YouVersion Logo
Search Icon

Psalms 5

5
1အို ဘုရားရှင်၊ အကျွန်ုပ်၏စကားအား အာရုံစိုက်၍ နားထောင်တော်မူပါ။ အကျွန်ုပ်၏ ညည်းညူသံကို သတိပြုတော်မူပါ။ 2အကျွန်ုပ်၏ ရှင်ဘုရင်ဖြစ်တော်မူသော အကျွန်ုပ်၏ဘုရားရှင်၊ အကျွန်ုပ်သည် ကိုယ်တော့်ထံတွင် ကူညီမစရန် ဆုတောင်းသည်ဖြစ်၍ အကျွန်ုပ်၏ အော်ဟစ်တောင်းလျှောက်သံကို နားထောင်တော်မူပါ။ 3အို ဘုရားရှင်၊ နံနက်အချိန်၌ အကျွန်ုပ်၏အသံအား ကိုယ်တော်သည် ကြားတော်မူပါ၏။ နေထွက်ချိန်၌လည်း အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်တွင် ဆုတောင်း၍ ကိုယ်တော်၏ ဖြေကြားချက်အား စောင့်မျှော်လျက်ရှိပါ၏။ 4ကိုယ်တော်သည် အပြစ်ဒုစရိုက်အား နှစ်သက်တော်မူသော ဘုရားမဟုတ်ပေ။ မကောင်းမှုပြုသောသူသည် ကိုယ်တော်နှင့်အတူ နေထိုင်ခွင့်ရမည် မဟုတ်ပေ။ 5မာနကြီး၍ ကြွားဝါတတ်သူတို့သည် ကိုယ်တော်၏မျက်မှောက်တော်၌ ရပ်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ကိုယ်တော်သည် အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့အား မုန်းတီးတော်မူ၏။ 6လိမ်လည်၍ ပြောဆိုကြသောသူတို့ကို ဖျက်စီးတော်မူ၏။ ဘုရားရှင်သည် လူ့အသတ်ကို သတ်သောသူများနှင့် လိမ်လည်လှည့်ဖြားကြသူတို့အား စက်စုပ်ရွံရှာတော်မူ၏။ 7အကျွန်ုပ်သည်ကား ကိုယ်တော်၏ ကြီးမားသောမေတ္တာကရုဏာတော်ကြောင့် ကိုယ်တော်၏အိမ်တော်သို့ရောက်ရှိပြီး ကိုယ်တော်အား ကြောက်ရွံ့သောစိတ်ဖြင့် မြင့်မြတ်သော ဗိမာန်တော်ရှိသည့်အရပ်သို့ မျက်နှာမူလျက် ရှိခိုးကွယ်မည်ဖြစ်ပါ၏။ 8အို ဘုရားရှင်၊ အကျွန်ုပ်၏ရန်သူတို့ကြောင့် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းထဲသို့ ပို့ဆောင်တော်မူပါ။ အကျွန်ုပ်အား ကိုယ်တော်လိုက်လျှောက်စေလိုသည့်လမ်းအားဖြောင့်တန်းစေတော်မူပါ။ 9အကြောင်းမူကား သူတို့၏နှုတ်သည် တည်ကြည်ခြင်းမရှိသောကြောင့်ဖြစ်။ သူတို့၏ စိတ်ထဲတွင် ကောင်ကျစ်စဉ်းလဲမှုများရှိနေကြပြီး သူတို့၏ လည်ချောင်းသည်လည်း ပွင့်နေသော သင်္ချိုင်းတွင်းနှင့်တူပါ၏။ သူတို့၏ လျှာများသည် မြှောက်ပင့်၍ ပြောဆိုတတ်ကြပါ၏။ 10အို ဘုရားရှင်၊ သူတို့အား ရှုတ်ချလျက် အပြစ်ဒဏ်စီရင်တော်မူပါ။ သူတို့၏ မကောင်းသော အကြံအစည်များကြောင့်ပင် သူတို့အား လဲကျစေပြီး အကျိုးနည်းစေတော်မူပါ။ သူတို့သည် ကိုယ်တော်အား ပုန်ကန်ကြသည်ဖြစ်၍ သူတို့ကျူးလွန်ခဲ့ကြသည့် များစွာသောအပြစ်များအတွက် သူတို့အား နှင်ထုတ်တော်မူပါ 11သို့သော် ကိုယ်တော်ထံသို့ ခိုလှုံလာကြသောသူများသည် ဝမ်းမြောက်ကြပါစေ။ သူတို့သည် အစဉ်အမြဲ ရွှင်လန်းဝမ်းမြောက်စွာဖြင့် ကြွေးကြော်ကြပါစေ။ ကိုယ်တော်သည် သူတို့အား အုပ်မိုးကွယ်ကာတော်မူသည်ဖြစ်၍ ကိုယ်တော်၏နာမတော်အား ချစ်မြတ်နိုးကြတို့သည် ကိုယ်တော်အားဖြင့် ရွှင်လန်းဝမ်းမြောက်ကြပါစေ။ 12အို ဘုရားရှင်၊ ကိုယ်တော်သည် မိမိ၏စကားကို နားထောင်ကြသောသူတို့အား ကောင်းချီးပေးတော်မူပါ၏။ ကိုယ်တော်၏ မေတ္တာကရုဏာတော်သည် ဒိုင်းလွှားသကဲ့သို့ သူတို့အား ကွယ်ကာစောင့်ရှောက်တော်မူပါ၏။

Currently Selected:

Psalms 5: TPV-RV

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in