မဿဲ 25
25
အပျိုကညာ ဆယ်ဦးပုံဥပမာ
1တဖန် ကိုယ်တော်က “ရွှေမြို့တော်၏ သာသနာတော်သည် မိမိတို့၏ဆီမီးခွက်များကို ဆွဲကိုင်လျက် သတို့သားအား ခရီးဦးကြိုဆိုရန်ထွက်လာကြသော အပျိုကညာဆယ်ဦးနှင့်တူ၏။ 2သူတို့အထဲမှငါးဦးသည် ပညာမဲ့သောသူများဖြစ်ကြပြီး အခြားငါးဦးသည် ပညာရှိသောသူများဖြစ်ကြ၏။ 3ပညာမဲ့သောသူတို့သည် ဆီမီးခွက်များကို ယူဆောင်သွားကြသော်လည်း ဆီအပိုကိုမူ ယူဆောင်မသွားကြပေ။ 4ပညာရှိသောသူတို့သည် ဆီမီးခွက်များနှင့်အတူ မီးထွန်းရန်အတွက် ဆီများကိုလည်း အပိုယူဆောင်သွားကြ၏။ 5သတို့သားသည် နှောင့်နှေးကြန့်ကြာနေသည့်အတွက် သူတို့အားလုံးသည် အိပ်ငိုက်လာပြီးနောက် အိပ်ပျော်သွားခဲ့ကြ၏။
6ညသန်းခေါင်အချိန်သို့ရောက်လာသည့်အခါ ‘လာ၍ကြည့်ကြလော့၊ သတို့သားသည်ရောက်လာပြီဖြစ်၍ ထွက်ပြီးကြိုဆိုကြလော့’ ဟုအော်ဟစ်သံကြားရသည့်အချိန်တွင် 7အပျိုကညာအားလုံးတို့သည် ထ၍ မိမိတို့၏ ဆီမီးခွက်များကို ထွန်းညှိရန်ပြင်ဆင်ကြလေ၏။ 8ထိုအချိန်တွင် ပညာမဲ့သောသူတို့သည် ‘ငါတို့၏ဆီမီးခွက်များသည် ဆီကုန်တော့မည်ဖြစ်သည့်အတွက် ဆီအနည်းငယ်မျှ ဝေမျှပေးကြပါ’ ဟုပညာရှိသောသူတို့အား ပြောဆိုကြလေ၏။ 9သို့သော် ပညာရှိသောသူတို့သည် သင်တို့ကို ဆီခွဲဝေပေးလိုက်လျှင် သင်တို့အတွက်သာမက ငါတို့အတွက်ပါ ဆီအလုံအလောက်ရှိတော့မည်မဟုတ်သည့်အတွက် ဆီရောင်းသည့်သူများထံတွင်သာ သွား၍ဝယ်ကြလော့’ ဟုပြန်ပြောကြလေ၏။
10ပညာမဲ့သောသူတို့ ဆီသွားဝယ်နေသည့် အချိန်တွင်ပင် သတို့သားသည် ရောက်လာပြီး အဆင်သင့်ဖြစ်နေကြသောသူများသည်လည်း သတို့သားနှင့်အတူတူ မင်္ဂလာခန်းမထဲသို့ဝင်သွားကာ ခန်းမ၏တံခါးအား ပိတ်ထားကြလေ၏။ 11ဤသို့ဖြင့် ပညာမဲ့သောအပျိုကညာများ ပြန်ရောက်လာကြသောအချိန်တွင် ‘အရှင်၊ အရှင်၊ အကျွန်ုပ်တို့အား တံခါးဖွင့်ပေးပါလော့’ ဟုဆိုကြသော်လည်း 12သတို့သားက ‘သင်တို့ကို ငါမသိသောကြောင့် တံခါးကိုမဖွင့်ပေးနိုင်ပါ’ ဟုပြောဆိုလေ၏။ 13ထို့ကြောင့် သတိနှင့်စောင့်နေကြလော့။ အကြောင်းမူကား မည်သည့်နေ့၊ မည်သည့်အချိန်တွင် ဖြစ်ပျက်လာမည်ဆိုသည်အား သင်တို့မသိနိုင်ကြသည့်အတွက်ကြောင့်ဖြစ်၏” ဟု မိန့်တော်မူ၏။
