Acts 13
13
1အန္တိအုတ်မြို့၌ရှိသောအသင်းတော်တွင် ဗာနဗမှစ၍ နိဂါဟုခေါ်သောရှိမောင်၊ ကုရေနေမြို့သားလုကိ၊ ဟေရုဒ်၏မွေးစားအကိုဖြစ်သူ မာနင်နှင့် ရှောလု စသည့်အရိယာသူတော်စင်များနှင့် ဆရာများရှိကြ၏။ 2သူတို့သည် ဘုရားရှင်အား ဝတ်ပြုကိုးကွယ်လျက် အစာရှောင်နေကြစဉ် ဉာဏ်အလင်းတော်သည် "ငါခေါ်၍စေခိုင်းသည့် အမှုကိစ္စတို့ကိုဆောင်ရွက်ရန်အတွက် ဗာနဗနှင့် ရှောလုတို့ကို ငါ့အတွက်သီးသန့် ခန့်ထားလော့" ဟု မိန့်လေ၏။ 3သူတို့သည်လည်း အစာရှောင်ဆုတောင်းကြပြီးနောက် ထိုသူနှစ်ဦးအပေါ် လက်တင်၍ဆုတောင်းပေးပြီးနောက် သူတို့ကိုစေလွှတ်လိုက်ကြ၏။ 4ဗာနဗနှင့် ရှောလုတို့သည် ဉာဏ်အလင်းတော်၏စေလွှတ်ခြင်းကိုခံရပြီး သေလုကိမြို့သို့သွားကာ ထိုမှတဆင့် ဆိုက်ပရပ်ကျွန်းသို့ ရွက်လွင့်ခဲ့ကြလေ၏။ 5ရှာလမိမြို့သို့ ရောက်ကြသောအခါ ဂျူးလူမျိုးတို့၏ဓမ္မာရုံတို့၌ ဘုရားရှင်၏ နှုတ်ကပတ်တော်တရားကို ဟောပြောကြ၏။ ယောဟန်သည်လည်း သူတို့၏လက်ထောက်အဖြစ် အတူရှိနေလေ၏။ 6သူတို့သည် ကျွန်းတစ်ကျွန်းလုံးကိုဖြတ်၍ ပါဖုမြို့သို့ရောက်သောအခါ အရိယာသူတော်စင်အတုအယောင်ဖြစ်သည့် ဗာယေရှုအမည်ရှိ ဂျူးလူမျိုးမှော်ဆရာတစ်ဦးကို တွေ့ကြလေ၏။ 7ထိုမှော်ဆရာသည် ဉာဏ်ထက်မြက်သူတစ်ဦးဖြစ်သော ကျွန်းပိုင်အရာရှိ သေရဂိပေါလု၏မိတ်ဆွေဖြစ်၏။ ထိုအရာရှိသည် ဘုရားရှင်၏နှုတ်ကပတ်တော်တရားကို ကြားနာလို၍ ဗာနဗနှင့်ရှောလုတို့ကို ဖိတ်ခေါ်လေ၏။ 8သို့သော် မှော်ဆရာဟုအဓိပ္ပာယ်ရသည့် ဧလုမအမည်ရှိသော ထိုသူသည် ဆန့်ကျင်၍ အရာရှိအား ယုံကြည်ခြင်းမှလွှဲဖယ်စေရန် ကြိုးစားလေ၏။ 9ထိုအခါ ပေါလုဟုလည်း ခေါ်ကြသော ရှောလုသည် ဉာဏ်အလင်းတော်နှင့် ပြည့်ဝလျက် မှော်ဆရာအား စေ့စေ့ကြည့်ကာ 10"အို၊ မာရ်နတ်၏သား၊ လူလိမ်၊ လူညာ၊ ကောက်ကျစ်သူတစ်ယောက်ဖြစ်ပြီး အမှန်တရားဟူသမျှအား ဆန့်ကျင်သည့်သူ၊ သင်သည် ဘုရားရှင်၏ ဖြောင့်မတ်သည့်လမ်းစဉ်အား ဆန့်ကျင်၍ပြောဆိုနေခြင်းအား မည်သည့်အခါတွင် ရပ်မည်နည်း။ 