YouVersion Logo
Search Icon

ဇေဖနိအနာဂတ္တိကျမ်း 2

2
နောင်တရရန် ခေါ်တော်မူခြင်း
1အရှက်မရှိ​သော အို လူမျိုး​တို့​၊ စုဝေး​ကြ​လော့​။ စုဝေး​ကြ​လော့​။ 2အမိန့်​တော်​ရောက်လာ​၍ ဖွဲ​ကဲ့သို့ လွင့်သွား​ရ​သော​နေ့ မ​တိုင်​မီ​၊ ထာဝရဘုရား​၏​ပြင်းထန်​သော​အမျက်​တော် သင်​တို့​အပေါ် မ​ကျရောက်​မီ​၊ ထာဝရဘုရား​၏​အမျက်​တော်​နေ့ သင်​တို့​ထံ ရောက်​မ​လာ​မီ 3စိတ်နှလုံး​နှိမ့်ချ​၍ စီရင်ထုံးဖွဲ့ချက်​တို့​ကို လိုက်နာ​သော​ပြည်သူပြည်သား​အပေါင်း​တို့​၊ ထာဝရဘုရား​ကို​ရှာ​ကြ​လော့​။ ထာဝရဘုရား အမျက်​တော်​ကျရောက်​သော​နေ့​တွင် အကွယ်အကာ​ရ​ကောင်း​ရ​နိုင်​သည်​ဖြစ်၍ ဖြောင့်မတ်​ခြင်း​ကို​ရှာ​ကြ​လော့​။ စိတ်နှိမ့်ချ​ခြင်း​ကို​လည်း ရှာ​ကြ​လော့​။
လူမျိုးခြားတို့ကိုစီရင်ခြင်း
4စင်စစ် ဂါဇ​မြို့​သည် စွန့်ပစ်​ခံရ​လိမ့်မည်​။ အာရှကေလုန်​မြို့​လည်း လူသူကင်းမဲ့​လိမ့်မည်​။ မွန်းတည့်ချိန်​တွင် အာဇုတ်​မြို့သား​တို့ နှင်ထုတ်​ခံရ​လိမ့်မည်​။ ဧကြုန်​မြို့​လည်း မြေလှန်​ဖျက်ဆီး ခံရ​လိမ့်မည်​။ 5ပင်လယ်​ကမ်းရိုးတန်း​၌​နေထိုင်​သော​ခေရသိ​လူမျိုး​တို့​၊ သင်​တို့​၌​အမင်္ဂလာ​ရှိ​၏​။ အို ခါနာန်​ပြည်​ရှိ​ဖိလိတ္တိ​လူမျိုး​တို့​၊ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် သင်​တို့​ကို ဆန့်ကျင်​လျက် “စင်စစ် သင်​တို့​ကို တစ်ယောက်မကျန် ငါ​ဖျက်ဆီး​မည်”​ဟု မိန့်ဆို​ပြီ​။ 6ပင်လယ်​ကမ်းရိုးတန်း​တွင် သိုးထိန်း​တို့​ကျက်စား​ရာ​မြက်ခင်းပြင်​များ​၊ သိုးခြံ​များ နေရာယူ​လိမ့်မည်​။
7ထို​နေရာ​သည် ကြွင်းကျန်​သော​ယုဒ​အမျိုးအနွယ်​တို့​အတွက် ဖြစ်​လိမ့်မည်​။ သူ​တို့​သည် ထို​နေရာ​တွင် ကျက်စား​၍ နေဝင်ချိန်​၌ အာရှကေလုန်​မြို့​ရှိ​အိမ်​တို့​တွင် လဲလျောင်း​ကြ​လိမ့်မည်​။ စင်စစ် သူ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ​တို့​ကို အကြည့်အရှု​ကြွလာ​၍ ဖမ်းခေါ်​သွား​ခြင်း​ခံ​ရာ​မှ ပြန်လာ​စေ​တော်မူ​မည်​။
8“မောဘ​ပြည်သား​တို့​၏​ကဲ့ရဲ့သံ​၊ အမ္မုန်​အမျိုးသား​တို့​၏​စော်ကားသံ​ကို​ငါ​ကြား​ပြီ​။ သူ​တို့​သည် ငါ့​လူမျိုး​တော်​ကို​ကဲ့ရဲ့​ကြ​၏​။ ငါ့​လူမျိုး​တော်​၏​ပြည်​ကို​လည်း ဆန့်ကျင်​ပုန်ကန်​ကြ​၏​။ 9ထို့ကြောင့် ငါ​အသက်ရှင်​သည်​နှင့်အညီ စင်စစ် မောဘ​ပြည်​သည် သောဒုံ​မြို့​ကဲ့သို့ ဖြစ်​လိမ့်မည်​။ အမ္မုန်​အမျိုးသား​တို့​သည် ဂေါမောရ​မြို့​ကဲ့သို့ ဆူးတော​၊ ဆား​တွင်း​၊ လူသူကင်းမဲ့​ရာ အစဉ်​ဖြစ်​လိမ့်မည်​။ ကြွင်းကျန်​သော ငါ့​လူမျိုး​တော်​တို့​သည် သူ​တို့​ကို တိုက်ခိုက်​ကြ​လိမ့်မည်​။ အသက်ရှင်​ကျန်ရစ်​သော ငါ့​လူမျိုး​တော်​တို့​သည်​လည်း ထို​ပြည်​တို့​ကို ပိုင်ဆိုင်​ရ​ကြ​လိမ့်မည်”​ဟု အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။ 10ဤသည်ကား​၊ သူ​တို့​သည် မာနထောင်လွှား​၍ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​လူမျိုး​တော်​ကို လှောင်ပြောင်​ကဲ့ရဲ့​သော​အပြစ်ဒဏ်​တည်း​။ 11ထာဝရဘုရား​သည် မြေကြီး​ပေါ်ရှိ​ဘုရား​အားလုံး​ကို ငတ်မွတ်ပိန်ချုံး​စေ​သောအခါ သူ​တို့​သည် ထာဝရဘုရား​ကို ကြောက်ရွံ့​ကြ​လိမ့်မည်​။ ထိုအခါ ကမ်းရိုးတန်းဒေသ​ရှိ​လူမျိုး​အပေါင်း​တို့​သည် ကိုယ့်​နေရာ​အသီးသီး​တွင် ကိုယ်တော်​ကို​ရှိခိုးကိုးကွယ်​ကြ​လိမ့်မည်​။
12“အို အီသီယိုးပီးယား​လူမျိုး​တို့​၊ သင်​တို့​သည်​လည်း ငါ့​ဓား​ဖြင့် ကွပ်မျက်​ခံရ​လိမ့်မည်​။” 13ကိုယ်တော်​သည် မြောက်ဘက်​အရပ်​သို့ လက်​ကို​ဆန့်​၍ အဆီးရီးယား​ပြည်​ကို ဖျက်ဆီး​မည်​။ နိနေဝေ​မြို့​ကို​လည်း လူသူကင်းမဲ့​ရာ​၊ ခြောက်သွေ့​သော​ကန္တာရ​ကဲ့သို့ ဖြစ်​စေ​မည်​။ 14ထို​နေရာ​သည် လူမျိုးတကာ​တို့​၏​သိုးအုပ်​များ​၊ တိရစ္ဆာန်​များ လဲလျောင်း​ရာ ဖြစ်​လိမ့်မည်​။ ငှက်ကြီးဝန်ပို​၊ ငဟစ်ငှက်​တို့​လည်း အပြိုအပျက်​များ​ကြားတွင် ခိုအောင်း​၍ ပြတင်းပေါက်​များ​တွင် အော်မြည်​ကြ​လိမ့်မည်​။ စင်စစ် သစ်ကတိုးသား​များ​ကို ဖျက်ဆီး​မည်​ဖြစ်၍ တံခါးဝ​တွင် အပျက်အစီး​တို့ ပုံ​နေ​လိမ့်မည်​။ 15ထို​မြို့​သည် အပျော်အပါး​များ​နှင့်​စည်ကား​သော​မြို့ ဖြစ်​၏​။ မြို့သား​တို့​သည် စိတ်အေးလက်အေး​နေ​တတ်​သော​သူ​များ​၊ မိမိကိုယ်ကို “​ငါ​မှတစ်ပါး အခြားသူ​မ​ရှိ​”​ဟု ထင်​တတ်​သော​သူ​များ ဖြစ်​၏​။ ယခုမှာ လူသူကင်းမဲ့​၍ တောရိုင်းတိရစ္ဆာန်​တို့ လဲလျောင်း​နားနေရာ​၊ ဖြတ်သန်းသွားလာ​သော​သူ​အပေါင်း​တို့ လက်ဖျားခါ​၍​ကဲ့ရဲ့​ရာ ဖြစ်​လေ​ပြီ​။

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ဇေဖနိအနာဂတ္တိကျမ်း 2