အစေခံသုံးဦးပုံဥပမာ
14တဖန် ကိုယ်တော်က “ရွှေမြို့တော်၏သာသနာတော်သည် ခရီးရှည်ထွက်တော့မည့် သူဌေးကြီးတစ်ယောက်သည် အစေခံများကိုခေါ်၍ မိမိ၏ပစ္စည်းဥစ္စာများကို အပ်နှံခဲ့ခြင်းနှင့်တူ၏။ 15သူဌေးကြီးသည် အစေခံတစ်ဦးအား ရွှေငါးအိတ်၊ နောက်တစ်ဦးကို ရွှေနှစ်အိတ်နှင့် အခြားတစ်ဦးကို ရွှေတစ်အိတ် စသည်ဖြင့် သူတို့နှင့် ထိုက်တန်သည့်အရည်အချင်းအတိုင်း အသီးသီးပေးအပ်ခဲ့ပြီး ခရီးရှည်ထွက်သွားလေ၏။ 16ဤသို့ဖြင့် ရွှေငါးအိတ်ရသည့် အစေခံသည် ချက်ချင်းပင်သွား၍ ထိုရွှေများကို ရင်းနှီးလိုက်သည့်အခါတွင် နောက်ထပ်အမြတ်ရွှေငါးအိတ်ကို ရရှိလေ၏။ 17ထိုကဲ့သို့ပင် ရွှေနှစ်အိတ်ရသည့်အစေခံသည်လည်း နောက်ထပ်ရွှေနှစ်အိတ် အမြတ်ရလေ၏။ 18သို့သော် ရွှေတစ်အိတ်သာ ရရှိထားသောအစေခံသည် မြေကြီး၌ တွင်းတူး၍ မိမိ၏သခင်ပေးထားသောရွှေကို ဝှက်ထားလေ၏။ 19အချိန်အတန်ကြာသောအခါ သူဌေးသည် ပြန်လာပြီးနောက် ထိုအစေခံများနှင့် စာရင်းရှင်းလေ၏။ 20ထိုအခါ ရွှေငါးအိတ်ရထားသော အစေခံသည် သူဌေးထံသို့သွား၍ နောက်ထပ်အမြတ်ရထားသည့် ရွှေငါးအိတ်ကို ပေးအပ်ကာ ‘သူဌေး၊ ကြည့်လော့၊ သင်အပ်နှံခဲ့သည့် ရွှေငါးအိတ်သည် နောက်ထပ်ရွှေငါးအိတ်အမြတ်ရပြီ’ ဟုဆိုလေ၏။ 21သူဌေးကလည်း ‘ကောင်းလေစွ၊ သင်သည် သစ္စာစောင့်သိသောအစေခံဖြစ်၏။ ပမာဏအနည်းငယ်မျှကိုပင် စီမံခန့်ခွဲရာတွင် သစ္စာရှိသည့်အတွက် များစွာသောပမာဏတို့အား ကြီးကြပ်အုပ်ထိန်းစေမည်။ ငါနှင့်အတူပျော်ရွှင်ဝမ်းမြောက်လော့’ ဟုဆိုလေ၏။ 22ရွှေနှစ်အိတ်ရသည့် သူသည်လည်း သူဌေးထံသို့သွား၍ ‘သူဌေး၊ ကြည့်ပါလော့၊ သင်အပ်ထားသည့် ရွှေနှစ်အိတ်သည် နောက်ထပ်ရွှေနှစ်အိတ် အမြတ်ရပြီ’ ဟုဆိုလေ၏။ 23သူဌေးကလည်း ‘ကောင်းလေစွ၊ သင်သည် အစေခံကောင်းတစ်ယောက် ဖြစ်ပေသည်။ ပမာဏနည်းပါးသည့် အရာအပေါ်တွင်ပင် သင်သည် သစ္စာစောင့်သိသည့်အတွက် များပြားသောအရာတို့အား ကြီးကြပ်စောင့်ရှောက်စေမည်’ ဟုဆိုလေ၏။ 24ထိုအခါ ရွှေတစ်အိတ်ရထားသောသူသည်လည်း လာ၍ ‘သခင်သည် မိမိစိုက်ပျိုးထားခြင်းမရှိသောအရာတို့အား ရိတ်သိမ်းတတ်ပြီး မိမိမျိုးကြဲထားခြင်းမရှိသည့် အရာတို့ကိုလည်း သိမ်းယူတတ်သည့် ခက်ထန်ကြမ်းတမ်းသောသူဖြစ်သည် ဆိုသည်ကို အကျွန်ုပ်သိပါ၏။ 25ထို့ကြောင့် ကျွန်ုပ်သည် ကြောက်ရွံ့သည့်အတွက် သခင်ပေးထားသည့် ရွှေတို့အား မြေကြီးထဲတွင် ဝှက်ထားပါ၏။ ကြည့်လော့၊ သခင်၏ရွှေများရှိပါ၏’ ဟုဆိုလေ၏။ 26ထိုအခါ သူဌေးသည် ‘မိုက်မဲ၍ ပျင်းရိသောအစေခံ၊ ငါသည် မစိုက်ပျိုးဘဲ ရိတ်သိမ်းတတ်ပြီး မျိုးမကြဲဘဲ သိမ်းယူတတ်ကြောင်း သင်သိနေလျှင် 27ငါ၏ရွှေတို့အား အတိုးပေးသောသူများထံတွင် သင်သည် အပ်ထားသင့်၏။ ဤသို့ဆိုလျှင် ငါပြန်လာသည့်အချိန်တွင် ထိုရွှေများသည် အတိုးများပြန်ရလိမ့်မည်ဖြစ်၏။ 28ထို့ကြောင့် သူ့ထံတွင်ရှိသော ရွှေတစ်အိတ်ကိုယူ၍ ရွှေဆယ်အိတ်ရထားသောသူကို ပေးလိုက်လော့။ 29အကြောင်းမူကား ရှိသောသူတို့အား ထပ်မံ၍ပေးခြင်းဖြစ်သည့်အတွက် သူတို့သည် ပို၍ချမ်းသာသွားလိမ့်မည်။ မရှိသောသူတို့အတွက် သူ့ထံတွင်ရှိသောအရာများကိုပင် သိမ်းယူသွားလိမ့်မည်။ 30ဤအသုံးမကျသည့်အစေခံအား အပြင်ဘက်တွင်ရှိသော မှောင်မိုက်သည့်နေရာတွင် သွား၍ ပစ်ထားကြလော့။ ထိုနေရာတွင် အံကြိတ်ပြီး ငိုကြွေးနေရလိမ့်မည်’ ဟုဆိုလေ၏။
နောက်ဆုံးတရားစီရင်ခြင်း
31လူသားတော်သည် နတ်ဒေဝါများခြံရံ၍ ရှင်ဘုရင်တစ်ပါးအနေဖြင့် ကြွလာတော်မူကာ ဘုန်းအသရေတော်နှင့် ပြည့်စုံသော မိမိ၏ပလ္လင်ပေါ်တွင် ထိုင်တော်မူလိမ့်မည်။ 32ထိုအချိန်တွင် လူမျိုးအပေါင်းတို့သည်လည်း ရှေ့မှောက်၌ စုဝေးရောက်ရှိလာကြလိမ့်မည်။ သိုးထိန်းသည် သိုးများနှင့် ဆိတ်များအား သီးခြားခွဲထားသကဲ့သို့ သူသည် လူတို့အား တစ်ဦးနှင့်တစ်ဦး သီးခြားခွဲထားကာ 33ဖြောင့်မတ်သူတို့အား မိမိ၏လက်ယာဘက်တွင် ထားရှိပြီး ဖြောင့်မတ်ခြင်းမရှိသူတို့ကို လက်ဝဲဘက်တွင် ထားရှိ၍ ခွဲခြားထားတော်မူလိမ့်မည်။ 34ထို့နောက် ရှင်ဘုရင်သည် မိမိ၏လက်ယာဘက်ရှိလူတို့အား ‘ငါ၏ဖခမည်းတော် ဘုရားရှင်ထံတော်မှ ကောင်းချီးမင်္ဂလာခံစားသောသူတို့၊ ကမ္ဘာဦးကတည်းကပင် သင်တို့အတွက် ပြင်ဆင်ထားတော်မူသော သာသနာတော်သို့ လာရောက်၍ အမွေဆက်ခံကြလော့။ 35အကြောင်းမူကား သင်တို့သည် ငါဆာလောင်သည့်အချိန်တွင် ငါ့အားစားစရာများကျွေးမွေးခဲ့ကြ၏။ ငါရေငတ်နေသည့်အချိန်တွင် သင်တို့သည် ငါ့အား သောက်စရာကိုပေးခဲ့ကြ၏။ ငါသည် သူစိမ်းဧည့်သည်ကဲ့သို့ ဖြစ်နေသည့်အချိန်တွင် သင်တို့၏အိမ်တွင် ငါ့အားကြိုဆိုလက်ခံခဲ့ကြ၏။ 36ငါ့ထံတွင် ဝတ်စရာအဝတ်အစား မလုံလောက်သည့်အခါတွင်လည်း သင်တို့သည် ငါ့အား ဝတ်စရာများကိုပေးခဲ့ကြ၏။ ငါနေမကောင်းဖြစ်သည့်အခါတွင်လည်း သင်တို့သည် ငါ့အား ဂရုတစိုက်ပြုစုခဲ့ကြ၏။ ငါအကျဉ်းကျနေသည့်အချိန်တွင် သင်တို့သည် ငါ့အား လာတွေ့ခဲ့ကြ၏’ ဟုမိန့်တော်မူမည်ဖြစ်၏။ 37ထိုအချိန်တွင် ဖြောင့်မတ်သောသူတို့သည် ‘အရှင်၊ အကျွန်ုပ်တို့သည် အရှင်ဆာလောင်နေသည့်အတွက် အစားအစာတို့အား ကျွေးမွေးဖူးခြင်း၊ အရှင်ရေငတ်နေသည့်အတွက် သောက်စရာများပေးခဲ့ခြင်းများကို မည့်သည့်အခါက လုပ်ပေးခဲ့ဖူးပါသနည်း။ 38ထို့နောက် မည်သည့်အချိန်က အရှင်သည် သူစိမ်းဧည့်သည်ကဲ့သို့ ဖြစ်နေသည်ကို မြင်သည့်အတွက် ကြိုဆိုလက်ခံခဲ့ဖူးပါသနည်း။ သို့မဟုတ် ဝတ်စရာမရှိသည်ကိုမြင်၍ အရှင့်အား မည်သည့်ဝတ်စရာများကို ပေးခဲ့ဖူးပါသနည်း။ 39အကျွန်ုပ်တို့သည် အရှင်နေမကောင်းဖြစ်နေခြင်းနှင့် အကျဉ်းကျနေခြင်းများအား မြင်သည့်အတွက် မည်သည့်အခါက အရှင့်ထံသို့ လာခဲ့ဖူးပါသနည်း’ ဟု ရှင်ဘုရင်အား ပြန်လည်လျှောက်တင်ကြလိမ့်မည်။ 40ထိုအခါတွင် ရှင်ဘုရင်သည်လည်း ‘သင်တို့အား ငါအမှန်ဆိုသည်ကား ငါ၏တပည့်တော်များထဲမှ အရေးမပါဆုံးဖြစ်သည့် သူတစ်ဦးကိုပင် သင်တို့ ပြုမူဆက်ဆံခဲ့သည်များသည် ငါ့အား ပြုမူဆက်ဆံခဲ့သည်နှင့် အတူတူပင်ဖြစ်၏’ ဟု ပြန်လည်မိန့်ဆိုလိမ့်မည်။ 41ထို့နောက် ရှင်ဘုရင်သည် လက်ဝဲဘက်တွင်ရှိသောသူတို့အား ‘ကျိန်စာသင့်နေကြသူတို့၊ ငါ့ထံမှထွက်သွားပြီး မာရ်နတ်နှင့် သူ၏နောက်လိုက်များဖြစ်သော မကောင်းဆိုးဝါးများအတွက် ပြင်ဆင်ထားသည့် ထာဝရလောင်မြိုက်နေသည့် မီးထဲသို့သွားကြလော့။ 42အကြောင်းမူကား ငါဆာလောင်နေသည့်အချိန်တွင် သင်တို့သည် ငါ့အား စားစရာကိုလည်းမပေးကြ။ ငါရေငတ်နေသည့်အချိန်တွင် သင်တို့သည် ငါ့အား သောက်စရာကိုလည်းမပေးကြ။ 43ငါသူစိမ်းဧည့်သည်ကဲ့သို့ ဖြစ်နေသည့်အချိန်တွင်လည်း သင်တို့သည် ငါ့အား ကြိုဆိုလက်ခံခြင်းများမရှိခဲ့ကြ။ ငါဝတ်စရာမရှိသည့် အခါတွင်လည်း သင်တို့သည်ငါ့အား ဝတ်စရာကိုမပေးကြ။ ငါနာမကျန်းဖြစ်နေသည့်အချိန်နှင့် အကျဉ်းကျနေသည့်အချိန်တွင် သင်တို့သည် ငါ့အားမကြည့်ရှုကြ’ ဟု မိန့်တော်မူလိမ့်မည်။ 44ထိုအခါ သူတို့သည်လည်း ‘အရှင်၊ ကျွန်ုပ်တို့မည်သည့်အချိန်က အရှင်ဆာလောင်တော်မူနေခြင်း၊ ရေငတ်တော်မူနေခြင်း၊ သူစိမ်းဧည့်သည်ကဲ့သို့ ဖြစ်တော်မူနေခြင်း၊ ဝတ်စရာမရှိဖြစ်တော်မူနေခြင်း၊ နာမကျန်းဖြစ်တော်မူနေခြင်းနှင့် အကျဉ်းကျနေခြင်းများကိုမြင်ပြီး မည်သည့်အခါက အရှင့်ကို မလုပ်ကျွေးမပြုစုဘဲ နေကြသနည်း’ ဟုပြန်၍ လျှောက်တင်ကြလိမ့်မည်။ 45ထိုအခါ သူကလည်း ‘သင်တို့အား ငါအမှန်ဆိုသည်ကား ငါ၏တပည့်တော်များထဲမှ အရေးမပါဆုံးသောသူတစ်ဦးကိုပင် သင်တို့ ပြုမူလုပ်ဆောင်ခြင်းမရှိသမျှတို့သည် ငါအား ပြုမူလုပ်ဆောင်မှုမရှိခြင်းနှင့် အတူတူပင်ဖြစ်၏’ ဟုပြန်၍မိန့်တော်မူလိမ့်မည်။ 46ထို့နောက် ဤကဲ့သို့သောသူတို့သည် ထာဝရအပြစ်ဒဏ်ခံရမည့်နေရာသို့ သွားကြရလိမ့်မည်။ ဖြောင့်မတ်သောသူတို့မှာမူ ထာဝရအသက်ရှင်မည့်အရပ်သို့ သွားကြရလိမ့်မည်” ဟုမိန့်တော်မူ၏။
Currently Selected:
မဿဲ 25: TPV-RV
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.