မဿဲ 6
6
ပေးကမ်းစွန့်ကြဲခြင်းအကြောင်း
1ထို့နောက် ကိုယ်တော်ယေရှုက “သင်တို့သည် ကောင်းမြတ်သောအလုပ်များကို လူတို့၏ရှေ့တွင် ဟန်ပြလုပ်ဆောင်နေလျှင် ရွှေမြို့တော်တွင်ရှိတော်မူသော သင်တို့၏အဖဘုရားရှင်ထံမှ ကောင်းကျိုးချမ်းသာများအား ရရှိနိုင်မည်မဟုတ်။
2ထို့ကြောင့် သင်တို့ ပေးကမ်းစွန့်ကြဲကြသည့်အခါ သူတော်ကောင်းယောင်ဆောင်ကြသူများကဲ့သို့ လူအများ၏ချီးမွမ်းခြင်းကိုခံရရန် ဓမ္မာရုံများနှင့် လမ်းများတွင် တူရိယာများတီးခတ်၍ ပေးကမ်းစွန့်ကြဲခြင်း မပြုလုပ်ကြနှင့်။ သင်တို့အား ငါအမှန်ဆိုသည်ကား ထိုသူတို့သည် သူတို့၏ဆုလာဘ်ကို အပြည့်အဝရရှိကြပြီးဖြစ်၏။ 3သင်တို့ပေးကမ်းစွန့်ကြဲသောအခါ သင်၏ညာဘက်လက်က ပြုသောအရာများအား သင့်ဘယ်ဘက်လက်ကိုပင် မသိပါစေနှင့်။ 4ဤကဲ့သို့ သင်တို့သိုသိုသိပ်သိပ် ပေးကမ်းသည်ကို သိမြင်တော်မူသောအဖဘုရားရှင်သည် သင့်အား ဆုလာဘ်များ ပေးသနားတော်မူလိမ့်မည်။
ဆုတောင်းခြင်းအကြောင်း သွန်သင်ခြင်း
5သင်တို့ ဆုတောင်းကြသည့်အခါ သူတော်ကောင်းယောင်ဆောင်သောသူများကဲ့သို့ မပြုမူကြနှင့်။ သူတို့သည် လူအများမြင်သာစေရန် ဓမ္မာရုံများနှင့် လမ်းဆုံလမ်းခွများတွင်ရပ်၍ ဆုတောင်းရသည်ကို နှစ်သက်ကြ၏။ သင်တို့အား ငါအမှန်ဆိုသည်ကား ထိုသူတို့သည် သူတို့၏ဆုလာဘ်ကို အပြည့်အဝရရှိကြပြီးဖြစ်၏။ 6ထို့ကြောင့် သင်တို့ဆုတောင်းသည့်အခါ အခန်းတံခါးကို ပိတ်၍ မည်သူမျှမြင်နိုင်စွမ်းမရှိသည့် ဘုရားရှင်အား သင်တစ်ယောက်တည်း သီးသန့်ဆုတောင်းလော့။ ထိုအခါ အရာအားလုံးကိုသိမြင်တော်မူသော သင်တို့၏အဖဘုရားရှင်သည် သင်သိုသိပ်စွာလုပ်ဆောင်သည့်အရာများအတွက် ဆုလာဘ်များ ပေးသနားတော်မူလိမ့်မည်။ 7ထို့အပြင် သင်တို့ဆုတောင်းသည့်အခါ တိုင်းတပါးသားများကဲ့သို့ အချည်းနှီးစကားများဖြင့် ထပ်ခါထပ်ခါဆုတောင်းခြင်းကို မလုပ်ကြနှင့်။ သူတို့သည် ထိုကဲ့သို့ဆုတောင်းလျှင် သူတို့၏ ဆုတောင်းခြင်းများကို နားထောင်ပေးလိမ့်မည်ဟု ထင်မှတ်နေကြ၏။ 8ထိုသူတို့ကဲ့သို့ မပြုမူကြနှင့်။ အဘယ်ကြောင့်ဆိုသော် အဖဘုရားရှင်သည် သင်တို့လိုအပ်သည့်အရာများကို သင်တို့မဆုတောင်းမီကပင် သိနှင့်တော်မူပြီးဖြစ်၏။
ပတ္ထနာတော်
9သို့ဖြစ်၍ သင်တို့ဆုတောင်းကြသည့်အခါ ‘ရွှေမြို့တော်၌ ရှိတော်မူသော အဖဘုရားရှင်၊ ကြီးမြတ်လှသောအဖဘုရားရှင်၏ ဂုဏ်တော်ကို ချီးမွမ်းပါ၏။ 10သာသနာတော်ကို တည်ထောင်တော်မူပါ။ ရွှေမြို့တော်တွင်ကဲ့သို့ ဘုရားရှင်ကိုယ်တော်တိုင် ကမ္ဘာမြေပေါ်သို့လည်း ကြွရောက်အုပ်စိုးတော်မူပါ။ 11ကျွန်ုပ်တို့ တစ်နေ့တာလိုအပ်သော အစားအစာကို ပေးသနားတော်မူပါ။ 12ကျွန်ုပ်တို့အပေါ် အပြစ်ပြုလုပ်သူများကို