11ဘုရားရှင်၏လက်တော်သည် သင့်အပေါ်သို့ ကျရောက်ပြီး သင်သည် မျက်မမြင်ဖြစ်ကာ အချိန်အတော်ကြာသည့်တိုင် နေကိုမြင်ရတော့မည်မဟုတ်ပေ" ဟုပြောဆိုသည်နှင့် ချက်ချင်းပင် ဧလုမသည် မှောင်မိုက်သော မြူမှုန်ထုများက သူ၏မျက်လုံးအား ဖုံးလွှမ်းသွားသည်ကို ခံစားလိုက်ရပြီး သူ၏လက်အား တွဲ၍လမ်းပြမည့်သူကို ကြိုးစားရှာဖွေရန် လှည့်ပတ်သွားလာနေလေ၏။ 12အရာရှိသည် ဖြစ်ပျက်သမျှတို့ကိုမြင်သောအခါ ဘုရားရှင်၏အကြောင်း သွန်သင်ချက်များကို အလွန်အံ့ဩ၍ ယုံကြည်လေ၏။ 13ထို့နောက် ပေါလုနှင့် သူ၏မိတ်ဆွေအပေါင်းတို့သည် ပါဖုမြို့မှ ရွက်လွှင့်၍ ပံဖုလိပြည် ပေရဂေမြို့သို့ ရောက်ကြလေ၏။ သို့သော် ယောဟန်သည် သူတို့ထံမှထွက်ခွာပြီး ဂျေရုဆလင်မြို့သို့ ပြန်သွားလေ၏။ 14သူတို့သည် ပေရဂေမြို့အားဖြတ်သွား၍ ပိသိဒိပြည်၊ အန္တိအုတ်မြို့သို့ရောက်ကြပြီးလျှင် ဥပုသ်နေ့၌ ဓမ္မာရုံသို့သွား၍ ထိုင်ကြ၏။ 15မောရှေ၏ပညတ်ကျမ်းနှင့် အရိယာသူတော်စင်များ၏ ရေးသားချက်များကို ဖတ်ရှုပြီးနောက် ဓမ္မာရုံတာဝန်ခံက "ညီအစ်ကိုတို့၊ သင်တို့ထံတွင် ဤလူတို့အား အားပေးလိုသည့် သတင်းစကားတစ်ခုခုရှိလျှင် ပြောပါလော့" ဟုဆိုလေ၏။ 16ပေါလုသည် ထ၍ လက်ကိုဝေ့ရမ်းလျက် "ဘုရားရှင်ကို ကိုးကွယ်ယုံကြည်ကြတဲ့ တိုင်းတပါးသားအပေါင်းနှင့် အစ္စရေးလူမျိုးအပေါင်းတို့၊ နားထောင်ကြလော့။ 17အစ္စရေးလူမျိုးများ၏ ဘုရားရှင်သည် ငါတို့၏ဘိုးဘေးများကို ရွေးချယ်ပြီး အီဂျစ်ပြည်၌ တိုင်းတပါးသားအဖြစ် နေထိုင်စေခဲ့သည့် အချိန်ကတည်းက ဤလူမျိုးတော်ကို ချီးမြှောက်တော်မူခဲ့၏။ ဘုရားရှင်သည် သူ၏မြင့်မြတ်သည့် တန်ခိုးတော်နှင့် သူတို့အား အီဂျစ်ပြည်မှ ကယ်ထုတ်တော်မူပြီး 18နှစ်ပေါင်းလေးဆယ်ကာလပတ်လုံး တောကန္တာရထဲတွင် သူတို့အား စောင့်ရှောက်တော်မူခဲ့၏။ 19ထို့နောက် ခါနာန်ပြည်ရှိ လူမျိုးခုနှစ်မျိုးတို့ကို ဖျက်ဆီးပြီး သူတို့၏နယ်မြေများအား လူမျိုးတော်များအား အမွေအဖြစ်ခွဲဝေပေးတော်မူ၏။ 20ဤအရာများသည် နှစ်ပေါင်းလေးရာ့ငါးဆယ်တိုင်အောင် ကြာမြင့်ခဲ့၏။ ထို့နောက် ဘုရားရှင်သည် အရိယာသူတော်စင် ရှမွေလ၏ခေတ်ရောက်သည့်တိုင်အောင် လူမျိုးတော်တို့အား တရားသူကြီးများကို ပေးတော်မူခဲ့၏။ 21နောက်တဖန် လူတို့သည် ရှင်ဘုရင်တစ်ပါးအား တောင်းလျှောက်ခဲ့ကြသည့်အတွက် ဘုရားရှင်သည် ဗင်္ယာမိန်အနွယ်ဝင်ဖြစ်သည့် ကိရှ၏သားရှောလုအား အနှစ်လေးဆယ်တိုင်တိုင် ရှင်ဘုရင်အဖြစ် ထားရှိတော်မူခဲ့၏။ 22ရှောလုအား ဖယ်ရှားပြီးနောက် ဒါဝိဒ်ကို လူတို့၏ဘုရင်အဖြစ် ချီးမြှောက်တော်မူပြီး ဘုရားရှင်က သူနှင့်ပတ်သက်ပြီး ‘ငါကြိုက်နှစ်သက်သောသူဖြစ်သည့် ယေရှဲ၏သားဒါဝိဒ်ကို ငါတွေ့ပြီဖြစ်၏။ သူသည် ငါအလိုရှိသမျှတို့ကို ဆောင်ရွက်လိမ့်မည်’ ဟုမိန့်တော်မူခဲ့၏။ 23ကတိတော်ရှိသည့်အတိုင်း ဘုရားရှင်သည် အစ္စရေးလူမျိုးများအတွက် ကယ်တင်ရှင်ယေရှုအား ဒါဝိဒ်၏အမျိုးအနွယ်ထံမှ ပေါ်ထွန်းစေတော်မူခဲ့၏။ 24ကိုယ်တော်ယေရှု သာသနာ့အမှုတော်ကို စတင်မဆောင်ရွက်မီက ယောဟန်သည် အစ္စရေးလူမျိုးအပေါင်းတို့အား မိမိတို့၏အပြစ်များမှ လွှဲရှောင်ပြီး ရေနှစ်မင်္ဂလာခံယူကြရန် ဟောပြောခဲ့၏။ 25ယောဟန်သည် သူ၏တာဝန်ပြီးဆုံးခါနီးတွင ‘သင်တို့သည် ငါ့အား မည်သူဖြစ်သည်ဟု ထင်မှတ်နေကြသနည်း။ ငါသည် ထိုအရှင်မဟုတ်ပေ။ သူသည် ငါ၏နောက်မှ ကြွလာတော်မူမည်ဖြစ်ပြီး ထိုအရှင်၏ဖိနပ်ကြိုးကို ဖြေပေးဖို့ပင် ငါသည်မထိုက်တန်ပေ' ဟုမိန့်ဆိုခဲ့၏။ 26အာဗြဟံ၏အမျိုးအနွယ်များနှင့် ဘုရားရှင်အားကိုးကွယ်ကြသည့် ညီအစ်ကိုအပေါင်းတို့၊ ဤကယ်တင်ခြင်းသတင်းစကားကို ငါတို့ထံသို့ ပေးပို့ခြင်းခံရပြီဖြစ်။ 27ဂျေရုဆလင်မြို့သားများနှင့် သူတို့၏ခေါင်းဆောင်များသည် ကိုယ်တော်ယေရှုအား ကယ်တင်ရှင်အဖြစ် သဘောမပေါက်ကြပေ။ ဥပုသ်နေ့တိုင်းတွင် ဖတ်ကြားကြသည့် အရိယာသူတော်စင်များ၏ ကျမ်းများကိုလည်း သဘောမပေါက်ခဲ့ကြသည့်အတွက် ကိုယ်တော်ယေရှုအား ပြစ်ပယ်ခဲ့ကြကာ ကျမ်းတွေထဲမှ စကားတို့အား ပြည့်စုံစေခဲ့ကြ၏။ 28သူတို့သည် ကိုယ်တော့်ထံတွင် သေဒဏ်ချနိုင်လောက်သည့် ပြစ်မှုတစ်စုံတစ်ရာကိုမျှ မတွေ့ခဲ့သော်လည် ကိုယ်တော့်အား ပိလတ်ဘုရင်ခံ၏လက်ထဲသို့အပ်ပြီး သေဒဏ်ပေးရန် တောင်းဆိုခဲ့ကြ၏။ 29ထိုသို့ဖြင့် ကိုယ်တော်အား ရည်ညွှန်းပြီး ရေးသားထားသည့် အရာအားလုံးတို့အား လုပ်ဆောင်ကြပြီးသည့်အခါ အလောင်းတော်ကို လက်ဝါးကပ်တိုင်ပေါ်မှချပြီး သင်္ချိုင်းဂူထဲတွင် သွင်းထားလိုက်ကြ၏။ 30သို့သော် ဘုရားရှင်သည် ကိုယ်တော့်အား အသက်ပြန်ရှင်စေတော်မူခဲ့၏။ 31အသက်ပြန်ရှင်တော်မူလာသည့် ကိုယ်တော်ယေရှုသည် သူနှင့်အတူတူ ဂျေရုဆလင်မှ ဂါလိလဲအထိ လိုက်လာခဲ့ကြသည့်သူများအား ရက်ပေါင်းများစွာအတွင်း ကိုယ်ထင်ရှား ပြသတော်မူခဲ့၏။ 32ငါတို့သည်လည်း ဘိုးဘေးများအား ပေးတော်မူထားသည့် ကတိတော်နှင့် သက်ဆိုင်သည့် မင်္ဂလာသတင်းကောင်းအား သင်တို့ကို ဟောပြောကြ၏။ 33ငါတို့သည် ဘိုးဘေးတို့၏ မျိုးဆက်များဖြစ်ကြသည့်အတွက် ထိုကတိတော်အတိုင်းပင် ဘုရားရှင်သည် ငါတို့အား စောင့်ရှောက်တော်မူ၏။ ဤအရာသည် ဒုတိယမြောက်ဆာလံကျမ်းတွင် 'သင်သည် ငါ၏သားဖြစ်၏။ ယနေ့ပင် သင်အား ငါသည်ဖွားမြင်စေပြီ' ဟုရေးသားထားသည့်အတိုင်းပင်ဖြစ်၏။ 34ဘုရားရှင်သည် ကိုယ်တော်ယေရှုအား အသက်ပြန်ရှင်စေတော်မူခဲ့ပြီး နောက်ထပ်တစ်ဖန်ပုပ်ပျက်သွားစေရန် ခွင့်မပြုသည့် အကြောင်းကိုလည်း ဘုရားရှင်က 'ငါသည် ဒါဝိဒ်အား ပေးထားသည့် သန့်ရှင်း၍ ယုံကြည်ထိုက်သော ကောင်းချီးမင်္ဂလာကို သင်တို့ကို ငါပေးမည်' ဟုမိန့်တော်မူခဲ့၏။ 35ဆာလံကျမ်းနောက်တစ်ခုတွင် 'ဘုရားရှင်သည် သူ၏မြင့်မြတ်သောပုဂ္ဂိုလ်ကို သင်္ချိုင်း၌ ပုပ်ပျက်ခွင့်ပေးတော်မူမည်မဟုတ်' ဟုမိန့်ဆိုထား၏။ 36ဒါဝိဒ်သည် သူ၏လက်ထက်တွင် ဘုရားရှင်အား လိုက်နာ၍ သေဆုံးသည့်အခါ ဘိုးဘေးများနှင့်အတူ သင်္ချိုင်းတွင် သင်္ဂြိုဟ်ခံရပြီး သူ၏ခန္ဓာကိုယ်သည် ပုပ်သိုးပျက်စီးသွားခဲ့၏။ 37သို့သော် ဘုရားရှင်က အသက်ပြန်ရှင်စေတော်မူသည့်သူကတော့ ပုပ်သိုးပျက်စီးခြင်းကို မကြုံရပေ။ 38ထို့ကြောင့် ညီအစ်ကိုတို့၊ သင်တို့ကို ဟောပြောခဲ့သည့် ကိုယ်တော်ယေရှု၏ ခွင့်လွှတ်ခြင်းတရားအကြောင်းသည် မောရှေပညတ်တရားက သင်တို့၏ အပြစ်ဒုစရိုက်များကို မဖြေလွှတ်ပေးနိုင်သော်လည်း 39ကိုယ်တော်ယေရှုအား ယုံကြည်သောသူတိုင်းသည် အပြစ်ဒုစရိုက်အပေါင်းတို့မှ ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သည် ဆိုသည်ကို သင်တို့သိမှတ်ကြလော့။ 40ထို့ကြောင့် အရိယာသူတော်စင်များ ဟောပြောခဲ့သည့်အတိုင်း သင်တို့၌ ဖြစ်မလာကြစေရန် လိုအပ်ပေ၏။ အရိယာသူတော်စင်များ ဟောပြောခဲ့သည်မှာ 41ငါယနေ့ပြုမည့်အရာအား တစ်စုံတစ်ဦးက သင်တို့အား ရှင်းပြလျင်ပင် သင်တို့ယုံကြည်ကြလိမ့်မယ်မဟုတ်။ မထီမဲ့မြင်ပြုတတ်သောသူတို့၊ အံ့ဩမှင်သက်လျက် သေဆုံးခြင်းသို့ရောက်ကြလော့' ဟူ၍ပြောထားခဲ့၏" ဟုဟောပြောလေ၏။ 42ထို့နောက် ပေါလုနှင့် ဗာနဗတို့သည် ဓမ္မာရုံမှထွက်ခွာလာစဉ် လူတို့က နောက်လာမည့် ဥပုသ်နေ့တွင်လည်း ဤအကြောင်းအရာများကို ဆက်လက်၍ဟောပြောရန် တောင်းပန်ကြ၏။ 43ဓမ္မာရုံမှ ဘုရားဝတ်ပြုပြီး ထွက်လာကြသောအခါ များစွာသောဂျူးလူမျိုးများနှင့် ဘုရားရှင်ကို ယုံကြည်ကိုးကွယ်ကြသည့် တိုင်းတပါးသားများသည် ပေါလုနှင့် ဗာနဗတို့၏နောက်သို့ လိုက်ကြလေ၏။ သူတို့ကလည်း ထိုလူတို့အား ဘုရားရှင်အပေါ် အစဉ်အမြဲသစ္စာရှိရန် အားပေးတိုက်တွန်းကြ၏။ 44နောက်ထပ်ဥပုသ်နေ့တွင်လည်း ဘုရားရှင်၏နှုတ်ကပါတ်တရားတော်ကို ကြားနာရန် တစ်မြို့လုံးနီးပါးရှိ လူတို့သည် စုဝေးလာကြ၏။ 45သို့သော် ဂျူးလူမျိုးများသည် လူအုပ်စုများကိုမြင်ကြသောအခါ မရှုစိမ့်မနာလိုဖြစ်သွားပြီး ပေါလုပြောသမျှကို ဆန့်ကျင်၍စော်ကားပြောဆိုကြ၏။ 46ထိုအခါ ပေါလုနှင့်ဗာနဗတို့သည် ရဲဝင့်စွာဖြင့် "ဘုရားရှင်၏ နှုတ်ကပတ်တော်တရားများအား သင်တို့ကို အရင်ဦးဆုံး ပြောပြရန် လိုအပ်ပေသည်။ သို့သော် ယခုသင်တို့သည် သင်တို့ကိုယ်သင်တို့ နိစ္စထာဝရအသက်နှင့် မထိုက်တန်ဟု