့် ထိခိုက်​ခံရ​တတ်​၏​။ 10ပုဆိန်​တုံး​သောအခါ ၎င်း​၏​အသွား​ကို​မ​သွေး​ဘဲ​နေ​လျှင် ခွန်အား​ပို၍​စိုက်ထုတ်​ရ​လိမ့်မည်​။ ဉာဏ်ပညာ​မူကား အောင်မြင်​စေ​သော​အကျိုး​ကျေးဇူး​ရှိ​၏​။ 11မန္တန်မန်းမှုတ်​ခြင်း​မ​ပြု​မီ မြွေ​ကိုက်​လျှင် အလမ္ပာယ်သမား​သည် အကျိုး​မ​ရှိ​။ 12ပညာရှိ​သော​သူ​၏​နှုတ်ထွက်​စကား​သည် မျက်နှာရ​စေ​တတ်​၏​။ မိုက်မဲ​သော​သူ​၏​နှုတ်ခမ်း​မူကား သူ့​ကို​ဝါးမျို​ဖျက်ဆီး​တတ်​၏​။ 13သူ​၏​နှုတ်ထွက်​စကား​အစ​သည် မိုက်မဲ​ခြင်း​ဖြစ်ပြီး သူ့​စကား​၏​အဆုံး​သည် ဆိုးရွား​သော​ရူးသွပ်​ခြင်း​ဖြစ်​၏​။ 14မိုက်မဲ​သော​သူ​သည် စကား​များစွာ​ပြောဆို​တတ်​၏​။ သို့သော် လူ​သည် မည်သည့်​အရာ​ဖြစ်လာ​မည်​ကို​မ​သိ​ပေ​။ သူ့​နောက်​တွင် ဖြစ်လာ​မည့်​အရာ​ကို သူ့​အား​မည်သူ​ပြောပြ​နိုင်​မည်နည်း​။ 15မိုက်မဲ​သော​သူ​တို့​သည် မြို့​သို့​သွား​သော​လမ်း​ကို​ပင် မ​သိ​သောကြောင့် သူ​တို့​၏​ကြိုးပမ်းအားထုတ်မှု​သည် သူ​တို့​ကို​ပင်ပန်း​စေ​၏​။ 16အချင်း​တိုင်းနိုင်ငံ​၊ သင်​၏​ရှင်ဘုရင်​သည် သူငယ်​ဖြစ်​ပြီး သင်​၏​အကြီးအကဲ​တို့​သည် နံနက်အချိန်​၌ပင် စားသောက်ပွဲ​ကျင်းပ​လျှင် သင်​သည် အမင်္ဂလာ​ရှိ​၏​။ 17အချင်း​တိုင်းနိုင်ငံ​၊ သင်​၏​ရှင်ဘုရင်​သည် မြင့်မြတ်​သော​သူ​တို့​၏​အမျိုးအနွယ်​ဖြစ်​ပြီး သင်​၏​အကြီးအကဲ​တို့​သည် ယစ်မူး​ရန်​မ​ဟုတ်​ဘဲ ခွန်အား​ရရှိ​ရန် သူ့​အချိန်​နှင့်​သူ စားသောက်ပွဲ​ကျင်းပ​လျှင် သင်​သည် မင်္ဂလာ​ရှိ​၏​။ 18ပျင်းရိ​ခြင်း​ကြောင့် အမိုးဒိုင်း​သည် ဆွေးမြည့်​တတ်​၏​။ ပျင်းတွဲ​သော​လက်​ကြောင့် အိမ်​သည် မိုးယို​တတ်​၏​။ 19ပျော်ရွှင်​ရန် စားသောက်ပွဲ​ကို​ကျင်းပ​တတ်​ကြ​၏​။ စပျစ်ဝိုင်​သည် အသက်တာ​ကို​ဝမ်းမြောက်​စေ​တတ်​၏​။ ငွေ​သည် ခပ်သိမ်းသောအမှု​ကို​ဖြေရှင်း​ပေး​တတ်​၏​။ 20ရှင်ဘုရင်​ကို သင်​၏​စိတ်ကူး​ထဲ၌​ပင် မ​ကျိန်ဆဲ​နှင့်​။ ချမ်းသာ​သော​သူ​ကို​လည်း သင်​၏​အိပ်ခန်း​ထဲ၌ပင် မ​ကျိန်ဆဲ​နှင့်​။ အကြောင်းမူကား မိုးကောင်းကင်​ငှက်​သည် ထို​အသံ​ကို ဆောင်ယူ​သွား​လိမ့်မည်​။ တောင်ပံ​ရှိ​သော​အကောင်​သည်​လည်း ထို​စကား​ကို ပြောကြား​လိမ့်မည်​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy