YouVersion Logo
Search Icon

မဿဲ 24

24
ဗိမာန်တော်ပျက်စီးမည့်အကြောင်း ကြိုတင်မိန့်တော်မူခြင်း
1ထို့နောက် ကိုယ်တော်ယေရှုသည် ဗိမာန်တော်မှထွက်ခွာလာစဉ် တပည့်တော်များသည် ဗိမာန်တော်ဝန်းထဲရှိ အဆောက်အအုံများအားကို ညွှန်ပြကြ၏။ 2ကိုယ်တော်က သူတို့အား “ဤအရာများအားလုံးကို သင်တို့မြင်ကြသည်မဟုတ်လော” ဟုမေးမြန်းခဲ့ပြီး “သင်တို့အား ငါအမှန်ပြောရလျှင် ဤနေရာရှိ ကျောက်တုံးများသည် တစ်တုံးမျှပင် တင်ကျန်ခြင်းမရှိအောင် ဖြိုချခံရလိမ့်မည်ဖြစ်၏” ဟုမိန့်တော်မူလေသည်။
ကပ်ကမ္ဘာကုန်ဆုံးချိန် နိမိတ်လက္ခဏာများ
3ထို့နောက် ကိုယ်တော်ယေရှုသည် သံလွင်တောင်ပေါ်တွင် ထိုင်တော်မူနေသည့်အချိန်၌ တပည့်တော်တို့သည် ကိုယ်တော်ထံသို့ ချဉ်းကပ်လာခဲ့ကြပြီး “ဤအဖြစ်အပျက်များသည် မည်သည့်အချိန်တွင် ဖြစ်ပျက်လာမည်နည်း။ ကိုယ်တော်ကြွလာတော်မူသည့်အချိန်နှင့် ခေတ်ကာလကုန်ဆုံးချိန်တွင် မည်သည့်အတိတ်နမိတ်များ ဖြစ်ပေါ်လာမည်ဆိုသည်ကို ကျွန်ုပ်တို့အား ပြောပြပါလော့” ဟုလျှောက်တင်ကြ၏။ 4ထိုအခါ ကိုယ်တော်ယေရှုက မည်သူကမျှ လှည့်စားခြင်းမခံရစေရန် သတိထားကြလော့။ 5အကြောင်းမူကား များစွာသောသူတို့သည် ငါသည် မေရှိယဖြစ်၏ဟု လူတို့အားပြောဆို၍ လှည့်ဖြားကြလိမ့်မည်။ 6စစ်ပွဲများဖြစ်ပျက်လာလိမ့်မည်။ ထိုစစ်ပွဲသတင်းများအား သင်တို့ကြားကြရသော်လည်း မထိတ်လန့်ကြနှင့်။ ထိုသို့သောအဖြစ်အပျက်များ ဖြစ်ပျက်လာသော်လည်း ကမ္ဘာကြီး၏အဆုံးသတ်တော့ မဟုတ်သေးပေ။ 7အဘယ်ကြောင့်ဆိုသော် လူမျိုးတစ်မျိုးနှင့်တစ်မျိုး နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆန့်ကျင်၍ ရန်ဘက်များဖြစ်လာကြလိမ့်မည်။ အရပ်ဒေသတိုင်းတွင်လည်း ငတ်မွတ်ခေါင်းပါးခြင်းများ ကပ်ရောဂါဘေးကျရောက်ခြင်းများနှင့် မြေငလျင်လှုပ်ခြင်းများ ကျရောက်လာလိမ့်မည်ဖြစ်၏။ 8သို့သော် ထိုကျရောက်လာမည့် ဒုက္ခဆင်းရဲများသည် မီးဖွားမည့်အမျိုးသမီးတစ်ယောက်၏ နာကြင်ခံစားရခြင်းကဲ့သို့ အစပင်ရှိပါသေး၏။ 9နောက်ပိုင်းတွင် သင်တို့အား နှိပ်စက်ညဉ်းပန်း၍ အပ်နှံကြလိမ့်မည်။ ငါ၏အမည်နာမကြောင့်နှင့် လူမျိုးအပေါင်းတို့သည် သင်တို့အား မုန်းတီးကြလိမ့်မည်။ 10ထိုအချိန်တွင် လူအများသည် ယုံကြည်မှုမရှိတော့ပဲ အချင်းချင်း သစ္စာဖေါက်ကြလိမ့်မည်။ တစ်ယောက်ကိုတစ်ယောက် မုန်းတီးလာကြလိမ့်မည်။ 11ထို့နောက် အရိယာသူတော်စင် အတုအယောင်များသည်လည်း ပေါ်ပေါက်လာပြီး လူတို့အား လိမ်လည်လှည့်ဖြားကြလိမ့်မည်။ 12မတရားမှုများပို၍များပြားလာသည့်အတွက် လူတို့သည်လည်း ချစ်ခြင်းမေတ္တာများ ကင်းမဲ့လာလိမ့်မည်ဖြစ်၏။ 13သို့သော် ထိုကာလများအား အဆုံးထိခံနိုင်ရည် ရှိကြသူတို့သည် ကယ်တင်ခြင်းခံရမည်ဖြစ်၏။ 14ဘုရားရှင်၏သာသနာတော်နှင့်သက်ဆိုင်သော ဤမင်္ဂလာသတင်းကောင်းကို လူမျိုးတကာတို့ထံ သက်သေဖြစ်မည့်အကြောင်း ကမ္ဘာမြေတဝှမ်းလုံးတွင် ဟောပြောကြလိမ့်မည်။ ထို့နောက်တွင် ဤကမ္ဘာကြီး၏ အဆုံးသတ်သည် ရောက်ရှိလာကြလိမ့်မည်ဖြစ်၏။
ဘေးဒုက္ခကြီး
15ထို့ကြောင့် မြင့်မြတ်စင်ကြယ်သည့်အရပ်၌ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့်အရာများအား သင်တို့မြင်တွေ့ရသည့်အချိန်တွင် အရိယာသူတော်စင် ဒံယေလဟောပြောခဲ့သည့် 16“ထိုအချိန်တွင် ယုဒပြည်ရှိလူအားလုံးတို့သည် တောင်ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ကြလိမ့်မည်ဖြစ်၏။ 17အိမ်ခေါင်မိုးပေါ်သို့ ရောက်နေကြသူများသည်လည်း အိမ်အောက်သို့ဆင်း၍ အိမ်ထဲတွင်ရှိနေသောအရာများအား ယူနိုင်ကြလိမ့်မည် မဟုတ်။ 18လယ်ထဲတွင်ရှိနေကြသောသူများသည်လည်း အဝတ်အစားများယူရန် အိမ်သို့ပြန်နိုင်ကြမည်မဟုတ်။ 19ထိုအချိန်ကာလသည် ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့တိုက်မိခင်များအတွက် အလွန်ပင်ခက်ခဲသော ကာလဖြစ်လိမ့်မည်။ 20သင်တို့ထွက်ပြေးရမည့်အချိန်သည် ဆောင်းရာသီနှင့် ဥပုသ်နေ့များတွင် မဖြစ်စေရန်အတွက် ဆုတောင်းကြလော့။ 21အဘယ်ကြောင့်ဆိုသော် ကမ္ဘာဦးကာလမှစ၍ ယခုအချိန်အထိ မည်သည့်အခါကမျှ မဖြစ်ပျက်ခဲ့ဖူးသေးသည့် နောင်အခါတွင်လည်း ထပ်မံ၍ဖြစ်ပျက်လိမ့်မည်မဟုတ်သည့် ကြီးမားသောကပ်ဆိုးများသည် ထိုကာလတွင် ကျရောက်ဖြစ်ပျက်လိမ့်မည်ဖြစ်၏။ 22ထိုအချိန်ကာလအား တိုတောင်းသွားစေရန် ဘုရားရှင်သည် ပြုလုပ်တော်မူခြင်းမရှိလျှင် မည်သူမျှ အသက်ရှင်ကျန်ရစ်မည်မဟုတ်ပေ။ သို့သော် ဘုရားရှင်သည် သူရွေးချယ်ထားသည့်သူတို့အတွက် ထိုကာလအား ပို၍တိုတောင်းစေတော်မူလိမ့်မည်။ 23အကယ်၍ တစ်စုံတစ်ယောက်သည် သင်တို့အား “ကြည့်လော့၊ မေရှိယသည် ဤအရပ်၌ဖြစ်၏” သို့မဟုတ် “သူသည် ထိုအရပ်၌ရှိ၏” ဟုပြောဆိုလျှင် မယုံကြည်ကြနှင့်။ 24အဘယ်ကြောင့်ဆိုသော် မေရှိယအတုအယောင်များနှင့် အရိယာသူတော်စင်တုအယောင်များသည် ပေါ်ပေါက်လာကြလိမ့်မည်ဖြစ်၏။ ဖြစ်နိုင်မည်ဆိုပါက သူတို့သည် ဘုရားရှင်ရွေးကောက်တော်မူထားသောလူများကိုပင် လှည့်ဖြားရန် ကြီးမားသည့် နိမိတ်လက္ခဏာများနှင့် အံဖွယ်အရာများကို လုပ်ဆောင်ပြကြလိမ့်မည်။ 25ငါကြိုတင်၍ ဟောပြောထားသည့် အရာများအား ကြည့်ကြလော့။ 26ထို့ကြောင့် တစ်ယောက်ယောက်က သင်တို့အား “သူသည်တောကန္တာရတွင်ရှိ၏” ဟုပြောလျှင် အပြင်သို့မထွက်ကြနှင့်။ သို့မဟုတ် “သူသည်အခန်းထဲတွင်ရှိ၏” ဟုပြောလျှင်လည်း မယုံကြည်ကြနှင့်။ 27အဘယ်ကြောင့်ဆိုသော် အရှေ့အရပ်မှနေ၍ အနောက်အရပ်အထိ ကောင်းကင်တစ်ခွင်လုံး ထွန်းလင်းစေမည့် လျှပ်စီးလက်သကဲ့သို့ လူ့သားတော်သည် ကြွလာတော်မူလိမ့်မည်ဖြစ်၏။ 28အသေကောင်များရှိသောနေရာတွင် လင်းတတို့သည် စုဝေးနေကြလိမ့်မည်။ 29ထိုကာလ၏ဆင်းရဲဒုက္ခများ ပြီးဆုံးသည်နှင့် ချက်ချင်းပင် နေသည် မှောင်မိုက်နေလိမ့်မည်ဖြစ်၏။ လသည်လည်း ထွန်းလင်းတောက်ပတော့မည်မဟုတ်ပဲ ကြယ်များသည်လည်း ကောင်းကင်မှနေ၍ ကြွေကျလာကာ အာကာသတစ်ခုလုံးသည်လည်း လှုပ်ခါနေလိမ့်မည်ဖြစ်၏။ 30ထို့နောက် ရွှေမြို့တော်တွင် လူ့သားတော်၏ နိမိတ်လက္ခဏာသည် ကောင်းကင်၌ ပေါ်လာလိမ့်မည်ဖြစ်၏။ ထို့နောက် လူ့သားတော်သည် ကြီးကျယ်မြင့်မြတ်သော ဘုန်းတန်ခိုးတော်ဖြင့် မိုးကောင်ကင်တိမ်တိုက်များပေါ်မှ ကြွလာလာတော်မူသည်ကို မြင်ကြရသောအခါ ကမ္ဘာမြေပေါ်တွင်ရှိသော လူအပေါင်းတို့သည် ငိုကြွေးမြည်တမ်းကြလိမ့်မည်။ 31ထို့နောက်သူသည် ကျယ်လောင်သည့်တံပိုးမှုတ်သံနှင့်အတူ သူ၏နတ်ဒေဝါများအားစေလွှတ်၍ ဘုရားရှင်ရွေးကောက်တော်မူထားသည့်သူတို့အား မိုးကောင်းကင်အစွန်းတစ်ဖက်မှ တခြားအစွန်းတစ်ဖက်အထိ အရပ်လေးမျက်နှာမှ စုဝေးစေလိမ့်မည်ဖြစ်၏။ 32သဖန်းပင်မှ ဤသင်ခန်းစာကို သင်ယူကြလော့။ အကိုင်းအခက်များနှင့် အရွက်နုများထွက်လာသောအခါ နွေရာသီရောက်တော့မည်ဆိုသည်ကို သင်တို့သိကြ၏။ 33ထိုကဲ့သို့ပင် ဤအရာများအားလုံးကို မြင်ရသည့်အခါ လူ့သားတော်သည်လည်း တံခါးဝအနီးသို့ ရောက်နေပြီဆိုသည်ကို သင်တို့သိမှတ်ထားကြလော့။ 34သင်တို့ကို ငါအမှန်အတိုင်းပြောမည်။ ဤအရာများအားလုံး ဖြစ်ပျက်မည့်အချိန်အထိတိုင်အောင် ဤလူမျိုးများသည် ကွယ်ပျောက်သွားမည်မဟုတ်။ 35ကောင်းကင်နှင့် မြေကြီးသည်သာ ကွယ်ပျောက်သွားလိမ့်မည်။ ငါပြောသည့်စကားများသည် မည်သည့်အခါတွင်မျှ ပျောက်ကွယ်သွားမည်မဟုတ်။ 36သို့သော် ထိုအချိန် ထိုနာရီတို့အား မည်သူမျှသိမည်မဟုတ်။ သားတော်နှင့် နတ်ဒေဝါများပင် မသိကြပေ။ ငါ၏အဖဘုရားရှင် တစ်ပါးတည်းကပင် သိနိုင်မည်ဖြစ်၏။ 37လူသားတော်ကြွလာမည့်အချိန်တွင် နောဧ၏လက်ထက်၌ ဖြစ်ပျက်ခဲ့သကဲ့သို့ ဖြစ်ပျက်လိမ့်မည်။ 38အဘယ်ကြောင့်ဆိုသော် ရေမလွှမ်းမိုးမီနှင့် နောဧသည် သင်္ဘောထဲသို့ ဝင်ရောက်သွားသည့်နေ့အထိ လူတို့သည် စားသောက်နေခြင်းများ၊ ထိမ်းမြားလက်ထပ်ခြင်းများ ပြုလုပ်နေကြဆဲဖြစ်၏။ 39ဤသို့ဖြင့် ရေလွှမ်းမိုးပြီး လူများအားလုံး မျောပါသွားသည်အထိ သူတို့သည် မည်သည့်အရာကိုမျှ မသိကြဘဲ လူ့သားတော် ကြွလာတော်မူမည်ဆိုသည်ကိုလည်း သိကြမည်မဟုတ်။ 40ထိုသို့သောအချိန်တွင် လယ်ထဲ၌ရှိနေသော လူနှစ်ယောက်ထဲမှ တစ်ယောက်အားခေါ်သွားမည်ဖြစ်ပြီး တစ်ယောက်ကိုမူ ချန်ထားခဲ့မည်ဖြစ်၏။ 41ကြိတ်ဆုံအတူတူကြိတ်နေကြသည့် အမျိုးသမီးနှစ်ယောက်ထဲမှ တစ်ယောက်အားခေါ်ဆောင်သွားပြီး တစ်ယောက်ကိုမူ ချန်ထားခဲ့မည်ဖြစ်၏။ 42သတိပြု၍ စောင့်ကြည့်နေကြလော့။ အဘယ်ကြောင့်ဆိုသော် သင်တို့၏အရှင် ဘုရားရှင်ကြွလာတော်မူမည့် နေ့ရက်နှင့်အချိန်ကို သင်တို့သည် သိနိုင်ကြမည် မဟုတ်ကြသည့်အတွက်ကြောင့်ဖြစ်၏။ 43အိမ်ရှင်သည် သူခိုးလာမည့်အချိန်အား ကြိုတင်သိနေလျှင် သတိနှင့်စောင့်မည်ဖြစ်ပြီး သူ၏အိမ်ကိုဖေါက်ထွင်းခိုးယူခွင့် ပေးမည်မဟုတ်ဆိုသည်အား သင်တို့သိကြ၏။ 44ထိုကဲ့သို့ပင် လူ့သားတော်သည် မျှော်လင့်မထားသည့် အချိန်နာရီတွင် ကြွလာတော်မူမည်ဖြစ်သည့်အတွက် သင်တို့သည်လည်း အဆင်သင့် ရှိနေကြရမည်ဖြစ်၏။ 45ဤသို့ဆိုလျှင် သစ္စာရှိ၍ ဉာဏ်ပညာပြည့်ဝသော အစေခံသည် မည်သူနည်း။ မိမိ၏အိမ်သူအိမ်သားများအား အချိန်တန်လျှင် စားစရာများစီစဉ်ပေးရန်အတွက် သခင်က ခန့်အပ်ထားသော သူပင်ဖြစ်၏။ 46သခင်ပြန်လာသည့်အချိန်တွင် ဤသို့လုပ်ဆောင်ထားသည်ကို မြင်တွေ့ရလျှင် ထိုအစေခံသည် ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံလိမ့်မည်ဖြစ်၏။ 47သင်တို့ကို ငါအမှန်အတိုင်းပြောရလျှင် သခင်ဖြစ်သောသူသည် မိမိ၏ပစ္စည်းဥစ္စာများအားလုံးကို ထိမ်းသိမ်းစောင့်ရှောက်ရန် သူ့အား ခန့်ထားလိမ့်မည်ဖြစ်၏။ 48သို့သော် မိုက်မဲသောအစေခံတို့သည် “ငါ၏သခင်သည် အိမ်ပြန်နောက်ကျလိမ့်မည်” ဟုတွေးတောနေပြီး 49အခြားသောအစေခံတို့အား ရိုက်နှက်၍ သောက်စား မူးရူးနေကြသူများနှင့် အတူတကွ သောက်စားနေလိမ့်မည်ဖြစ်၏။ 50ထိုအစေခံဖြစ်သူ၏ သခင်သည် သူသတိမထားမိသောနေ့နှင့် မျှော်လင့်မထားသောအချိန်တွင် ပြန်လာပြီးနောက် 51ထိုအစေခံအား ပြင်းပြင်းထန်ထန် အပြစ်ပေးကာ သူတော်ကောင်းယောင်ဆောင်ကြသူတို့နှင့်အတူ နေရာချထားပေးပြီး သူသည်လည်း ထိုနေရာတွင် အံကြိတ်၍ ငိုကြွေးနေရမည်ဖြစ်၏။

Currently Selected:

မဿဲ 24: TPV-RV

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in