ယူဆကြပြီး ထိုအရာကိုငြင်းပယ်ကြသည့်အတွက်ကြောင့် ငါတို့သည် သင်တို့အားထားခဲ့ပြီး တိုင်းတပါးသားများထံသို့သာ သွားရောက်ပြောတော့မည်။ 47အဘယ်ကြောင့်ဆိုသော် ကိုယ်တော်က ငါတို့အား 'ကမ္ဘာလောကတစ်ခုလုံး ကယ်တင်ခြင်းရစေရန် ငါသည် သင်တို့ကို တိုင်းတပါးသားများ၏ အလင်းရောင်အဖြစ် ခန့်ထားပြီဖြစ်၏' ဟု ပညတ်ထားကာ မိန့်မှာခဲ့သည့်အတွက်ကြောင့်ဖြစ်၏" ဟုပြောဆိုကြလေ၏။ 48တိုင်းတပါးသားများသည် ဤစကားကို ကြားသောအခါ ဝမ်းမြောက်ကြလျက် ကိုယ်တော်၏နှုတ်ကပတ်တော်တရားကို ချီးမွမ်းကြ၏။ နိစ္စထာဝရအသက်ကို ရရှိရန်အတွက် ရွေးချယ်ခြင်းခံထားရသူတို့မှာလည်း ယုံကြည်သူများ ဖြစ်လာကြလေ၏။ 49ဤသို့ဖြင့် ကိုယ်တော်၏နှုတ်ကပတ်တရားတော်သည် ထိုနေရာဒေသတစ်ခွင်လုံးသို့ ပျံ့နှံ့သွားလေတော့၏။ 50သို့ရာတွင် ဂျူးလူမျိုးခေါင်းဆောင်များသည် မြို့ပေါ်ရှိ အရာရှိပုဂ္ဂိုလ်အချို့နှင့် လူအများက လေးစားခြင်းကိုခံရသော ဘုရားရှင်အား ကိုးကွယ်သည့် တိုင်းတစ်ပါးသူ အမျိုးသမီးများထံ ချဉ်းကပ်၍ ပေါလုနှင့်ဗာနဗတို့ကို ဆန့်ကျင်ရန် သွေးထိုးလှုံ့ဆော်ကြသဖြင့် ထိုသူတို့က ပေါလုနှင့် ဗာနဗတို့ကို ထိုအရပ်ဒေသမှ နှင်ထုတ်လိုက်ကြလေ၏။ 51ထိုအခါ ပေါလုနှင့်ဗာနဗတို့သည် ထိုသူတို့ကို ဆန့်ကျင်သည့်အနေဖြင့် သူတို့၏ခြေမှ ဖုန်မှုန့်များကို ခါချခဲ့ကြပြီးလျှင် ဣကောနိမြို့သို့ထွက်သွားကြ၏။ 52သို့သော် အန္တိအုတ်မြို့ရှိ ယုံကြည်သူများမှာမူ ဝမ်းမြောက်ပျော်ရွှင်ခြင်းနှင့်လည်းကောင်း၊ ဉာဏ်အလင်းတော်နှင့်လည်းကောင်း ပြည့်ဝလျက်ရှိကြ၏။
Currently Selected:
Acts 13: TPV-RV
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
This translation of the TPV-RV is © 2024 by DMS-Dhamma Mate Swe Association. It may not be reproduced in whole or in part in any form or by any means without the prior written permission of DMS-Dhamma Mate Swe Association.