ကျွန်ုပ်တို့သည် ခွင့်လွှတ်ကြသကဲ့သို့ အကျွန်ုပ်တို့ပြုမိသော အပြစ်များကိုလည်း ခွင့်လွှတ်ပေးတော်မူပါ။ 13သူတပါး၏ဖြားယောင်းသွေးဆောင်ရာသို့ မလိုက်ပါစေဘဲ မကောင်းသောအမှုအရာတို့ကို ပြုခြင်းမှ ကွယ်ကာစေတော်မူပါ’ ဟုဆုတောင်းကြလော့။ 14အကြောင်းမူကား သင်တို့သည် သူတပါးတို့က သင်တို့အပေါ်ပြုသော အပြစ်ဒုစရိုက်များအား ခွင့်လွှတ်ကြလျှင်၊ ရွှေမြို့တော်တွင်ရှိတော်မူသော သင်တို့၏ အဖဘုရားရှင်သည်လည်း သင်တို့၏အပြစ်ဒုစရိုက်များအား ခွင့်လွှတ်တော်မူလိမ့်မည်။ 15သို့သော် သင်တို့က သူတစ်ပါး၏အပြစ်ဒုစရိုက်များအား ခွင့်လွှတ်ခြင်းမရှိကြလျှင် သင်တို့၏အဖဘုရားရှင်သည်လည်း သင်တို့၏အပြစ်ဒုစရိုက်များကို ခွင့်လွှတ်ပေးတော်မူမည်မဟုတ်။
အစာရှောင်ခြင်းအကြောင်း သွန်သင်ခြင်း
16သင်တို့ အစာရှောင်ဆုတောင်းကြသည့်အခါ သူတော်ကောင်းယောင်ဆောင်ကြသူများကဲ့သို့ မျက်နှာမညှိုးငယ်ကြနှင့်။ သူတို့သည် မိမိတို့ အစာရှောင်ဆုတောင်းနေကြကြောင်းကို လူအများမြင်သာစေရန် ဤကဲ့သို့ လုပ်ဆောင်ပြနေကြခြင်းဖြစ်၏။ သင်တို့အား ငါအမှန်ဆိုသည်ကား ထိုသူတို့သည် သူတို့၏ဆုလာဘ်ကို အပြည့်အဝရရှိကြပြီးဖြစ်၏။ 17-18သို့သော် သင်တို့အစာရှောင်ဆုတောင်းကြသည့်အခါ မိမိအစာရှောင်နေကြောင်းကို လူတို့ရှေ့၌ မထင်ရှားစေဘဲ မမြင်နိုင်သောအရပ်၌ရှိတော်မူသည့် အဖဘုရားရှင်ရှေ့တော်၌သာ ထင်ရှားစေရန် သင်တို့၏ဆံပင်ကိုဖြီးလိမ်း၍ မျက်နှာကိုသစ်ကြလော့။ ထိုအခါ မထင်ရှားသောအရာကို သိမြင်တော်မူသော အဖဘုရားရှင်သည် သင်တို့အတွက် ဆုလာဘ်ကို ပေးတော်မူလိမ့်မည်။
ရွှေမြို့တော်၌ စည်းစိမ်ဥစ္စာစုဆောင်းခြင်းအကြောင်း
19သင်တို့၏ စည်းစိမ်ဥစ္စာများကို ရန်သူမျိုးငါးပါးဖျက်ဆီးနိုင်သော ဤကမ္ဘာမြေပေါ်တွင် မစုဆောင်းကြနှင့်။ 20ထိုအစား သင်တို့၏ပစ္စည်းဥစ္စာရတနာများကို ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်သော ရွှေမြို့တော်၌သာ စုဆောင်းကြလော့။ 21အကြောင်းမူကား သင်တို့၏စိတ်နှလုံးသည် သင်တို့၏ဥစ္စာရတနာများရှိရာအရပ်သို့ ရောက်တတ်ကြသောကြောင့်ဖြစ်၏။
22သင်တို့၏မျက်လုံးသည် သင်တို့ခန္ဓာကိုယ်၏မီးအိမ်နှင့်တူ၏။ ထို့ကြောင့် ကောင်းသည့်မျက်လုံးများရှိလျှင် အရာအားလုံးကို ရှင်းလင်းစွာ မြင်နိုင်လိမ့်မည်။ 23သို့သော် သင့်မျက်လုံးများ မကောင်းလျှင် ခန္ဓာကိုယ်တစ်ခုလုံးသည် မှောင်မိုက်နေလိမ့်မည်။ သင်တို့၏မျက်လုံးသည် မကောင်းသော်လည်း ကောင်းသည်ဟုထင်ပြီး အတွေးမှားနေလျှင် သင်တို့၏အမှောင်သည် မည်မျှလောက်ကြီးမားလိုက်မည်နည်း။
