Acts 8
8
1ရှောလုသည်လည်း သတေဖန်အသတ်ခံရသည့်အမှု၌ အလိုတူအလိုပါဖြစ်၏။ ထိုနေ့၌ ယေရုရှလင်မြို့၌ရှိသော အသင်းတော်အပေါ်တွင်လည်း ကြီးစွာသော ညှဉ်းပန်းနှိပ်စက်ခြင်းသည် စတင်ခဲ့ပြီး သာဝကများမှတပါး ယုံကြည်သူအပေါင်းတို့သည် ယုဒပြည်နှင့် ရှမာရိဒေသတခွင်သို့ တကွဲတပြား ပျံ့နှံ့သွားလေ၏။ 2ဘုရားတရားကြည်ညိုကြသောသူတို့သည် သတေဖန်အား သင်္ဂြိုဟ်၍ သူ့အတွက် ရင်ဘတ်စည်တီးလျက် ပြင်းစွာငိုကြွေးခဲ့ကြ၏။ 3ရှောလုသည် တစ်အိမ်ပြီးတစ်အိမ်ဝင်၍ ယောက်ျားများနှင့် မိန်းမများအား ဆွဲထုတ်ကာ ထောင်သွင်းအကျဉ်းချလျက် အသင်းတော်ကို လိုက်လံ၍ ဖျက်ဆီးလေ၏။ 4အရပ်ရပ်သို့ ပြန့်ကျဲသွားသော ယုံကြည်သူအပေါင်းတို့သည် သွားလေရာ၌ နှုတ်ကပါတ်တရားတော်ကို ဟောကြလေ၏။ 5ဖိလိပ္ပုသည်လည်း ရှမာရိမြို့သို့သွား၍ မေရှိယအကြောင်းကို လူအများအား ဟောပြောလေ၏။ 6ဖိလိပ္ပုဟောပြောသောအရာနှင့် သူပြုသောအံ့ဖွယ်အမှုတို့ကို မြင်ကြသောအခါ လူအပေါင်းတို့သည် ဂရုတစိုက်နားထောင်ကြလေ၏။ 7လူတို့ထံ၌ပူးကပ်လျက်ရှိသည့် များစွာသော မကောင်းဆိုးဝါးတို့သည်လည်း ကျယ်လောင်သောအသံဖြင့်အော်ဟစ်ကာ ထွက်သွားကြလေ၏။ လေဖြတ်နေသောသူများနှင့် ခြေမသန်စွမ်းသူများစွာတို့သည်လည်း ပြန်လည်ကျန်းမာသွားကြလေ၏။ 8ထို့ကြောင့် ထိုမြို့သူမြို့သားတို့သည်လည်း လွန်စွာဝမ်းမြောက်ကြလေ၏။ 9ထိုမြို့တွင် ရှိမုန်အမည်ရှိသော လူတစ်ဦးရှိ၏။ သူသည် မှော်အတတ်ပညာကိုသုံး၍ ရှမာရိနယ်သားတို့ကို အံ့ဩစေခဲ့ပြီး သူသည် မြင့်မြတ်သူတစ်ဦးဖြစ်သည်ဟု ပြေဆိုလေ့ရှိသဖြင့် 10ထိုမြို့ရှိ လူတန်းစားပေါင်းစုံသော မြို့သူမြို့သား အပေါင်းတို့သည် သူ့အားအလေးအနက် အာရုံစိုက်ကြပြီးလျှင် လူတို့က "သူသည် မဟာတန်ခိုးတော်ဟုခေါ်သည့် ဘုရားရှင်၏ တန်ခိုးတော်ပင်ဖြစ်၏' ဟုပြောဆိုကြ၏။ 11သူ၏မှော်အတတ်ပညာဖြင့် အချိန်အတော်ကြာသည့်တိုင် လူတို့အား အံ့အားသင့်စေခဲ့သောကြောင့် သူတို့သည် ရှိမုန်အား ပို၍အာရုံစိုက်ခဲ့လာကြလေ၏။ 12သို့ရာတွင် ဖိလိပ္ပုသည် ဘုရားရှင်၏ သာသနာတော်နှင့် ကိုယ်တော်ယေရှု၏ နာမတော်အကြောင်း မင်္ဂလာသတင်းကောင်းကို ဟောပြောသောအခါ ယောက်ျားသားများနှင့် မိန်းမများကပါ သူ့အားယုံကြည်ကြပြီး ရေနှစ်မင်္ဂလာ ခံယူကြလေသည်။ 13ရှိမုန်ကိုယ်တိုင်သည်လည်း ယုံကြည်၍ ရေနှစ်မင်္ဂလာခံယူလေ၏။ ထို့နောက် သူသည် ဖိလိပ္ပုသွားလေရာနောက်သို့ လိုက်ပါလျက် ကြီးစွာသော နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို မြင်တွေ့ရ၍ အလွန်ပင်အံ့ဩနေလေ၏။ 14ရှမာရိမြို့သားတို့သည် ဘုရားရှင်၏ နှုတ်ကပတ်တော်အား လက်ခံကြောင်းကို ဂျေရုဆလင်မြို့၌ရှိသော တပည့်တော်တို့ ကြားသိကြသောအခါ သူတို့သည် ပေတရုနှင့် ယောဟန်တို့ကို ထိုသူတို့ထံသို့ စေလွှတ်ခဲ့ကြ၏။ 15သူတို့ရောက်ရှိကြသောအခါ ယုံကြည်သူများအား ဉာဏ်အလင်းတော်ကို လက်ခံရရှိရန်အတွက် ဆုတောင်းပေးခဲ့ကြလေသည်။ 16ထိုကာလအထိတိုင်အောင် ဉာဏ်အလင်းတော်သည် သူတို့အပေါ်သို့ မသက်ရောက်သေးပေ။ သူတို့သည် ကိုယ်တော်ယေရှု၏နာမ၌သာ ရေနှစ်မင်္ဂလာကိုခံယူကြရ၏။ 17ထို့နောက် ပေတရုနှင့် ယောဟန်တို့သည် သူတို့၏အပေါ်သို့ လက်ကိုတင်လိုက်ကြရာ သူတို့သည် ဉာဏ်အလင်းတော်ကို လက်ခံရရှိခဲ့ကြလေသည်။ 18ပေတရုနှင့် ယောဟန်တို့၏ လက်တင်လိုက်ခြင်းဖြင့် လူတို့အပေါ်၌ ဉာဏ်အလင်းတော် သက်ရောက်သည်ကို ရှိမုန်မြင်လျှင် သူတို့ထံသို့ ငွေကိုယူဆောင်လာပြီး 19သူတို့အား "ကျွန်ုပ်၏ လက်တင်ခြင်းခံရသူတိုင်းသည်လည်း ဉာဏ်အလင်းတော်ကို ခံယူရရှိစေရန် တန်ခိုးတော်ကို ကျွန်ုပ်အား ပေးပါလော့" ဟုပြောဆိုလေ၏။ 20ပေတရုက ရှိမုန်အား "သင်သည် ဘုရားရှင်၏ လက်ဆောင်အား ငွေဖြင့်ဝယ်၍ရသည်ဟု ထင်နေသည့်အတွက် သင်၏ငွေသည် သင်နှင့်အတူပင် ပျက်စီးပါစေ။ 21သင်၏စိတ်နှလုံးသည်လည်း ဘုရားရှင်၏ရှေ့တော်တွင် ဖြောင့်မတ်မှန်ကန်ခြင်း မရှိသည့်အတွက် ဤအမှုအရာတွင် သင်သည် ပါဝင်ပတ်သက်ခွင့်မရှိပေ။ 22ထို့ကြောင့် သင်၏မကောင်းမှုအတွက် နောင်တသံဝေဂရပြီး ဘုရားရှင်ထံတွင် ဆုတောင်းလော့။ ဤသို့ဆိုလျှင် သင်၏မကောင်းသော စိတ်နှလုံးအကြံအစည်အတွက် ခွင့်လွှတ်ခြင်း ခံရကောင်းခံရလိမ့်မည်ဖြစ်၏။ 23အဘယ်ကြောင့်ဆိုသော် သင့်ထံတွင် ခါးသီးသည့် မနာလိုမှုများနှင့် အပြစ်တရားများ ပြည့်နှက်နေသည်ကို ငါမြင်၏" ဟု ပြေဆိုလေ၏။ 24ထိုအခါ ရှိမုန်က ပေတရုနှင့် ယောဟန်တို့အား "သင်တို့ပြောသည့် အရာများအား တစ်ခုမျှပင် ကျွန်ုပ်ထံတွင် ဖြစ်ပျက်မလာစေရန် ဘုရားရှင်ထံ၌ ဆုတောင်းပေးကြလော့" ဟုပြောဆိုလေ၏။ 25ထို့နောက် အရှင်ဘုရား၏ နှုတ်ကပတ်တော်အား သက်သေခံ၍ ဟောပြောပြီးနောက် ပေတရုနှင့် ယောဟန်တို့သည် ရှမာရိနယ်သားတို့၏ ကျေးရွာများစွာတို့တွင် မင်္ဂလာသတင်းကောင်းကို ဟောပြောခဲ့ကြပြီး ဂျေရုဆလင်မြို့သို့ ပြန်သွားကြလေ၏။ 26တဖန် ဘုရားရှင်၏ နတ်ဒေဝါတစ်ပါးက ဖိလိပ္ပုအား "အသင့်ပြင်၍ ယေရုရှလင်မြို့မှ ဂါဇမြို့သို့ သွားရာလမ်းအတိုင်း တောင်ဘက်သို့သွားလော့" ဟုမိန့်တော်မူ၏။ ထိုလမ်းသည် တောကန္တာရလမ်းဖြစ်၏။ 27ထို့နောက် သူသည်စတင်၍ ထွက်ခွာလာလေရာ အီသီယိုးပီးယားပြည်၏ ဘုရင်မဖြစ်သူ ကန္ဒက်၏ဘဏ္ဍာတိုက်အား အုပ်ချုပ်ရသော အရေးပါသည့် အရာရှိတစ်ဦးနှင့် တွေ့ဆုံခဲ့လေသည်။ ထိုသူသည် ဝတ်ပြုကိုးကွယ်ခြင်းအမှုအတွက် ဂျေရုဆလင်မြို့သို့ သွားနေသူ တစ်ဦးလည်းဖြစ်လေသည်။ 28သူသည် အပြန်လမ်းခရီးတွင် မြင်းလှည်းပေါ်၌ထိုင်လျက် အရိယာသူတော်စင် ဟေရှာယ၏ကျမ်းကို ဖတ်နေလေ၏။ 29ဉာဏ်အလင်းတော်သည် ဖိလိပ္ပုအား "ထိုမြင်းလှည်းဆီသို့သွား၍ အနီး၌နေလော့" ဟုမိန့်တော်မူသဖြင့် 30ဖိလိပ္ပုသည်လည်း မြင်းလှည်းရှိရာသို့ ပြေးသွားရာ ထိုအရာရှိသည် အရိယာသူတော်စင်ဟေရှာယကျမ်းအား ကျယ်လောင်စွာဖတ်နေသည်ကို ကြားသဖြင့် ဖိလိပ္ပုက "သင်ဖတ်နေတဲ့အရာအား သင်နားလည်ပါသလော" ဟုမေးလေ၏။ 31အရာရှိက "တစ်ယောက်ယောက် ရှင်းပြပေးခြင်းမရှိလျှင် မည်သို့နားလည်နိုင်မည်နည်း" ဟုပြန်ဖြေလေ၏။ ထို့နောက် ဖိလိပ္ပုအား သူနှင့်အတူ ရထားပေါ်တွင် တက်ထိုင်ရန် ဖိတ်ခေါ်လေ၏။ 32ထိုသူဖတ်နေသည့်ကျမ်းပိုဒ်တွင် ပါရှိသည့်အကြောင်းအရာများမှာ "သူသည် သတ်ရန် ခေါ်ဆောင်သွားခြင်း ခံရသည့် သိုးသငယ်ကဲ့သို့လည်းကောင်း၊ အမွေးညှပ်သည့်အခါတွင် အသံမထွက်နိုင်တော့သည့် သိုးနှင့်လည်းကောင်း တူလေ၏။ သူ့ထံ၌ ပြောစရာစကား တစ်ခွန်းပင် မရှိတော့ပေ။ 33သူသည် ဖိနှိပ်ခံရခဲ့ပြီး တရားမျှတမှု ကင်းမဲ့စွာဖြင့် စီရင်ခြင်းခံခဲ့ရလေသည်။။ သူ၏အသက်သည် မြေကြီးပေါ်မှ နှုတ်ယူခြင်းခံရသည့် အကြောင်းကို သူ၏မျိုးဆက်တို့အား မည်သူက ပြောပြနိုင်မည်နည်း" ဟူ၍ဖြစ်၏။ 34အရာရှိက ဖိလိပ္ပုအား "အရိယာသူတော်စင်က သူ့အကြောင်းကို ပြောထားခြင်းလော၊ သို့မဟုတ် တခြားတစ်ယောက်၏အကြောင်းအား ပြောထားခြင်းလော" ဟု မေးလေ၏။ 35ဖိလိပ္ပုကလည်း ကျမ်းစာ၏ ဤစာပိုဒ်မှအစပြု၍ ကိုယ်တော်ယေရှုအကြောင်း မင်္ဂလာသတင်းကောင်းတို့ကို သူ့အားစတင်၍ ပြောကြားလေ၏။ 36သူတို့သည် လမ်းအတိုင်း ခရီးဆက်လာကြပြီး ရေရှိရာအရပ်သို့ ရောက်ရှိလာကြသောအခါ အရာရှိက "ဤအရပ်တွင် ရေရှိလေ၏။ ငါရေနှစ်မင်္ဂလာခံယူရန်အတွက် တားဆီးမည့်အရာ ရှိပါသေးသလော" ဟုမေးလေသဖြင့် 37ဖိလိပ္ပုက ‘သင်၏စိတ်နှလုံးနှင့် အကြွင်းမဲ့ယုံကြည်လျှင် ရေနှစ်မင်္ဂလာကို ခံယူနိုင်ပါ၏" ဟုပြောဆိုခဲ့ရာ အရာရှိက ‘ယေရှုခရစ်တော်သည် ဘုရားရှင်၏သားတော်ဖြစ်တယ်ဆိုသည်ကို ကျွန်ုပ်ယုံကြည်ပါ၏" ဟု ပြန်လည်ဖြေကြားလေ၏။ 38ထို့နောက် အရာရှိသည် မြင်းလှည်းအား ရပ်တန့်ရန် အမိန့်ပေးလိုက်ပြီး ဖိလိပ္ပုသည် အရာရှိနှင့်အတူ ရေထဲသို့ဆင်းကာ သူ့အား ရေနှစ်မင်္ဂလာပေးခဲ့လေသည်။ 39သူတို့ ရေထဲမှ တက်လာကြသောအခါ ဘုရားရှင်၏ဉာဏ်အလင်းတော်သည် ဖိလိပ္ပုအား ရုတ်တရက် ခေါ်ဆောင်သွားသဖြင့် အရာရှိသည် ဖိလိပ္ပုကို ထပ်မံ၍ တွေ့မြင်ခဲ့ရခြင်းမရှိတော့ပေ။ သို့သော်လည်း သူသည် ရွှင်လန်းဝမ်းမြောက်စွာဖြင့် ခရီးဆက်ခဲ့လေ၏။ 40ဖိလိပ္ပုသည် အာဇုတ်မြို့တွင် ပြန်ပေါ်လာခဲ့ပြီး ဆီဇာရီးယားမြို့သို့ ရောက်သည့်တိုင်အောင် မြို့ရွာအရပ်ရပ်သို့ လှည့်လည်သွားလာကာ မင်္ဂလာသတင်းကောင်းများကို ဖြန့်ဝေခဲ့လေ၏။
Currently Selected:
Acts 8: TPV-RV
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.