YouVersion Logo
Search Icon

မဿဲ 8

8
အနာကြီးရောဂါကို ပျောက်ကင်းစေတော်မူခြင်း
1ထို့နောက် ကိုယ်တော်ယေရှုသည် တောင်ပေါ်မှဆင်းလာသောအခါတွင် များစွာသော လူထုပရိသတ်တို့သည်လည်း ကိုယ်တော်၏နောက်တော်သို့ လိုက်ပါလာကြ၏။ 2ထိုအချိန်တွင် အနာကြီးရောဂါစွဲကပ်နေသောသူတစ်ဦးသည် ကိုယ်တော်ထံသို့လာ၍ ဒူးထောက်ကာ “ကိုယ်တော်အလိုရှိလျှင် အကျွန်ုပ်၏အနာရောဂါကို ပျောက်ကင်းစင်ကြယ်စေနိုင်ပါသည်” ဟုလျှောက်တင်လေ၏။
3ထိုအခါ ကိုယ်တော်ယေရှုသည် လက်တော်ကို ဆန့်ထုတ်၍ ထိုသူကို တို့ထိတော်မူပြီးလျှင် “ငါအလိုရှိ၏။ ပျောက်ကင်းစင်ကြယ်စေ” ဟုမိန့်တော်မူလိုက်ရာ ထိုသူ၏အနာကြီးရောဂါသည် ချက်ချင်းပင် ပျောက်ကင်းစင်ကြယ်သွားလေတော့၏။ 4ထို့နောက် ကိုယ်တော်သည် ထိုသူအား “မည်သူ့ကိုမျှ ဤအကြောင်းကို မပြောနှင့်။ ပုရောဟိတ်ထံသိုသွား၍ သင်၏ခန္ဓာကိုယ်အားပြသပြီး လူတို့၏ရှေ့၌ သက်သေဖြစ်ရန်အတွက် မောရှေပညတ်ထားသည့်အတိုင်း လှူဖွယ်ပစ္စည်းကို ဆက်သလော့” ဟုမိန့်တော်မူ၏။
တပ်မှူး၏ယုံကြည်ခြင်း
5ထို့နောက် ကိုယ်တော်သည် ကပေရနောင်မြို့သို့ ဝင်တော်မူသောအခါ ရောမတပ်မှူးတစ်ဦးသည် ကိုယ်တော်ထံသို့လာ၍ 6သူ၏အစေခံတစ်ဦးသည် လေဖြတ်၍ ပြင်းထန်စွာဝေဒနာခံစားရပြီး အိပ်ယာထဲတွင် လဲနေရပါသည်ဟု တောင်းပန်လျှောက်ထားလေ၏။
7ထိုအခါ ကိုယ်တော်က တပ်မှူးအား “ငါသည်လာ၍ သူ့အား ကျန်းမာစေမည်” ဟုမိန့်တော်မူသောအခါ
8ထိုတပ်မှူးက “အရှင်၊ အရှင်ကိုယ်တော်တိုင် အကျွန်ုပ်၏အိမ်ခေါင်မိုးအောက်သို့ ဝင်ရောက်ကုသပေးရန် ကျွန်ုပ်နှင့်မထိုက်တန်ပါ။ အရှင်က အမိန့်ကိုသာ ပေးလိုက်လျှင် ကျွန်ုပ်၏အစေခံသည် ပြန်လည်ကျန်းမာလာမည်ဖြစ်၏။ 9ကျွန်ုပ်သည် အထက်အရာရှိများ၏ အာဏာအောက်တွင်ရှိပြီး ကျွန်ုပ်၏လက်အောက်တွင်လည်း စစ်သားများရှိပါသည်။ ကျွန်ုပ်သည် စစ်သားများထဲမှ တစ်ယောက်ကို ‘သွားပါ’ ဟုအမိန့်ပေးလျှင် သူသည် သွားရပြီး နောက်တစ်ဦးကိုလည်း ‘လာပါ’ ဟုအမိန့်ပေးလျှင် သူသည်လာရပါ၏။ ထိုနည်းတူပင် ကျွန်ုပ်၏အစေခံကိုလည်း ‘ဤအရာကို လုပ်ဆောင်လော့’ ဟုအမိန့်ပေးလျှင် သူသည် လုပ်ဆောင်ရပါသည်” ဟုလျှောက်တင်လေ၏။
10ကိုယ်တော်သည် ထိုစကားကို ကြားသောအခါ အံ့ဩတော်မူ၍ နောက်တော်သို့လိုက်ပါလာသောသူများအား “သင်တို့အား ငါအမှန်ဆိုသည်ကား ဤမျှလောက်ယုံကြည်ခြင်းကြီးမားသူကို အစ္စရေးလူမျိုးတို့၌ ငါမတွေ့ဖူးပေ။ 11သင်တို့အား ငါဆိုသည်ကား လူများစွာသည် အရှေ့အရပ်၊ အနောက်အရပ်များမှ လာကြပြီး ရွှေမြို့တော်၏သာသနာတော်တွင် အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့နှင့်အတူ စားပွဲတွင် ထိုင်၍စားသောက်ကြလိမ့်မည်။ 12သို့သော် ဤသာသနာတော်နှင့်သက်ဆိုင်သော အစ္စရေးလူမျိုးတို့မှာမူ အပြင်ဘက်အမှောင်ထုထဲသို့ ဘုရားရှင်၏နှင်ထုတ်ခြင်းကို ခံရမည်ဖြစ်ပြီး သူတို့သည် ထိုနေရာတွင် အံကြိတ်၍ ငိုကြွေးနေရလိမ့်မည်” ဟုမိန့်ဆိုတော်မူ၏။
13ထို့နောက် ရောမတပ်မှူးအား “သွားလော့၊ သင်၏ယုံကြည်မှုသည် သင့်အစေခံအား ကျန်းမာစေခဲ့ပြီ” ဟုမိန့်တော်မူလိုက်ချိန်တွင် ချက်ချင်းပင် တပ်မှူး၏အစေခံသည် ရောဂါပျောက်ကင်းသွားလေ၏။
လူနာများစွာကို ကျန်းမာစေခြင်း
14ထို့နောက် ကိုယ်တော်ယေရှုသည် ပေတရု၏အိမ်သို့ ဝင်တော်မူသောအခါ ပေတရု၏ယောက္ခမသည် ဖျားနာလျက် အိပ်ယာထဲတွင် လဲလျောင်းနေသည်ကို မြင်တော်မူ၏။ 15ထို့ကြောင့် ကိုယ်တော်သည် သူမ၏လက်ကို တို့ထိလိုက်ရာ သူမ၏အဖျားရောဂါသည် ပျောက်ကင်းသွားသဖြင့် သူမသည်အိပ်ယာမှထကာ ကိုယ်တော်အား ဧည့်ခံလေ၏။
16ထိုနေ့ ညနေခင်းအချိန်၌ များစွာသောလူတို့သည် မကောင်းဆိုးဝါးပူးကပ်ခံနေရသောလူများကို ကိုယ်တော်ထံသို့ ခေါ်ဆောင်လာကြသောကြောင့် ကိုယ်တော်သည် မကောင်းဆိုးဝါးများအား နှုတ်ဖြင့်အမိန့်ပေးနှင်ထုတ်တော်မူ၏။ ဖျားနာနေကြသောသူများအားလုံးကိုလည်း ကျန်းမာစေတော်မူ၏။ 17ဤသည်ကား အရိယာသူတော်စင်ဟေရှာယမှတဆင့် ဘုရားရှင်မိန့်တော်မူခဲ့သော “သူသည် အကျွန်ုပ်တို့၏ဖျားနာခြင်းများနှင့် အနာရောဂါအမျိုးမျိုးကို ဖယ်ရှားပေးတော်မူလိမ့်မည်” ဟူသည့်စကားကို ပြည့်စုံမှန်ကန်စေလေ၏။
ကိုယ်တော်ယေရှု၏နောက်တော်သို့လိုက်ခြင်း
18ကိုယ်တော်ယေရှုသည် မိမိ၏ဘေးပတ်လည်၌ရှိနေသော လူထုပရိသတ်တို့အား မြင်သောအခါ သူ၏တပည့်တော်များအား ရေအိုင်၏တစ်ဖက်ကမ်းသို့ ဖြတ်ကူးရန် အမိန့်ပေးတော်မူ၏။ 19ထိုအခါတွင် ကျမ်းတတ်ဆရာတစ်ဦးသည် ကိုယ်တော့်ထံသို့လာ၍ “ကိုယ်တော်၊ ကိုယ်တော် သွားသည့်နေရာတိုင်းသို့ အကျွန်ုပ်လိုက်ပါမည်” ဟုလျှောက်လေ၏။
20ကိုယ်တော်ကလည်း “ဝံပုလွေများတွင် နေထိုင်စရာတွင်းရှိကြပြီး ငှက်များတွင်လည်း နေစရာအသိုက်ရှိကြ၏။ သို့သော် ဘုရားရှင်စေလွှတ်တော်မူသည့် လူ့သားတော်မှာမူ ခေါင်းချစရာနေရာပင် မရှိပေ” ဟု မိန့်တော်မူ၏။
21အခြားတပည့်တော်တစ်ဦးကလည်း ကိုယ်တော်အား “ကိုယ်တော်၊ အကျွန်ုပ်၏ဖခင်အား ဦးစွာသွား၍ သင်္ဂြိုဟ်ခွင့်ပြုပါ” ဟုလျှောက်တင်လေ၏။
22သို့သော် ကိုယ်တော်က “ငါ့နောက်သို့ လိုက်လော့။ ခန္ဓာကိုယ်သေဆုံးသူတို့အား စိတ်ဝိညာဉ်သေဆုံးနေကြသူများက သင်္ဂြိုဟ်ကြပါစေ” ဟုမိန့်တော်မူ၏။
လေပြင်းမုန်တိုင်းကို ငြိမ်သက်စေတော်မူခြင်း
23ထို့နောက် ကိုယ်တော်သည် လှေပေါ်သို့ တက်တော်မူသဖြင့် တပည့်တော်တို့သည်လည်း လိုက်ပါလာကြ၏။ 24ထို့နောက် ရုတ်တရက် ရေအိုင်ပေါ်သို့ ပြင်းထန်သောလေမုန်တိုင်း ကျရောက်လာသောကြောင့် လှေသည် လှိုင်းများပုတ်ခတ်သဖြင့် လူးလိမ့်နေလေ၏။ ထိုအချိန်တွင် ကိုယ်တော်ယေရှုသည် အိပ်စက်နေတော်မူ၏။ 25ထိုအခါ တပည့်တော်တို့သည် ကိုယ်တော့်ထံသို့သွား၍ ကိုယ်တော့်အားနှိုးကာ “ကိုယ်တော်၊ အကျွန်ုပ်တို့ကို ကယ်တော်မူပါ။ ကျွန်ုပ်တို့ ရေနစ်သေကြရပါတော့မည်” ဟုအော်ဟစ်လျှောက်တင်ကြ၏။
26ထိုအခါ ကိုယ်တော်က သူတို့အား “ယုံကြည်ခြင်းအားနည်းကြသောသူတို့၊ အဘယ်ကြောင့် ဤမျှကြောက်လန့်နေကြသနည်း” ဟုမိန့်တော်မူပြီးလျှင် ကိုယ်တော်သည် ထ၍ လေနှင့်လှိုင်းများကို ရပ်တန့်ရန် အမိန့်ပေးလေရာ လေနှင့်လှိုင်းများသည် ချက်ချင်းပင် ငြိမ်သက်သွားကြလေ၏။