24မည်သူမျှ သခင်နှစ်ဦးထံတွင် တစ်ပြိုင်တည်းအမှုထမ်းနိုင်မည်မဟုတ်။ သခင်တစ်ဦးကို ချစ်လျှင် အခြားတစ်ဦးကို မုန်းလိမ့်မည်ဖြစ်၏။ တစ်ဦးကို သစ္စာရှိလျှင် ကျန်တစ်ဦးကို သစ္စာမဲ့မည်သာဖြစ်၏။ ထို့ကြောင့် သင်တို့သည် ဘုရားရှင်နှင့် လောကီစည်းစိမ်ကို တစ်ပြိုင်နက်အမှုမထမ်းနိုင်ကြပေ။
မစိုးရိမ်နှင့်
25သို့ဖြစ်၍ သင်တို့အား ငါဆိုမည်။ သင်တို့အသက်ရှင်နေထိုင်ရန်အတွက် စား၊ ဝတ်၊ နေရေးကို မစိုးရိမ်မပူပန်ကြနှင့်။ သင်တို့အသက်သည် အစားအစာထက် သာ၍အရေးကြီးသည်မဟုတ်လော။ သင်တို့ခန္ဓာကိုယ်သည် အဝတ်အစားထက်သာ၍ အရေးကြီးသည်မဟုတ်လော။ 26ကောင်းကင်မှ ငှက်ငယ်များကို ကြည့်လော့။ ၎င်းတို့သည် မစိုက်ပျိုးကြ၊ မရိတ်သိမ်းကြ။ အစားအသောက်ကိုလည်း သိုလှောင်မထားကြ။ သို့သော် အဖဘုရားရှင်သည် ထိုငှက်ငယ်များကို စောင့်ရှောက်ကျွေးမွေးတော်မူ၏။ သင်တို့သည် ငှက်ငယ်များထက်ပို၍ အဖိုးထိုက်ကြသည်မဟုတ်လော။ 27သင်တို့ထဲမှ မည်သူသည် ထိုကဲ့သို့ စိုးရိမ်ပူပန်ခြင်းအားဖြင့် မိမိ၏အသက်ကို အချိန်အနည်းငယ်မျှပင် ပို၍ရှည်စေနိုင်သနည်း။
28ထို့ပြင် အဝတ်အထည်အတွက်လည်း အဘယ်ကြောင့် ပူပန်နေကြသနည်း။ လယ်ကွင်းပြင်တွင် တောပန်းကလေးများ ပွင့်ဖူးနေသည်ကို ကြည့်ကြလော့။ သူတို့သည် အလုပ်လည်းမလုပ်။ အထည်လည်း မယက်ကြ။ 29သင်တို့အား ငါဆိုသည်ကား ဘုန်းအသရေပြည့်ဝသော ရှောလမုန်ဘုရင်ကြီးပင်လျှင် ဤတောပန်းများကဲ့သို့ လှပစွာမဆင်မြန်းခဲ့ရပေ။ 30ဤနေ့တွင် ရှင်သန်နေပြီး နောက်တစ်နေ့တွင် မီးရှို့ခံရမည့် တောပန်းများကိုပင် ဤမျှလောက်လှပစေလိုလျှင် ဘုရားရှင်သည် သင်တို့ကို မည်မျှလောက် ပို၍လှပအောင် ဆင်မြန်းပေးလိမ့်မည်နည်း။ သင်တို့ ဤမျှပင် ယုံကြည်မှုအားနည်းလှသလော။ 31ထို့ကြောင့် ‘ကျွန်ုပ်တို့ မည်သည်ကို စားရမည်နည်း၊ မည်သည်ကို သောက်ရမည်နည်း၊ မည်သည်ကို ဝတ်ဆင်ရမည်နည်း’ ဟုစိုးရိမ်ပူပန်မနေကြနှင့်။ 32ဘုရားရှင်ကို မသိသောလူတို့သည်သာ ဤကဲ့သို့ စိုးရိမ်ပူပန်တတ်ကြ၏။ ရွှေမြို့တော်ရှိ သင်တို့၏အဖဘုရားရှင်သည် သင်တို့လိုအပ်သည့်အရာအားလုံးကို သိမြင်တော်မူ၏။ 33ဤအရာများထက် ဘုရားရှင်သာသနာတော်၏ ဖြောင့်မတ်ခြင်းတရားများကိုသာ ရှေးဦးစွာရှာဖွေကြလျှင် ကျန်သည့်အရာများအားလုံးကို ဘုရားရှင်သည် သင့်အား ဖြည့်ဆည်းပေးတော်မူလိမ့်မည်။ 34ထို့ကြောင့် မနက်ဖြန်အတွက် စိုးရိမ်ပူပန်ခြင်းမရှိကြနှင့်။ မနက်ဖြန်တွင်လည်း မနက်ဖြန်အတွက် ပူပန်စရာရှိပေလိမ့်မည်။ နေ့တစ်နေ့၌ ကြုံတွေ့ရသည့်ပူပန်စရာသည် ထိုနေ့အတွက် လုံလောက်ပေ၏” ဟုမိန့်တော်မူ၏။
Currently Selected:
မဿဲ 6: TPV-RV
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.