YouVersion Logo
Search Icon

မဿဲ 12

12
ဥပုသ်နေ့၏အရှင်သခင်
1ထို့နောက် ဥပုသ်နေ့တစ်နေ့တွင် ကိုယ်တော်ယေရှုသည် စပါးခင်းများကို ဖြတ်သန်း၍ သွားလေသည်။ ထိုအခါ ကိုယ်တော်၏တပည့်များသည် ဆာလောင်လာကြသဖြင့် စပါးစေ့များကိုခူး၍ စားကြလေ၏။ 2ဤသည်ကို ဖာရိရှဲအချို့သည် မြင်သောအခါ ကိုယ်တော့်အား “သင်၏တပည့်တော်တို့သည် ဥပုသ်နေ့တွင် ပညတ်တရားအရ မပြုလုပ်သင့်သောအရာတို့ကို အဘယ်ကြောင့်ပြုလုပ်ကြသနည်း” ဟုဆိုလေ၏။
3ကိုယ်တော်ကလည်း သူတို့အား “ဘုရင်ဒါဝိဒ်သည် မိမိနှင့် မိမိ၏အပေါင်းအဖေါ်များ ဆာလောင်သည့်အချိန်၌ မည်သို့ပြုလုပ်ခဲ့ကြသည်ကို သင်တို့မဖတ်ဖူးကြသလော။ 4ဒါဝိဒ်သည် ဘုရားရှင်၏အိမ်တော်ထဲသို့ဝင်ကာ ဂျူးပုရောဟိတ်တို့မှလွဲ၍ စားခွင့်မရှိသော ပူဇော်ထားသည့်မုန့်များကို သူကိုယ်တိုင်စားသည့်အပြင် သူ၏အပေါင်းအဖေါ်များကိုပါကျွေးခဲ့၏။ 5ထို့အပြင် ဥပုသ်နေ့တွင် ဗိမာန်တော်၌ရှိသော ဂျူးပုရောဟိတ်များသည် ဥပုသ်နေ့နှင့်ဆိုင်သော ပညတ်တရားများကို ချိုးဖောက်ကြသော်လည်း အပြစ်မရှိကြောင်းကို ပညတ်တရားကျမ်း၌ သင်တို့မဖတ်ဖူးကြသလော။ 6သင်တို့အား ငါဆိုသည်ကား ဗိမာန်တော်ထက်ပို၍ ကြီးမြတ်သောသူသည် ဤနေရာတွင်ရှိနေပြီဖြစ်၏။ 7‘ငါသည်ပူဇော်ပသခြင်းကို အလိုမရှိဘဲ၊ သနားကရုဏာကိုသာ ပို၍အလိုရှိသည်’ ဆိုသည့်စကားကို သင်တို့နားလည်သဘောပေါက်ကြလျှင် သင်တို့သည် အပြစ်မရှိသောသူများကို ပြစ်တင်ရှုတ်ချကြမှာမဟုတ်။ 8အကြောင်းမူကား ဘုရားရှင်စေလွှတ်တော်မူသော လူ့သားတော်သည် ဥပုသ်နေ့၏အရှင်သခင်ဖြစ်၏” ဟုမိန့်တော်မူ၏။
လက်တစ်ဖက်သေနေသောသူအား ပြန်လည်ကောင်းမွန်စေခြင်း
9ထို့နောက် ကိုယ်တော်ယေရှုသည် ထိုနေရာမှ ထွက်ခွာလာပြီး ဓမ္မာရုံထဲသို့ ဝင်တော်မူ၏။ 10ထိုနေရာတွင် လက်တစ်ဖက်သေနေသောသူတစ်ဦးသည်လည်း ရှိနေသောကြောင့် ဖာရိရှဲတို့က ကိုယ်တော့်အား အပြစ်ရှာစွပ်စွဲနိုင်ရန်အတွက် “ဥပုသ်နေ့တွင် အနာရောဂါများအား ကုသပေးခြင်းသည် ပညတ်တရားတော်နှင့်ညီသလော၊ မညီသလော” ဟုမေးလျှောက်ကြ၏။
11ထိုအခါ ကိုယ်တော်က ထိုသူတို့အား “သင်တို့၏သိုးသည် ဥပုသ်နေ့၌ ရေတွင်းထဲသို့ကျသွားလျှင် ထိုသိုးကို ရေထဲမှ မဆွဲတင်ဘဲနေမည်လော။ 12လူတစ်ဦးသည် သိုးထက်ပို၍ တန်ဖိုးများစွာရှိ၏။ ထို့ကြောင့် ဥပုသ်နေ့၌ ကောင်းသောအရာများပြုလုပ်ခြင်းသည် ပညတ်တရားတော်နှင့်ညီ၏” ဟုမိန့်တော်မူ၏။
13ထို့နောက် ကိုယ်တော်သည် ထိုလက်တစ်ဖက်သေနေသူအား “သင်၏လက်ကို ဆန့်လော့” ဟုမိန့်လေရာ ထိုသူသည်လည်း လက်ကိုဆန့်လိုက်သောအခါ ထိုလက်သည် တခြားလက်တစ်ဖက်ကဲ့သို့ပင် အကောင်းပကတိအတိုင်းဖြစ်လေ၏။ 14သို့သော် ဖာရိရှဲတို့သည် ထိုနေရာမှ ထွက်လာခဲ့ကြပြီး ကိုယ်တော်ယေရှုအား လုပ်ကြံသတ်ဖြတ်နိုင်မည့်နည်းလမ်းကို ရှာဖွေရန် ဆွေးနွေးတိုင်ပင်ကြလေ၏။
ဘုရားရှင်၏အမှုဆောင်
15ကိုယ်တော်ယေရှုသည် ထိုသူတို့၏အကြံအစည်များကို သိသောကြောင့် ထိုနေရာမှ ထွက်ခွာတော်မူရာ များစွာသောလူတို့သည် ကိုယ်တော့်နောက်သို့ လိုက်လာကြသဖြင့် ကိုယ်တော်ယေရှုသည် သူတို့ထဲမှ နာမကျန်းသူများကို ကျန်းမာစေတော်မူ၏။ 16ပြီးနောက် ကိုယ်တော်ယေရှုသည် မိမိပြုတော်မူသည့်အကြောင်းအရာများကို တစ်ခြားသူများအား မပြောရန် ထိုသူတို့အား သတိပေးတော်မူ၏။ 17ဤသို့ဖြင့် ကိုယ်တော်ယေရှုသည် အရိယာသူတော်စင်ဟေရှာယ မိန့်ဆိုခဲ့သော မိန့်ဆိုချက်များကို ပြည့်စုံမှန်ကန်လာစေ၏။ 18ထိုမိန့်ဆိုချက်မှာ “ဤလူသည် ငါရွေးကောက်ထားသော ငါ၏အမှုတော်ဆောင်ဖြစ်၍ ငါမြတ်နိုးနှစ်သက်ရသောသူလည်းဖြစ်၏။ ငါသည် သူ့အပေါ်တွင် ငါ၏စိတ်ဝိညာဉ်အား ပေးထားပြီးပြီဖြစ်သည့်အတွက် သူသည် လူမျိုးအားလုံးတို့အား တရားမျှတမှုကို ဟောပြောကြေငြာလိမ့်မည်။ 19သူသည် မည်သည့်အခါမျှငြင်းခုံခြင်းနှင့် အော်ဟစ်ခြင်းကို ပြုလုပ်မည်မဟုတ်သကဲ့သို့ သူ၏ကျယ်လောင်သောအော်သံကိုလည်း လမ်းမပေါ်ရှိ မည်သူကမှ ကြားရလိမ့်မည်မဟုတ်။ 20သူသည် တရားမျှတမှုကို အောင်မြင်စေရန် လုပ်ဆောင်ပြီးသည့်အချိန်ထိ ပျက်ဆီးနေသောမြက်ပင်များအား ထပ်မံ၍ဖျက်ဆီးမည် မဟုတ်သကဲ့သို့ လောင်ကျွမ်းနေသောမီးစာကိုလည်း ငြိမ်းစေမည်မဟုတ်။ 21လူမျိုးအားလုံးကလည်း သူ၏အမည်နာမတော်ကို အမှီပြု၍ မျှော်လင့်ချက်အသစ်များကို ရကြလိမ့်မည်” ဟူ၍ဖြစ်၏။
ယေရှုနှင့် ဗေလဇေဗုလ
22ထို့နောက် လူတို့သည် မကောင်းဆိုးဝါးပူးကပ်ခံရသောကြောင့် ဆွံ့အ၍ မျက်လုံးမမြင်နိုင်ဖြစ်နေသောသူတစ်ဦးအား ကိုယ်တော်ထံသို့ ခေါ်ဆောင်လာကြသဖြင့် ကိုယ်တော်က ထိုသူအား ကျန်းမာစေတော်မူသောအခါ ထိုသူသည် စကားပြန်ပြောလာနိုင်ပြီး မျက်စိသည်လည်း ပြန်မြင်လေ၏။ 23ထိုအခါ လူအားလုံးတို့သည် အလွန်အံ့ဩသွားကြပြီး “သူသည် ဒါဝိဒ်၏သားတော် ဖြစ်လေမည်လော”ဟုပြောဆိုကြ၏။
24သို့သော် ဖာရိရှဲတို့သည် ထိုအကြောင်းအရာကို ကြားသောအခါ “မကောင်းဆိုးဝါးတို့၏ဘုရင် ဗေလဇေဗုလသည် ဤလူကို လူတို့ထံတွင် ပူးကပ်နေသော မကောင်းဆိုးဝါးများအား နှင်ထုတ်နိုင်သောအစွမ်း ပေးထားသည့်အတွက်ကြောင့်သာ ဤသို့လုပ်ဆောင်နိုင်ခြင်းဖြစ်သည်” ဟုဆိုကြလေ၏။
25ကိုယ်တော်ယေရှုသည် သူတို့၏အတွေးများကို သိတော်မူသဖြင့် ကိုယ်တော်သည် သူတို့အား “တိုင်းသူပြည်သားများသည် တစ်ယောက်နှင့်တစ်ယောက် ဆန့်ကျင်တိုက်ခိုက်နေကြလျှင် သူတို့၏တိုင်းပြည်အား သူတို့ကိုယ်တိုင်ဖျက်ဆီးရာရောက်သကဲ့သို့ မြို့တစ်မြို့ သို့မဟုတ် မိသားစုတစ်စုအတွင်းရှိ လူတို့သည်လည်း အချင်းချင်း ဆန့်ကျင်တိုက်ခိုက်နေကြလျှင် ပျက်ဆီးသို့သာရောက်ပေလိမ့်မည်ဖြစ်၏။ 26အကယ်၍ မာရ်နတ်သည် သူ၏မကောင်းဆိုးဝါးများကို ပြန်လည်နှင်ထုတ်လျှင် သူသည် မိမိကိုယ်မိမိဆန့်ကျင်သကဲ့သို့ ဖြစ်လိမ့်မည်။ ဤသို့ဆိုလျှင် သူ၏နိုင်ငံသည် မည်သို့တည်မြဲနိုင်မည်နည်း။ 27သို့ဖြစ်၍ ငါသည် ဗေလဇေဗုလ၏တန်ခိုးနှင့် မကောင်းဆိုးဝါးများအား နှင်ထုတ်သည်ဆိုလျှင် သင်တို့၏တပည့်များသည် မည်သူ့၏တန်ခိုးဖြင့် ထိုမကောင်းဆိုးဝါးများကို နှင်ထုတ်နေကြသနည်း။ ထို့ကြောင့် သူတို့သည် သင်တို့မှားနေကြောင်းကို ပြလိမ့်မည်။ 28သို့သော် ငါသည် ဘုရားရှင်၏ဝိညာဉ်တော်တန်ခိုးဖြင့် မကောင်းဆိုးဝါးများအား နှင်ထုတ်သည်ဆိုလျှင် ဘုရားရှင်၏သာသနာတော်သည် သင်တို့အပေါ်သို့ ရောက်ရှိလာသည်ဖြစ်၏။
29ထိုနည်းတူပင် ခွန်အားကြီးသောသူ၏အိမ်သို့ ဝင်ရောက်ပြီး သူပိုင်ဆိုင်သောဥစ္စာပစ္စည်းများအား မည်သို့လုယူနိုင်မည်နည်း။ ထိုလူကို ဦးစွာ ချုပ်နှောင်ပြီးမှသာ သူပိုင်ဆိုင်သော ဥစ္စာပစ္စည်းများအား လုယူနိုင်မည်ဖြစ်၏။
30ငါ့ဘက်၌ မရပ်တည်သောသူသည် ငါ့အားဆန့်ကျင်သောသူဖြစ်ပြီး ငါနှင့်အတူ ဘုရားရှင်၏သာသနာတော်အတွင်းတွင် လူတို့အား မစုဝေးနိုင်အောင်လုပ်သောသူသည် ငါတို့ကို စိတ်ဝမ်းကွဲစေရန် လုပ်ဆောင်သူဖြစ်၏။ 31ထို့ကြောင့် သင်တို့အား ငါဆိုသည်ကား လူတို့အချင်းချင်းလုပ်ဆောင်ကြသော ပြစ်မှားစော်ကားခြင်းများနှင့် ဒုစရိုက်အပြစ်များအတွက် ခွင့်လွှတ်ခြင်းကို ခံရမည်ဖြစ်သော်လည်း ဘုရားရှင်၏ဉာဏ်အလင်းတော်အား စော်ကားပြောဆိုသည့်အပြစ်အတွက်ကိုမူ ခွင့်လွှတ်ခြင်းခံရလိမ့်မည်မဟုတ်။ 32ထို့ပြင် လူ့သားတော်အပေါ် စော်ကားပြောဆိုခြင်းအား ခွင့်လွှတ်ခြင်းရမည်ဖြစ်သော်လည်း ဉာဏ်အလင်းတော်အပေါ် စော်ကားပြောဆိုလျှင်မူကား ယခုဘဝ၌ဖြစ်စေ၊ နောင်ဘဝ၌ဖြစ်စေ ခွင့်လွှတ်ခြင်းရမည်မဟုတ်။
33အပင်တစ်ပင်ကို ကောင်းမွန်စွာ ပြုစုပျိုးထောင်လျှင် ထိုအပင်၏အသီးသည် ကောင်းမွန်မည်ဖြစ်သကဲ့သို့ အပင်တစ်ပင်ကို ဆိုးဝါးစွာ ပြုစုပျိုးထောင်လျှင် ထိုအပင်၏အသီးသည် ဆိုးဝါးမည်ပင်ဖြစ်၏။ ထို့ကြောင့်အသီးကို ကြည့်ရုံဖြင့် မည်သို့သောအပင်ဖြစ်သည်ကို သိနိုင်၏။ 34မြွေဆိုးမျိုးနွယ်တို့ကဲ့သို့ လိမ်ညာလှည့်ဖျားတတ်သောအသင်တို့၊ သင်တို့သည် ဆိုးသွမ်းသောသူများဖြစ်နေကြလျက် ကောင်းသည့်အရာများအား မည်သို့ပြောဆိုနိုင်ကြမည်နည်း။ အကြောင်းမူကား လူတစ်ယောက်စိတ်နှလုံးအတွင်း၌ ပြည့်နှက်နေသည့်အရာများကသာ ထိုလူ၏ နှုတ်မှထွက်လာကြသောကြောင့်ဖြစ်၏။ 35ကောင်းမွန်သောသူသည် သူ၏ကောင်းမွန်သော စိတ်နှလုံးထဲမှာရှိသည့် ကောင်းမွန်သည့်စကားများကိုသာ ပြောဆိုသကဲ့သို့ မကောင်းသောသူသည်လည်း သူ၏မကောင်းသောစိတ်နှစ်လုံးထဲတွင်ရှိသည့် မကောင်းသောစကားများကိုသာ ပြောဆိုတတ်၏။ 36သင်တို့အား ငါဆိုသည်ကား တရားစီရင်တော်မူမည့်နေ့၌ လူတို့သည် သူတို့ပြောဆိုခဲ့သည့် အကျိုးမရှိသောစကားများအတွက် ဖြေရှင်းချက်ပေးကြရမည်ဖြစ်သည်။ 37အကြောင်းမူကား သင်တို့၏စကားများကို အခြေခံ၍ သင်တို့သည်အပြစ်မရှိကြောင်း အသိအမှတ်ပြုခြင်းခံရမည်ဖြစ်သကဲ့သို့ သင်တို့၏စကားများအား အခြေခံ၍ သင်တို့သည် ပြစ်ဒဏ်ချမှတ်ခြင်းခံရမည်သာဖြစ်သည်” ဟုမိန့်တော်မူ၏။
ယောန၏နိမိတ်လက္ခဏာ
38ထိုနောက် ကျမ်းတတ်ဆရာများနှင့် အချို့သောဖာရိရှဲတို့သည် ကိုယ်တော့်အား “အရှင်၊ အကျွန်ုပ်တို့အား နိမိတ်လက္ခဏာတစ်ခုကို ပြတော်မူပါ” ဟုလျှောက်တင်ကြ၏။
39သို့သော် ကိုယ်တော်က သူတို့အား “အကျင့်ပျက်ဖောက်ပြန်သော မျိုးဆက်သည် နိမိတ်လက္ခဏာကို တောင်းဆိုသော်လည်း အရိယာသူတော်စင်ယောန၏နိမိတ်လက္ခဏာမှလွဲ၍ မည်သည်ကိုမျှ တွေ့မြင်ကြရမည်မဟုတ်။ 40အကြောင်းမူကား ယောနသည် ငါးကြီးတစ်ကောင်၏ဝမ်းဗိုက်ထဲတွင် သုံးရက်နှင့် သုံးညနေခဲ့ရသကဲ့သို့ ဘုရားရှင်စေလွှတ်တော်မူသော လူ့သားတော်သည်လည်း ဤကမ္ဘာမြေပေါ်မှာ သုံးရက်နှင့်သုံးည ဂူသွင်းသင်္ဂြိုဟ်ခြင်းခံရမည်ဖြစ်သောကြောင့်ပင်ဖြစ်၏။ 41ဘုရားရှင်သည် လူအားလုံးတို့အား တရားစီရင်တော်မူသောအချိန်၌ နိနေဝေမြို့သားတို့သည် ငါလုပ်ဆောင်ခဲ့သောအံ့ဖွယ်အမှုကိစ္စများအား မြင်တွေ့ခဲ့ကြသော ယခုခေတ်လူတို့နှင့်အတူ ထမြောက်လျက် ဤခေတ်လူတို့၏အပြစ်ကို ထင်ရှားစေကြလိမ့်မည်။ အကြောင်းမူကား နိနေဝေမြို့သားတို့သည် ယောန၏ဟောပြောချက်ကြောင့် အပြစ်ဖြစ်စေမည့်လမ်းကို ရှောင်လွှဲခဲ့ကြ၏။ ယခုဤနေရာ၌ ယောနထက် ပို၍ကြီးမြတ်သောသူ ရောက်နေခြင်းဖြစ်၏။ 42ဘုရားရှင်သည် လူအားလုံးတို့အား တရားစီရင်တော်မူသောအချိန်၌ ရှေးခေတ်အစ္စရေးပြည်တောင်ပိုင်းရှိ ရှေဘမြို့မှဘုရင်မသည် ငါလုပ်ဆောင်ခဲ့သောအံ့ဖွယ်အမှုကိစ္စများအား မြင်တွေ့ခဲ့ကြသော ယခုခေတ်လူတို့နှင့်အတူ ထမြောက်လျက် ဤခေတ်လူတို့၏အပြစ်ကို ထင်ရှားစေလိမ့်မည်။ အကြောင်းမူကား ဘုရင်မသည် ရောလမုန်မင်းကြီး၏ဆုံးမဩဝါဒကို နားထောင်ရန် ဝေးလံခေါင်သီသောကမ္ဘာမြေကြီးအစွန်အဖျားမှ လာရ၏။ ယခုဤနေရာ၌ ရှောလမုန်ထက် ပို၍ကြီးမြတ်သောသူရောက်နေခြင်းဖြစ်၏။
မကောင်းဆိုးဝါးပြန်လာခြင်း
43မကောင်းဆိုးဝါးသည် သူပူးကပ်ထားသောသူ၏ကိုယ်ထဲမှ ထွက်ခွာသောအခါ ခြောက်သွေ့ရာအရပ်တို့ကို ဖြတ်၍ နေထိုင်ရန်နေရာအသစ်ကို ရှာဖွေသော်လည်း မတွေ့သဖြင့် 44ထိုမကောင်းဆိုးဝါးက ‘ငါထွက်လာခဲ့သည့်အိမ်သို့ ငါပြန်သွားမည်’ ဟုဆိုကာ ပြန်လာသော် ထိုနေရာသည် သန့်ရှင်းသပ်ရပ်စွာရှိနေ၍ လစ်လပ်နေသည်ကိုမြင်ရ၏။ 45ထိုအခါ မကောင်းဆိုးဝါးသည် သူထက်ပို၍ ဆိုးသွမ်းသောမကောင်းဆိုးဝါးခုနှစ်ကောင်အား သူနှင့်အတူသွားခေါ်လာပြီး ထိုအရပ်၌ ဝင်ရောက်နေထိုင်ကြသည့်အတွက် ထပ်မံ၍ အပူးကပ်ခံရသောသူသည် ပထမအကြိမ် ပူးကပ်ခံရသည်ထက်ပို၍ ဆိုးရွားသွားလေ၏။ ယခုခေတ်တွင် နေထိုင်နေကြသော မကောင်းသည့်မျိုးဆက်သည်လည်း ထိုကဲ့သို့ပင် ဖြစ်လိမ့်မည်” ဟုမိန့်တော်မူ၏။
မိသားစုအစစ်အမှန်
46ကိုယ်တော်ယေရှုသည် လူထုပရိသတ်တို့အား ထိုသို့မိန့်တော်မူနေစဉ် ကိုယ်တော်၏မိခင်နှင့်ညီအစ်ကိုတို့သည် ကိုယ်တော်နှင့်စကားပြောလို၍ အပြင်၌ရပ်စောင့်နေကြ၏။ 47ထိုအခါ လူတစ်ဦးက “ကိုယ်တော်၏မိခင်နှင့်ညီအစ်ကိုများက ကိုယ်တော်နှင့်စကားပြောလိုသည့်အတွက် အပြင်တွင် ရပ်စောင့်နေကြပါ၏” ဟုလျှောက်လေသည်။
48ကိုယ်တော်ကလည်း “ငါ၏မိခင်နှင့်ညီအကိုများဆိုသည်ကား မည်သူနည်း” ဟုထိုသူကို မေးတော်မူ၏။ 49ထို့နောက် ကိုယ်တော်သည် သူ၏တပည့်တော်များဘက်သို့ လက်ညှိုးညွှန်၍ “ထိုလူတို့သည် ငါ့၏မိခင်နှင့်ညီအစ်ကိုများသာဖြစ်ကြ၏။ 50ရွှေမြို့တော်၌ရှိသော ငါ၏အဖဘုရားရှင် အလိုတော်အား လိုက်ပါဆောင်ရွက်သူမှန်သမျှသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့မိခင်ပင်ဖြစ်သည်” ဟုမိန့်တော်မူ၏။

Currently Selected:

မဿဲ 12: TPV-RV

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in