27ထိုအခါ တပည့်တော်များသည် အလွန်အံ့ဩလျက် “ဤသူသည် မည်သို့သောသူနည်း။ လေနှင့်လှိုင်းတံပိုးများပင်လျှင် သူ၏အမိန့်ကို နာခံကြရပါသည်တကား” ဟုပြောဆိုကြလေ၏။
မကောင်းဆိုးဝါးတို့ကို နှင်ထုတ်တော်မူခြင်း
28ထို့နောက် ကိုယ်တော်ယေရှုသည် ရေအိုင်၏တစ်ဖက်ကမ်းရှိ ဂါဒရနယ်သားတို့၏ တိုင်းပြည်သို့ ရောက်ရှိသောအခါ မကောင်းဆိုးဝါးပူးကပ်နေသော လူနှစ်ဦးသည် သင်္ချိုင်းဂူများကြားမှ ထွက်လာ၍ ကိုယ်တော်ယေရှုအား ဆီးကြိုကြလေ၏။ သူတို့သည် အလွန်ရက်စက်ကြမ်းတမ်းကြသောကြောင့် ထိုလမ်းမှ မည်သူမျှဖြတ်၍ မသွားနိုင်ကြပေ။ 29ထိုသူတို့သည် ကျယ်လောင်စွာဖြင့် “ဘုရားရှင်၏သားတော်၊ သင်သည် ကျွန်ုပ်တို့နှင့် မည်ကဲ့သို့ သက်ဆိုင်သနည်း။ အချိန်မတိုင်မီ အကျွန်ုပ်တို့အားအပြစ်ပေးရန် ဤနေရာသို့ ကြွလာတော်မူခြင်းလော” ဟုအော်ဟစ်ပြောဆိုကြ၏။
30ထိုအချိန်တွင် သူတို့နှင့်မလှမ်းမကမ်း၌ များပြားသောဝက်အုပ်ကြီးသည် ကျက်စားလျက်ရှိနေ၏။ 31ထိုမကောင်းဆိုးဝါးများသည် ကိုယ်တော်အား “အကျွန်ုပ်တို့ကို နှင်ထုတ်မည်ဆိုလျှင် ထိုဝက်အုပ်ထဲသို့ ဝင်ခွင့်ပြုတော်မူပါ” ဟုတောင်းပန်ကြ၏။
32ထိုအခါ ကိုယ်တော်က မကောင်းဆိုးဝါးများအား “သွားကြလော့” ဟု မိန့်တော်မူသဖြင့် သူတို့သည် ထိုလူနှစ်ဦးထံမှ ထွက်လာကြပြီး ဝက်အုပ်ထဲသို့ ဝင်သွားကြ၏။ ထိုဝက်အုပ်တစ်အုပ်လုံးသည်လည်း မတ်စောက်သော တောင်ကမ်းပါးမှ ရေအိုင်ထဲသို့ တစ်ဟုန်ထိုးပြေးဆင်း၍ ရေနစ်သေဆုံးကြလေ၏။ 33ဝက်ကျောင်းသောသူတို့သည် ထိုအကြောင်းအရာများကို မြင်သောအခါ ထွက်ပြေးသွားကြပြီး မြို့ထဲသို့သွားကာ မကောင်းဆိုးဝါးပူးကပ်နေသောသူနှစ်ဦး၌ ဖြစ်ပျက်ခဲ့သမျှအကြောင်းတို့ကို လိုက်လံပြောပြကြလေ၏။ 34ထိုအခါ မြို့ထဲရှိလူအများတို့သည် ကိုယ်တော်ယေရှုနှင့်တွေ့ဆုံရန် ထွက်လာကြပြီး ကိုယ်တော့်အား တွေ့ကြသောအခါ မိမိတို့၏အရပ်ဒေသမှ ထွက်ခွာသွားရန် တောင်းပန်ကြလေ၏။

Currently Selected:

မဿဲ 8: TPV-RV

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in