YouVersion Logo
Search Icon

Psalms 83

83
1အို ဘုရားရှင်​၊ နှုတ်ဆိတ်​နေ​တော်​မ​မူ​ပါ​နှင့်​။ အို ဘုရားရှင်​၊ တိတ်ဆိတ်​စွာ​နေ​တော်​မ​မူ​ပါ​နှင့်​၊ ငြိမ်သက်​စွာ​နေ​တော်​မ​မူ​ပါ​နှင့်​။ 2အရှင်​၏​ရန်သူ​တို့​သည် ဆူပူသောင်းကျန်း​ကြ​ပြီး အရှင့်​ကို​မုန်း​သော​သူ​တို့​သည် ခေါင်း​ထောင်​လာ​ကြ​ပါ​၏​။ 3သူ​တို့​သည် ကိုယ်တော်​၏​လူမျိုး​တော်တို့​အပေါ် ဉာဏ်နီဉာဏ်နက်ထုတ်​၍ ကိုယ်တော်​ကာကွယ်​ထား​သော​သူ​တို့​အပေါ် ဆန့်ကျင်ရန်ကြံစည်​ကြ​ပါ​၏​။ 4သူ​တို့​က “​လာ​ကြ​၊ အစ္စရေး​ဟူသော​အမည်နာမ​ကို နောက်တစ်ဖန် အောက်မေ့စရာ​အကြောင်း​မ​ရှိ​စေခြင်းငှာ သူ​တို့​ကို လူမျိုး​တစ်​မျိုး​အဖြစ်​မှ ပယ်ဖျက်​ကြ​ကုန်စို့​” ဟု ဆို​ကြ​ပါ​၏​။ 5သူ​တို့​သည် စိတ်သဘောထား တညီတညွတ်တည်း​ဖြင့် ကြံစည်​ကြ​၍ ကိုယ်တော်​ကို​ဆန့်ကျင်​လျက် မဟာမိတ်​ဖွဲ့​ကြ​ပါ​၏​။ 6ထို​သူ​တို့​တွင် ဧဒုံ​ပြည်သား​များ​နှင့်​ဣရှမေလ​လူမျိုး​များ​၊ မောဘ​ပြည်သား​များ​နှင့်​ဟာဂရိ​လူမျိုး​များ​၊ 7ဂေဗလ​လူမျိုး​၊ အမ္မုန်​လူမျိုး​နှင့်​အာမလက်​လူမျိုး​များ​၊ တိုင်ရာ​မြို့သား​များ​နှင့် ဖိလိတ္တိ​ပြည်သား​များ ပါဝင်​ကြ​ပါ​၏​။ 8အဆီးရီးယား​လူမျိုး​တို့​သည်​လည်း သူ​တို့​နှင့်အတူ​ပူးပေါင်း​လျက် လောတ​၏​အမျိုးအနွယ်​များ​အတွက် လက်ရုံးအင်အားဖြစ်ကြ​ပါ​၏​။ 9မိဒျန်​လူမျိုးတို့​အပေါ်​၌​လည်းကောင်း​၊ ကိရှုန်​ချောင်း​နားတွင် သိသရ​နှင့်​ယာဘိန်​မင်းကြီး​တို့​အပေါ်​၌​လည်းကောင်း အရှင်​ပြု​သကဲ့သို့ သူ​တို့​အပေါ်​၌ ပြု​တော်မူ​ပါ​။ 10သူ​တို့​သည် အင်္ဒေါရ​အရပ်​တွင် ဖျက်ဆီး​ခြင်း​ခံရ​၍ မြေကြီး​ပေါ်မှ မြေဆွေး​ဖြစ်​ကြ​ပါ​ပြီ​။ 11သူ​တို့​၏​မျိုးရိုးမြင့်မြတ်သူတို့​ကို ဩရဘ​နှင့်​ဇေဘ​ကဲ့သို့​လည်းကောင်း​၊ သူ​တို့​၏​မင်းညီမင်းသား​အပေါင်း​တို့​ကို ဇေဘဟ​နှင့် ဇာလမုန္န​ကဲ့သို့​လည်းကောင်း ဖြစ်စေ​တော်မူ​ပါ​။ 12ထို​သူ​တို့​က “​ဘုရားရှင်​ပိုင်​သော​စားကျက်​များ​ကို ငါ​တို့​အတွက်​သိမ်းယူ​ကြ​ကုန်စို့​” ဟု ဆို​ကြ​၏​။ 13အို ကျွန်ုပ်​၏​ဘုရားရှင်​၊ သူ​တို့​ကို လေတိုက်ရာ​သို့​လုံးထွေး​ပါ​သွား​တတ်​သော ချုံပင်​ကဲ့သို့​လည်းကောင်း​၊ လေတိုက်​ရာ​သို့​လွင့်ပါ​သွား​တတ်​သည့် ကောက်ရိုးမျှင်ကဲ့သို့​လည်းကောင်း ဖြစ်​စေ​တော်မူ​ပါ​။ 14မီး​သည် တော​ကို​လောင်​သကဲ့သို့​လည်းကောင်း​၊ မီးလျှံ​သည် တောင်​ကို လောင်ကျွမ်း​သကဲ့သို့​လည်းကောင်း​၊ 15အရှင်၏​မုန်တိုင်း​အားဖြင့် သူ​တို့​ကို​လိုက်လံညှဉ်းဆဲ​၍ ကိုယ်တော်​၏​လေပွေ​အားဖြင့် သူ​တို့​ကို​ထိတ်လန့်​တုန်လှုပ်စေ​တော်မူ​ပါ​။ 16အို ဘုရားရှင်​၊ သူ​တို့​သည် အရှင်၏​နာမ​တော်​ကို​ရှာ​ကြ​စေရန် သူ​တို့​၏​မျက်နှာ​ကို အရှက်ကွဲ​ခြင်း​နှင့်​ပြည့်​စေ​တော်မူ​ပါ​။ 17သူတို့​သည် အစဉ်အမြဲအရှက်ကွဲ​၍ ထိတ်လန့်​ကြ​ရ​ပါစေသော​။ ဂုဏ်သရေညှိုး​၍ ပျက်စီး​ကြ​ရ​ပါစေသော​။ 18ထိုသို့ဖြင့် ဘုရားရှင်ဟူသော​နာမ​တော်​ရှိ​သည့် အရှင်​တစ်ပါးတည်း​သာလျှင် ကမ္ဘာမြေ​တစ်ခွင်လုံး​၌ အမြင့်ဆုံး​သော​အရှင်​ဖြစ်ကြောင်း​ကို သူ​တို့​သိ​ကြ​ပါစေသော​။

Currently Selected:

Psalms 83: TPV-RV

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Video for Psalms 83